by Crown on Thursday, November 15, 2012 at 8:45pm ·
ကျွန်မဟာ ၀တ္ထုတိုသမားကနေ လုံးချင်းဝတ္ထုရှည်ပါ ရေးသူဖြစ်လာခဲ့ပါတယ်။ ဒီတော့
ဘာဖြစ်လာလဲ ဆိုတော့ စာဖတ်သူတွေနဲ့ ဝေဖန်သူတွေက ကျွန်မကို အမျိုးသမီးဝါဒီ
(Feminist) လို့ သတ်မှတ်ကြပါတယ်။ အမျိုးသမီး ၀ါဒီဆိုတာ အဆင့်အမျိုးမျိုးနဲ့
အမျိုးအစားတွေ ကွဲပြားနေတော့ ကျွန်မက ဘယ်အဆင့်လည်း
ဘယ်လိုအမျိုးသမီးဝါဒီလည်း ဒါကိုတော့ ရှင်းဖို့လိုမှာပေါ့နော်။
ဒါပေမဲ့ ဒါက ကိစ္စမရှိပါဘူး။ ကျွန်မ ဘယ်လိုမှ မဖြေရှင်းတော့ပါဘူး။
ဝန်ခံရမှာ တစ်ခုကတော့ ကျွန်မက အမျိုးသမီး၊ အမျိုးသားဆိုတဲ့
ကွာခြားမှု Gender ကိစ္စနဲ့ ပတ်သက်ရင် နည်းနည်းအမြင်ဆူးရှတယ်လို့
ဆိုနိုင်မလား မသိဘူး။ အမျိုးသမီး၊ အမျိုးသားနဲ့ ပတ်သက်တဲ့ Gender ထုံးစံ
သတ်မှတ်ချက်တွေ (Gender Stereotyping) ကို အမြဲပဲ စောင့်ကြည့်
သတိထားမိနေဖြစ် တယ်။ ရုပ်မြင်သံကြားကိုပဲ ကြည့်ကြည့် မဂ္ဂဇင်းကိုပဲဖတ်ဖတ်
ဆုရွေးချယ်ရေးအဖွဲ့တစ်ခုကိုပဲ ကြည့်ကြည့် ၀န်ကြီးဌာန ၀န်ထမ်းစာရင်းကိုပဲ
ကြည့်ကြည့် Gender ထုံးစံ သတ်မှတ်ချက်တွေကို ဖျတ်ခနဲ ချက်ချင်းမြင်တတ်တယ်။
တစ်ခါတလေ စိတ်ကသိကအောက် ဖြစ်ရတယ်။
ဥပမာဆိုပါတော့
ဖက်ရှင်မဂ္ဂဇင်းတွေမှာ အမျိုးသမီးတွေကို ပုံဖော်တဲ့ ဓာတ်ပုံပြကွက်မျိုးနဲ့၊
အမျိုးသားကို ပုံဖော်တဲ့ဓာတ်ပုံပြကွက်မျိုး။ အမျိုးသမီးဆိုရင်
အပြင်ပန်းမျက်နှာအလှ၊ ကိုယ်လုံးအလှ မြူဆွယ်တဲ့ အမူအယာမျိုးကိုပဲ ပြတာတွေက
များတယ်။ ဆုံးဖြတ်ချက်ချသူ နေရာမျိုး၊ အလုပ်ကြိုးစားတဲ့ ယှဉ်ပြိုင်တဲ့
နေရာမျိုးမှာ သိပ်မတွေ့ရဘူး။ အချစ်ခံ၊ အကြည့်ခံ၊ အယုယခံ
တစ်ဆင့်နှိမ့်နေရာမှာ ခဏခဏ ထားတာကို တွေ့ရတယ်။ အမျိုးသားတွေကိုတော့
ဆုံးဖြတ်ချက် ခိုင်မာတဲ့ အနေအထားမျိုး၊ ပညာတတ်တဲ့ အနေအထားမျိုး၊
ကိုယ်စွမ်းဥာဏ်စွမ်းရှိတဲ့ အနေအထားမျိုး၊ ဥာဏ်ရည်မြင့်တဲ့ အနေအထားမျိုးမှာ
တွေ့ရတာ များတယ်။ အမျိုးသမီးတွေကိုတော့ ထူးဆန်းတဲ့ အလှပိုင်ရှင်တွေ
ဖြစ်အောင် ဘယ်လို အလှပြင်ပစ္စည်းမျိုးကို စွဲစွဲမြဲမြဲ
သုံးစွဲတာပါဆိုတာမျိုး ပုံဖော်ကြတယ်။ အသားဖြူခြင်းကိုပဲ ဂုဏ်ယူစရာဖြစ်အောင်
အသားညိုနေတာကို မဖြူမညို အသားလတ်နေတာကိုပဲ အားငယ်စရာလို့ ထင်လာအောင်
ကြော်ငြာတွေနဲ့ ၀ိုင်းပြီး ဆွဲဆောင်တဲ့အခါ မိန်းကလေးမော်ဒယ်လ်တွေကို
မိန်းကလေးငယ်လေးတွေက အားကျ၊ မိန်းမရဲ့ စွမ်းအားအတွက် အရည်ပြား တစ်ထောက်ပေါ်က
အလှကိုပဲ အားကိုးချင်စိတ်တွေ ၀င်လာမလားလို့ ကျွန်မ သံသယအတွေး ၀င်မိတယ်။
ထုံးစံသတ်မှတ်ချက်တွေကို ဘယ်လောက်ထိ လိုက်နေကြတုန်းလဲဆိုရင်
မီးဖိုချောင်သုံးပစ္စည်း ကြော်ငြာ၊ အ၀တ်လျှော် အိုးခွက် ပန်းကန်ဆေး၊ ဆပ်ပြာ
ကြော်ငြာတွေမှာ အဓိက သရုပ်ဆောင်က မိန်းမပဲ ဖြစ်နေတယ်။ အိုမေ့လို့။
အမျိုးသားပါ ပါဝင်တဲ့ မီးဖိုသုံး ပစ္စည်းကြော်ငြာတွေ ရှိပါတယ်။ အဲဒီ
သရုပ်ဆောင် အမျိုးသား ချက်ပြုတ်နေလား။ ဝေးပါသေးရဲ့။ စားကောင်းလိုက်တာလို့
အမျိုးသားက ပြောရင် အမျိုးသမီးက ကောင်းမှာပေါ့၊ ဘာ ငရုတ်သီးမှုန့်ကို
သုံးထားတာကိုးလို့ ပြောတဲ့အဆင့်မျိုးက များပါတယ်။
မိန်းမတွေဟာ ပါမောက္ခ ပညာရှင်တွေအဖြစ်သာမက အဆင့်မြင့် အုပ်ချုပ်ရေးနစ်ထဲအထိ
တစ်စတစ်စ နေရာပြန်ရလာတာကို တွေ့ရပါတယ်။ ဒါကောင်းတဲ့ အလားအလာပါပဲ။
အဲဒီလိုနဲ့ တဖြည်းဖြည်း အစဉ်အလာ သတ်မှတ်ချက်တွေ လျော့နည်း
ပျောက်ကွယ်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဂျူး
(သရဖူ မဂ္ဂဇင်း၊ NOV Special Issue မှ ကောက်နုတ်ချက်)
0 ကွန်မန့်ရေးရန်:
Post a Comment