Sunday, August 11, 2013
ကိုရင် တစ်ပါး ချောင်းအတွင်း ရေဆင်းချိုးရာမှ မိကျောင်း ကိုက်ဆွဲခံရ၍ သေဆုံးမှုဖြစ်ပွား
ကိုရင် မိကျောင်း ကိုက်ဆွဲခံရသည့် အတွက် ဆပ်ကျွန်းကျေးရွာမှ ၀င်းစိုး ၊ ၀င်းအောင် ၊ ကျော်လှိုင် ၊ မြင့်သိန်း ၊ သန်းရွှေ ခေါင်းဆောင်သောအဖွဲ့မှ ၎င်းနေ့ ၁၈း၀၀နာရီအချိန်တွင် မိကျောင်းအား ဓါး၊ လှံ ၊ မှိန်းတို့ဖြင့် ၀ိုင်းဝန်းထိုးနှက် သတ်ဖြတ်ခဲ့ကြသည်။
မိကျောင်းမှာ အရှည် ၁၇’ ၇↔ရှိ၍ ယခုကဲ့သို့ ကြီးမားသည့် အကောင်ကြီးများမှာ ကမ္ဘာပေါ်တွင် အလွန်ရှားပါးနေပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင်လည်း မိကျောင်းများကို ဒီရေတောများရှိသည့် ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံ၊မော်ကျွန်းတို့တွင်တွေ့ရှိရပြီး၊ ယခုကဲ့သို့ အကောင်ကြီးများကို ဘိုကလေးမြို့နယ်အတွင်း၌သာ တွေ့ရှိရတော့သည်။
အဆိုပါ ကျေးရွာသည် ကဒုံကနိ ကြိုးဝိုင်းအတွင်း တည်ရှိပြီး ၎င်းဒေသများသည် မူလကတည်းက ရေချိုရေငံစပ် မိကျောင်းများ ကျက်စား နေထိုင်ရာ ဒီရေတော ဒေသဖြစ်၍ ဘိုကလေးမြို့နယ် အတွင်းရှိ မိန်းမလှကျွန်း ဘေးမဲ့တော သည် လည်း မိကျောင်းများ နေထိုင်ကျက်စားရာ ဒေသတစ်ခုဖြစ်သည်။
နှစ်စဉ် ဧပြီလ မှ နိုဝင်ဘာလအထိ ကာလများသည် မိကျောင်းများ မိတ်လိုက်၊ အသိုက်ပြုလုပ် ၊ သားပေါက်သည့် ကာလဖြစ်ခြင်းကြောင့် ၎င်းအချိန်များတွင် မိကျောင်းများ၏ သဘာဝ အမူအကျင့်ကြောင့် အန္တရာယ်ရှိနိုင်ကြောင်းကို နှစ်စဉ်သတိပေးစာများကို ယခုနှစ်တွင် သက်ဆိုင်ရာဌာနမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ ဖြန့်ဝေခဲ့ကြောင်းနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် မိကျောင်း အန္တရာယ်ရှိမှု၊ ဥပဒေအရ ကာကွယ်ထားမှုတို့ ရှင်းလင်းပြောကြား ထားကြောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး များထံမှ သိရှိရပါသည်။
မိကျောင်းများက လူကိုကိုက်တိုင်း မိကျောင်းများကို ပြန်သတ်နေပါက မိကျောင်းများ မျိုးသုန်းပျောက်ကွယ်သွားမည်ဖြစ်၍ နောက်နောင် ယခုကဲ့သို့ မဖြစ်စေရေးအတွက် သက်ဆိုင်ရာ အစိုးရ ၀န်ကြီးဌာနမှ အလေးထား ဆောင်ရွက်သင့်ပါသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် လူဦးရေ တိုးပွားလာမှုကြောင့် မိကျောင်းများ၏ နေရင်းဒေသဖြစ်သော ဒီရေတော ကြိုးဝိုင်းများအတွင်း လူများမှ နယ်မြေချဲ့ထွင်လုပ်ကိုင်နေထိုင်ခြင်းကြောင့် မိကျောင်းများမှာ တဖြေးဖြေးစားကျက် ကျဉ်းမြောင်းလာကြောင်း၊ ယခင်ကလူများမှ မိကျောင်းကို ကြောက်ခဲ့သော်လည်း ယခုအခါ မိကျောင်းက လူကိုကြောက်၍ လျို့ဝှက်သွားလာ နေထိုင်ကြရသော ဘ၀သို့ရောက်ရှိနေ၍ မိကျောင်းများ ဘ၀စာနာသနားငဲ့ညှာသောအားဖြင့် ထိန်းသိမ်း ရေးကာကွယ်ရေးကို ထိရောက်စွာဆောင်ရွက်ပေးသင့်ကြောင်း ဒေသခံအချို့မှ ပြောကြား လျက်ရှိသည်။
by Myanmar News Now