Thursday, September 27, 2012

ဆက်ရက် တောင်ပံကျိုးမလေး ၏ လွမ်းဆွတ်ဖွယ် ပုံပြင် .....



by Swe Myat Hay Thi on Sunday, September 16, 2012 at 5:01am 

        
   လွန်ခဲ့တဲ့ ( ၈ ) နှစ်ကျော် ( ၉ ) နှစ် ခန့်အချိန် က .... ဖြစ်ပါတယ်... သူမလေး ရဲ့ နာမည် က ( ....... ) ပါတဲ့ .... အသားညိုညို ၊ မျက်လုံး လှလှ ၊ မျက်ခုံးကောင်းကောင်းလေး နဲ့ ... စံပယ်တင် မှဲ့နက်လေး တစ်လုံး နဲ့ အသက် ( ၁၂ ) နှစ် အရွယ် ချစ်စရာကောင်း တဲ့ သွက်သွက်လက်လက် ကလေး မလေး ပါ .... ကျွန်မ မှာ အဖော်မရှိတဲ့ အတွက် ... အိမ်အကူ ပွဲစားထံကနေ .... ကလေး တစ်ယောက် လောက် လိုချင်တယ်... တောက်တိုမရလောက်ဘဲ ခိုင်းချင်တာ ... အများကြီး လုပ်စရာမလိုဘူး ... ရုပ် သန့်သန့်လေး ရှာပေးပါ .... ဆိုပြီး ၊ ရှာခိုင်းခဲ့တဲ့ ပွဲစား က ကျွန်မ အလှမက်တာ သိတာမို့ အသားမည်းတာ ကြိုက်မှာ မဟုတ်မှန်းသိပေမယ့်  သွက်သွက်လေး .... မို့ ... ကျွန်မ မြင်ရင် သဘောကျမှာပါ ... ဆိုပြီး ခေါ်လာပေးတာ.... ဖြစ်ပါတယ် ....

                သူရောက်လို့ ဧည့်စာရင်း တိုင်ဖို့ .... အဖေ နာမည် မေးတော့ ... ဆန်းကျယ်စွာဘဲ .... လူ သုံးယောက် ရဲ့ နာမည် ကို ရွတ်ပြပါတယ် .... မဟုတ်ဘူး ... သမီး အဖေ နာမည် ကို မေးတာ ဆို မှ ....သမီး မှာ အဖေ ( ၃ ) ယောက် ရှိပါတယ် တဲ့ .... အဖေ အရင်း က ဘယ်သူလဲ ဆိုတော့ .... ( ၃ ) ယောက် စလုံး က အရင်းဘဲ တဲ့ .... ကျွန်မ လည်း စိတ်ရှုပ်လာရတာ မို့ .... သူ ပြောတဲ့ အဖေ သုံးယောက် ထဲ က တစ်ယောက်သော အဖေ ရဲ့ နာမည် ကို ဘဲ ယူပြီး ဧည့်စာရင်း တိုင်လိုက်ရပါတယ် .....နောက်ကြုံမှ သူ့ရွာ ပွဲစား ကို မေးကြည့်တော့ .... သူ့အမေ က အဖေ အပေါ်ဘဲ ကလေးမွေးထားတာ ဖြစ်သလို ... တစ်အိမ်ထဲ မှာ လည်း နောက် ယောကျာ်း ( ၃ ) ယောက် အပြိုင် ယူထားတာ ဖြစ်ပြီး  ... အကျင့် စာရိတ္တ မကောင်းတဲ့ အမေ နဲ့ ... မလုံခြုံ တဲ့ ပထွေးတွေကြား မှာ သူ့ဘ၀လေး မလုံခြုံ ရှာတာမို့ ဖြစ်နိုင်ရင် အပြီး ခေါ်ထားလိုက်ပါလား ... တဲ့ .... အစက သာ ကြိုသိခဲ့ရင် ဇာတ်ရှုပ် ဆို အိမ်ပေါ်တင်မိမှာ မဟုတ်ပေမယ့် .... ရက်ကြာတာ နဲ့ အမျှ အဖော်မရှိတဲ့ ကျွန်မ လည်း သူ့ ကို ခင်နေပြီ မို့ ... သနားသွားတာနဲ့ဘဲ ... ကြည့်သေးတာပေါ့ .... ဆိုပြီး ဆက် လက်ခံထားခဲ့ပါတယ်....
            ခေါ်စဉ်တုန်းက ကူဖော်လောင်ဘက် ပြောခဲ့ပေမယ့် တကယ်တမ်း မှာ ကျွန်မ နဲ့ တစ်ခန်း ထဲနေ ၊ တစ်ခန်း ထဲအိပ် ၊ တစ်စားပွဲ ထဲ စားပြီး .... ယုတ်ဆွ အဆုံး ရေချိုးခန်း ၊ အိမ်သာ က အစ ... ကျွန်မ အခန်းမှာ ဘဲ သွားခိုင်းခဲ့မိပါတယ် .... အဖော် မရှိခဲ့တဲ့ ကျွန်မ အတွက် ကလိစရာ အရုပ် တစ်ရုပ် ရတာမို့ ... အ၀တ်အစားတွေ ၀ယ်ပေး ၊ ကလစ်လေး တွေ တပ်ပေး နဲ့ ... မနက်တိုင်း သူ နဲ့ အတူ ပခုံးဖက် ပြီး လမ်းထလျှောက် ၊ ကျွန်မ ပျင်းရင် သူ နဲ့ထိုင်ပြီး သူ ဟာသ လုပ်ပြသမျှ ထိုင်ရယ် ရသလို ၊ သနားစရာကောင်းတဲ့ သူ့ဘ၀ အကြောင်းတွေ ကြားရရင် စိတ်မကောင်း ဖြစ်လိုက် နဲ့ဘဲ အဖော် လုပ်မိခဲ့ပြီး ..... သူ က လည်း ကျွန်မ ဆီ ဧည့်သည် လာရင် မကြိုက် ၊ တခြား ကလေးတွေ ကို လက်ဆောင်တွေ ဘာတွေ ၀ယ်ပေးရင် က အစ ... ကျွန်မ ကို မနာလိုစွာ နဲ့ စိတ်ဆိုး စိတ်ကောက် ဖြစ်တဲ့ အထိ ရင်းနှီးလာသလို ... TV ကြည့်ရင် က အစ ကျွန်မ ကို လာမှီ ၊ ကျွန်မ ပေါင်ပေါ် လာအိပ်တဲ့ အထိ တရင်းတနှီး နေခဲ့မိပါတယ် .....
             အဖော် မရှိတဲ့ ကျွန်မ ရဲ့ မျှော်လင့်ချက် က သူ့မှာ ခိုကိုးစရာ မရှိတဲ့ အတွက် ၊ ကျွန်မ နဲ့တစ်သက်လုံး နေသွားရင် ကျွန်မ အတွက် အဖော်ကလေး ရသလို .... ကိုယ် နဲ့ တန်းတူစား ၊ တန်းတူ သွားလာတာ ကို အကျင့်လုပ်ထားမိတဲ့ အတွက် ... တဖြည်းဖြည်း ဆင်းရဲမှာ ကို ကြောက်လာတဲ့ သူ့ စိတ် ကို သိသူမို့ .... ကိုယ် နဲ့ အမြဲနေစေချင်တဲ့ အတွက် .... ကောင်းကောင်းစား ၊ ကောင်းကောင်း နေချင်ရင် ကိုယ် နဲ့အမြဲနေ ... ဆိုတဲ့ စကား ကို အမြဲပြောဖြစ်ခဲ့ပေမယ့် .... ဟိုး အောက်ခြေ က လူတစ်ယောက် ရဲ့ ဘ၀ ကို ဘာမှန်း မသိ ၊ ညာမှန်း မသိ ၊ ဗြုန်းခနဲ .... အမြင့် ကို ဆွဲမြှောက်ခဲ့တဲ့ အတွက် ... အဲဒီ ကလေးမလေး ခမျာ .... တဖြည်းဖြည်း ချင်း အောင်ခြေလွတ်လာပြီး ဟိုလူ နဲ့ ဆို စကားမပြောချင် ၊ ဟိုအိမ် ဆို မသွားချင် ၊ နောက်ဆုံး အလှူတွေ ဘာတွေ သွားရင် က အစ ဘိုထိုင် မဟုတ်ရင် အိမ်သာ မတတ်ချင်ပါဘူး ... ဆိုတဲ့ အထိ ဖြစ်လာသလို .... အဲဒီ အချိန်မှာ ကျွန် မလည်း အခုလို အလုပ် မလုပ်သေးလို့ ... ဘ၀ အကြောင်း နားမလည်ခဲ့ပေမယ့် ... တစ်ခုခုတော့ လွဲသွားပြီ ဆိုတာ ကို သိမြင်တဲ့ ကျွန်မ သူ့ကို အချိန်မှီ ဆုံးမ လို့ အသည်းအသန် ပုံပြန်သွင်းခဲ့ပေမယ့် ... ကျွန်မ ဖန်တီးထားမိတဲ့ ဘ၀ မှာ နေသား ကျနေတာကနေ ...တစ်ရက် တခြားသော အလုပ်သမားတွေ ကို မောက်မောက်မာမာ မတူမတန် ပြောဆို ဆက်ဆံနေတာ ကို တွေ့လို့ ကျွန်မ ပြင်းပြင်း ထန်ထန် ဆူ လိုက်မိတာ က စပြီး မဆူစဖူး အရမ်း ဆူမိတဲ့ ကျွန်မ ကို စိတ်ကောက်ပြီး သူ့ ပွဲစား ကို လာပြန်ခေါ်ခိုင်းရင်း... အလုပ် ပါ အပြီး ထွက်သွား ခဲ့ပါတယ် ..... ခိုကိုးရာ မရှိတဲ့ သူ့ဘ၀ နောက်ကြောင်း သိတဲ့ ကျွန်မ သူ မထွက်ခင်မှာ အကျိုးသင့် အကြောင်းသင့် ရှင်းပြခဲ့ပေမယ့် .... သူ တောင် နားမ၀င်တာ ဘာအရေးလဲ .... ဆိုပြီး ..... ကျွန်မ လည်း ခေါင်းထဲ က အပြီး ထုတ်ထားခဲ့လိုက်ပါတယ် .....
              အဲဒီလို နဲ့ လတော်တော်ကြာသွားတဲ့ တစ်ရက်မှာ ကြည့်မြင်တိုင် ဘူတာ ရဲစခန်း က ဆိုပြီး ကျွန်မ နာမည် နဲ့ ဖုံးတစ်ခု လာပါ တယ်.... အကြောင်း က ကျွန်မ အိမ်မှာ နေသွားတဲ့ ( ....... ) ဆိုတဲ့ ကလေးမလေး က ဘူတာ မှာ နာရီ အလစ်သုတ်မှု နဲ့ ဖမ်း ထားတာမို့ ... ကျွန်မ နဲ့နေတုန်း က သူ့ အကျင့် စာရိတ္တလေး သိချင်ပါတယ် .... ဆိုပြီး ဆက်လာတာ မှာ ... ကျွန်မ နဲ့ နေတုန်း ကတော့ အကျင့် စာရိတ္တ ချို့ယွင်းတာ မရှိခဲ့ကြောင်းသာ ဖြေပေးခဲ့ပြီး သူ့ အကြောင်းကြားရတာ စိတ်မကောင်းပေမယ့် .... ကိုယ့် မှာ လည်း ကိုယ့် အကြောင်း နဲ့ ကိုယ် မို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး  ...... အဲဒီ က နေ ( ၂ ) နှစ်လောက်နေပြီး ကျွန်မ GINGER  ဖွင့်တဲ့ အချိန်ကျမှ ကျွန်မ ဖခင် ကို နှလုံးဆေးခန်း တစ်ခု သွားပြရင်းနဲ့ ဖြစ်ချင်တော့ ....ထို ဆေးခန်း နဘေး က တည်းခိုခန်း ပေါ် ကနေ ... မိန်းကလေး တစ်ယောက် ဆင်းလာပြီး ကျွန်မ ကို ဗြုန်းခနဲ လာဖက်ပါတယ် ....  ကျွန်မ နဲ့ နေစဉ် က သူ့ အသက် ( ၁၂ ) က နေ ... ပြန်တွေ့တဲ့ အချိန်မှာ အပျိုကြီးဖားဖား ဖြစ်နေပြီ မို့ .... ရုတ်တရက် ကျွန်မ သူ့ကို ဘယ်လိုမှ မမှတ်မိခဲ့ပါဘူး .... ဆင်းလာတာ က တည်းခိုခန်း ဖြစ်နေတာမို့ .... စိတ်မကောင်းခြင်း နဲ့သမီး ဒီ မှာ ဘာလုပ်ရလဲ ဆိုတော့ .... သန့်ရှင်းရေး လုပ်ရသလို .... လာ တည်းခို တဲ့ ဧည့်သည်ပေါင်းစုံ ရဲ့ အ၀တ်အစားတွေ လျှော်ရ ၊ သူတို့ စားချင်တာ ၀ယ်ခိုင်းရင် ထွက်ဝယ်ပေးရ နဲ့ ဒီလောက်ပါဘဲ ....
               သူ့ နဲ့ ကျွန်မ ရဲ့ သံယောဇဉ် ကို သိတဲ့ ကျွန်မ အဖေ က သားသမီးချင်း စာနာစွာ နဲ့ ရှေ့လျှောက် ဒီလောကထဲ မှာ ဆက်နေနေရင် ဘ၀ပျက် သွားမှာ စိုးရိမ်တာမို့ .... အလုပ် ရှိနေပြီ ဖြစ်တဲ့ ကျွန်မ ကိုသနားပါတယ် သမီးရယ် ... ကယ်ထားလိုက်ပါ ... ဆိုတာ နဲ့ဘဲ .... နဂိုထဲ က သံယောဇဉ် ရှိတဲ့ ကျွန်မ ဒုတိယ အကြိမ် အိမ် ကို ပြန်ခေါ်လာမိပါတော့တယ် .... ဒီတစ်ခါ မှာတော့ အလုပ်လုပ်နေပြီ ဖြစ်တာမို့ ... စ၀င် ကထဲ ကကျွန်မ ဆီ မှာ ဘာတွေ မလုပ်ရဘူး ... ဘာအလုပ် လုပ်ပေးရမယ် ... ဘယ်သူတွေ နဲ့ ဘယ်လို ဆက်ဆံရမယ် ... က အစ သွန်သင်ပြီး ခေါ်လာတာ မှာ တခဏတော့ ငြိမ်ပေမယ့် ..... သမရိုးကျ လစာသာ ပေးနိုင်တဲ့ ကျွန်မ ဆီ မှာ သူ့တည်းခိုခန်းမှာ နေတုန်းကလို ... အပို အောက်ဆိုက်လည်း မရတဲ့ အတွက်ပိုက်ဆံများများ သုံးနေကျ လူတွေ ရဲ့ ထုံးစံ အတိုင်း ပိုက်ဆံ မမြင်ရရင် မပျော်နိုင်တော့တာ .... ကို သိပေမယ့် .... သူ ဒီ တစ်ခါ ကျွန်မ ဆီ က နေ အပြင်ပြန်ရောက် သွားရင်  မဟုတ်မဟတ် တဲ့ နေရာတွေ ရောက်ပြီး ကျိန်းသေ ဘ၀ ပျက်ရမှာ ကို သိတာမို့ ... အတတ်နိုင်ဆုံးလေး ကျွန်မ ချော့မော့ပြီး သူ့မှာ မိဘ နဲ့လည်း နေစရာ မရှိ၊ အားကိုးစရာ မရှိတာမို့ ... ကိုယ့်ဘ၀ ကိုယ် နားလည်ဖို့ ၊ လိမ္မာဖို့ ၊ အပြင်မှာ မကောင်းတဲ့ သူတွေ နဲ့တွေ့ရင် စာ မတတ်တဲ့ အတွက် အမှားအမှန် မခွဲခြားနိုင်တာမို့ ... မကောင်းတဲ့ နေရာ တွန်းပို့သွားတဲ့ သူတွေ နဲ့ တွေ့ရင် ဒုက္ခရောက်ရမယ် က အစ .... သူ နားလည်အောင် ရှင်းပြပြီး သွန်သင် ဆုံးမ တွဲခေါ်ပေးခဲ့ပေမယ့် .... ခွေးမြှီးကောက် ကျည်တောက်စွပ် လို့ ...တခဏတာဘဲ ရခဲ့ပြီး .... အတန်း ပညာ လုံးလုံး မရှိရှာတဲ့ သူမ ကျွန်မ ဆီမှာ  သန့်ရှင်းရေးသမား သက်သက် ဘ၀ နဲ့ ရေရှည် ဆက်မနေနိုင်တော့တဲ့ အဆုံး ......  တစ်ရက်သော မိုးမလင်းခင် မနက် အစောကြီး အချိန်မှာ ထွက်ပြေးသွားပါတော့ တယ် ..... ကဲ ဒုတိယ အကြိမ်တော့ သွားပြန် ပြီပေါ့ ...  သတ္တ၀ါ တစ်ခု ကံ တစ်ခုဘဲ ... ဆိုပြီး ..... အလုပ် တစ်ဘက် နဲ့ ကျွန်မ လည်း စိတ်မကောင်းဖြစ်တာ က လွဲလို့ ... ဘာမှ မတတ်နိုင်တော့ပါဘူး .......
              နောက် သိပ် မကြာပါဘူး ... သူ ကျွန်မ ဆီ မှာ မပျော်ပေမယ့် သူ့ အပေါ်ကောင်းတာ ကျွန်မ ဘဲ ရှိတာ ကို သိတာမို့... အိမ်မှာ နေစဉ် ကျွန်မ နဲ့ ဘယ်လောက် စိတ်ကောက်ကောက် အပြင်ရောက်တိုင်း တော့ ကျွန်မ ဆီ ကို မကြာမကြာ ဖုံး ဆက်လာတတ် သလို .... သူ ဘယ်ရောက်လို့ ဘယ်မှာနေနေတယ် ကို က အစပြောပြတတ်ပြီး ကျွန်မ လည်း ရင်တမမ နဲ့ နားထောင်တတ်ခဲ့ ပါတယ် .... အဲဒီလို နဲ့ တစ်ရက် ကျတော့ ကျွန်မ ဆီ သူ ပြန်လာနေချင်တယ် ... ဆိုပြီး ဖြစ်ပြန်ပါရော ... ဒီတစ်ခါ မှာတော့ ကျွန်မ ဆိုတာ အများနဲ့ အလုပ်လုပ်ရသူမို့ .... စိတ် ဂဏာမငြိမ် ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့ သူ့ တစ်ယောက် ကြောင့် အေးအေးဆေးဆေး နေရှာတဲ့ ကျွန်မ သင်တန်း က ကလေး တွေ အကျင့်ပျက်မှာ စိုးတာ နဲ့ ထပ် လက်မခံတော့ဘူး .... လို့ ပြောတာမှာ ... ကျွန်မ စိတ်ပူတတ်မှန်း သိတဲ့ သူ က ကျွန်မ ပြန်မခေါ်ရင် သူ အနှိပ်ခန်း တစ်ခု မှာ အလုပ် သွားလုပ်တော့မယ် တဲ့ ... သူ့ကို ပွဲစားတစ်ယောက် က.... ရိုးရိုးဘဲ နှိပ်ရမှာ... ရှုပ်ရှုပ်ယှက်ယှက်တွေ လည်း မရှိဘူး .... ပိုက်ဆံလည်း လုပ်နိုင်ရင် လုပ်နိုင်သလောက် ရနိုင်မယ် ....ဆိုတဲ့ နေရာ တစ်နေရာ ပို့ပေးပါမယ် ... တဲ့ ... ကျွန်မ ပြန်မခေါ်နိုင်ပေ မယ့် ... မသွားဖို့.... ရိုးရိုးကောင်းကောင်း မွန်မွန် အိမ်မျိုး မှာ ဘဲ အလုပ်လုပ်ဖို့ .... ပြောပေမယ့် .... အဲဒီ အိမ်တွေ က ပေးတဲ့ လစာ က နည်းလို့ များများရမယ့်နေရာ ကို ဘဲ စွန့်ပြီး လုပ်ကြည့်ချင်ပါတယ် တဲ့ .... သမီး ကိုယ် သမီး ထိန်းနိုင်ပါ တယ် ...... အမ ရယ် တဲ့  ... အမ မခေါ်ချင်လည်း နေပါ ဆိုပြီး .... ဖုံးချသွားပါတယ် .....
            အဲဒီနောက်ပိုင်းမှာတော့ ... ကျွန်မ လည်း ဆိုင် နှစ်ဆိုင် ၊ အလုပ် ( ၂ ) မျိုး နဲ့ ရှုပ်ယှက်ခတ်နေတာမို့ .... သူ့ကို လုံးဝ သတိ မရတော့ဘဲ နေရင်းမှ ..... လုံးဝ မမျှော်လင့်တဲ့ တစ်ရက်မှာ .... ငိုကြီးချက်မ ၊  ကယ်ပါ ယူပါ တစာစာ နဲ့ ကျွန်မ ဓာတ်ပုံဆိုင် ကို ၀ရုန်း သုံးကား နဲ့ရောက်ချလာပါတော့တယ် ... သူ့ ၀တ်စားလာပုံ နဲ့ သူ့ အမူအရာ ကို မြင်လိုက်ကထဲ က သူ့အနေအထား ကို ကျွန်မ သဘောပေါက်လိုက်ပါတယ် ..... ကျွန်မ အတန်တန် တားခဲ့ ၊ သတိပေးခဲ့တဲ့ ကြားက ဖြစ်ရလေခြင်း ဆိုပြီး လည်း စိတ်မကောင်း ဖြစ်ရ ပါတယ် .... သူ ပြောချင်ရာ ပြောပါစေ ဆိုပြီး နားထောင်ပေးမိတော့ .... ကျွန်မ နဲ့ နောက်ဆုံး ဖုံးပြောပြီးတဲ့ နောက်မှာ အနှိပ်ခန်း တစ်ခု မှာ အလုပ် ရတဲ့ အကြောင်း ... အဲဒီမှာတော့ သမားရိုးကျဘဲ မို့ .... သူ့ထက် ပိုရမယ် ... နင့် အိမ် ကို လည်း အချီကြီး ပြန်ထောက် ပံ့နိုင်မယ် ဆိုတဲ့ ပွဲစား စကား ကို ယုံစားမိတဲ့ အတွက် .....တခြား ပိုက်ဆံ ပိုရမယ့် နေရာ ကို ကူးရင်း သူ့ဘ၀ ပျက်ခဲ့ရပြီ ဖြစ်ကြောင်း ၊ အဲဒီနေရာမှာ လာတဲ့ ဧည့်သည် ကို ငြင်းဆန်ရင် သူတို့ခေါ်တဲ့ သူဌေး ဆိုသူ က ဧည့်သည် ပြန် တာ နဲ့ အရှိုး အပြိုင်းပြိုင်းထအောင် ရိုက် တဲ့ အကြောင်း ၊ သူ့ အိမ် ကို ကောင်းကောင်းထောက်ပံ့နိုင်မယ် ဆိုတဲ့ ပို့ပေးတဲ့ ပွဲစား ကလည်း ရောင်းစားသွားတာ မို့ .... ထွက်ပြေး တာ နဲ့ အသတ်ခံရမှာ ဆိုတဲ့ အကြောင်း .... နဲ့ စပ်စပ် စုစု ကျွန်မ က နင် ရောဂါ ကူးမှာ မကြောက်ဖူးလား ... လို့ မေးတော့ ... စာ မတတ်တဲ့ မိန်းကလေးငယ်တွေ ကို ရိုက်သွင်းထားပုံ က သုံးလဆေး မှန်မှန်ထိုးတာ ... ကာကွယ်ပြီးသား ဖြစ်ကြောင်း ... ဘာရောဂါ မှ မရနိုင်ကြောင်း နဲ့ ... သူ နဲ့ ဘ၀တူ မိန်းကလေး တွေ အများကြီးလည်း ဤသို့ဘဲ လုပ်ကြကြောင်း ပြောပြသွားသလို .... ပိုက်ဆံ က ဧည့်သည်ပေါ် မူတည်ပြီး တစ်လ ကို ငါးသိန်းလည်း ဟုတ် ၊ ခြောက်သိန်းလည်း ဟုတ် .... ရတယ်..... ဆိုတဲ့ အကြောင်း ကြားရတဲ့ ကျွန်မ က ..... အမ အတန်တန် သတိပေးခဲ့တဲ့ ကြားထဲက မှ ဖြစ်မှဖြစ်ရလေ ... သမီးရယ် ...... နင့် မှာ ဘ၀ ပျက်တယ်ဆိုတာ ဘာမှန်း ညာမှန်း မသိဘဲနဲ့ ပျက်ရတာ ... ယောကျာ်းဆိုတာ လည်း ဘာမှ မသိ ၊ ရည်းစားထားတယ် ဆိုတာ လည်း မကြားခဲ့ရ ဖူးဘဲ နဲ့ ... ဆိုးရွားလိုက်တဲ့ ဘ၀ .... ကြည့်စမ်း ... အမ ဆိုင် က ကလေး တွေ လစာ က သမီး ရတဲ့ ပိုက်ဆံရဲ့ ဆယ်ပုံ တစ်ပုံတောင် မရှိကြဘူး .... ဒါပေမယ့် သူတို့ မျက်နှာလေးတွေ နဲ့ သူတို့ ဘ၀လေးတွေ သမီး ကြည့်စမ်း ... ညည်းလို ပူလောင် နေရသလား .... အဲဒါ ဘဲ ... သမီး ကို အမ  မမှားခင် ၊ မဖြစ်ခင် ၊ အမုန်းခံပြီး ခဏခဏ ပြောခဲ့ရတာ .... ဆိုတော့ ..... သူ့ ကို ကယ်ပါ ... ဒီတစ်ခါ တကယ် ကျွန်မ စကား နားထောင်ပါတော့မယ် တဲ့ ..... ဒီ အလုပ်ကြီး သမီး လုံးဝ ဆက်မလုပ်ချင်တော့ လို့ပါ ဆိုပြီး .... ငိုငိုပြီး ပြောနေပါတော့တယ် .....
              ကျွန်မ လည်း စိတ်မကောင်းဖြစ်လှပေမယ့် .... ဘယ်လို မှ ကယ်လို့မရတော့သလို ..... နာမည်ပျက် လို့ မရတဲ့ ကျွန်မ အလုပ် ထဲ .... ကျွန်မ ပုံစံ သွင်းထားတဲ့ ကျိုးကျိုးနွံနွံ ကလေးတွေ ကြားထဲ ဘယ်လိုမှ ဆက်စပ်လို့ မရတော့တာ မို့ .... သမီး ...အမ ပြောတာ နားထောင်စမ်း .... သမီး အခု အမ ဆီ လာနေလို့ လည်း ဘယ်လို မှ မဖြစ်ဘူး ... အမ ယောကျာ်း ကလည်း ရှုပ်ရှုပ် ယှက်ယှက် လုံးဝ မကြိုက်ဘူး .... အဲဒီတော့ သမီး ဘ၀ ကို အမ နောက်ဆုံး အကြိမ် အကြံပေးလိုက်မယ် ..... သမီး အခု လုပ်ချင်ချင် ၊ မလုပ်ချင်ချင် ၊ အခိုက်အတန့်  ခဏမှေးနေပြီး  .... အရင်းအနှီး ပိုက်ဆံ တစ်ခု ရအောင် ကြိတ်မှိတ်ပြီး စုလိုက် .... ပြီးရင် သမီး .... အသုတ်ဖြစ်ဖြစ် ၊ မုန့်ဟင်းခါး ဖြစ်ဖြစ် ၊ ဈေးဆိုင် ကလေး တစ်ခု ဖွင့်ပြီး ..... ငါ ကျန်တဲ့ ဘ၀ တလျှောက်လုံးကောင်းအောင် ကြိုးစား ပြီးနေမယ် ...... စားရသောက်ရမဲ့လို့.... ငတ်ပြတ်ပြီး သေချင်သေပါစေ .... ဒီ မကောင်းတဲ့ အလုပ် နဲ့ မကောင်းတဲ့ ဘ၀ ဆိုး ကို ဘယ်တော့ မှ ပြန် မသွားတော့ဘူး .... လို့ စိတ်ဒုံးဒုံးချပြီး ... အပြတ်ဖြတ်ခဲ့ ..... တကယ် စ လုပ်တဲ့ အလုပ် ကို အကောင်းဆုံး ကြိုးစားပြီး လုပ် ... မကောင်းခဲ့တဲ့ ဘ၀တွေ အားလုံး ကို ပြန်ပြန် မခံစားဘဲ .... ငါ ဘာ မှ မဖြစ်ခဲ့ဘူး လို့ .... မသိစိတ်ထဲ ပို့ပြီး မေ့လိုက် ... သမီး ကောင်းကောင်း မွန်မွန် အလုပ်လေး လုပ်ရင်း ... နဲ့ တစ်ချိန်မှာ ကိုယ့် အပေါ် အတည်အတံ့ ချစ်ကြိုက်ပြီး လက်ထပ်ချင်တဲ့ သူ ပေါ်လာရင် .... မလိမ်နဲ့ ... မညာနဲ့ ...သူ မယူချင် နေပါစေ ... အရိုးသားဆုံး ၀န်ခံပြီး သူကျေနပ်ရင် ယူလိုက် .... သမီး ဘ၀ မှာ အဲဒီလို နေ့လေး ရောက်ပြီး အမြန်ဆုံး အေးချမ်းနိုင် ဖို့ ... အမ ဆုတောင်းပေးနေမယ် .... လို့ .... ကျွန်မ အဖြစ်သင့်ဆုံးလေး စဉ်းစား ပြီး အကြံလေး ပေးလိုက်ရပါတယ် .....
            အခုနောက်ဆုံးမှာတော့ .... ပြီးခဲ့တဲ့ ..... ခြောက်လ လောက် က ဖုံးဆက် လာပြန်ပါတယ် ..... အမ စေတနာ နဲ့ သမီးဘ၀ အတွက် ပြောပေးတာ ..... ကျေးဇူးတင်ပါတယ် .... တဲ့ .... ဒီ ဘ၀ မှာတော့ မရတော့ပါဘူး....အမ ရယ် ...သမီး ဘ၀ နဲ့ သမီး သာ ရှိပါစေတော့ .... ဆိုပြီး ကြေကြေကွဲကွဲ နာနာကျည်းကျည်း ပြောသွားပြန်တာ မို့ ... သူ့အပေါ် ဘယ်လောက် စိတ်ဆိုးဆိုး ရေစက် မကုန်ခဲ့တဲ့ ကျွန်မ အကျိုးသင့် အကြောင်းသင့် မေးမြန်းလိုက်တော့ ..... အဲဒီ အနှိပ်ခန်း မှာ အလုပ်လုပ်ရင်း .... သူ့ ဘ၀ ကို နားလည်ပေးနိုင်မယ် ထင်တဲ့ ယောက်ျား တစ်ယောက် ကို တွေ့ခဲ့ရပါတယ်.... တဲ့ .... သူ့ အပေါ် ကို လည်း တော်တော်လေး ချစ်ချစ် ခင်ခင် ကြင်ကြင်နာနာ နဲ့ပါဘဲ....တဲ့ .... အမ စကားနားထောင်ပြီး သမီး ဒီ ဘ၀ ကို မပျော်တဲ့ အကြောင်း ၊ မိသားစု ဘ၀ လေး နဲ့ ငြိမ်းငြိမ်း ချမ်းချမ်း နေချင်မိတဲ့ အကြောင်းတွေ ပြောပြရင်း နဲ့ .....သမီး ကို ဒီဘ၀ ထဲ က ဆွဲထုတ်ပေးမယ် ဆိုတဲ့ သူ့ စကား ကို ယုံကြည်ပြီး .... ဘာလုပ်လို့ဘယ်မှာ နေတယ်မှန်း မသိတဲ့ သူ့နောက် ... ကောက်ကောက်ပါအောင် ... လိုက်ခဲ့မိသလို .... ဒုက္ခ အမျိုးမျိုး နဲ့ သမီး ဘ၀ ကို ကယ်တင်ပြီး အတည်တကျ ပေါင်းသင်းပါ့မယ် .... ဆိုပြီး တကယ်တမ်း လည်း ကျရော ... အိမ် တစ်လုံး နဲ့ အငှား ထားပေးထားတာ က လွဲလို့ တရားဝင် ယူဖို့နေနေသာသာ .... သူ့ မှာ တရားဝင် သားကြီး ၊ မယားကြီး နဲ့ .... မယားငယ်တွေ က လည်း အများကြီး အပြင် ... သူ က အလုပ် မလုပ်ဘဲ အဲဒီ မိန်းမတွေ အားလုံး ကို ပါ မကောင်းတဲ့ ဘ၀ နဲ့ ပိုက်ဆံ ရှာခိုင်းပြီး ထိုင်စားနေတဲ့ ..... လုံးဝ ထင်ရက် စရာမရှိတဲ့ ယောကျာ်း တစ်ယောက် ဖြစ်နေမှန်း အခုမှ သိရပါတယ် ...... အမ ရေ တဲ့ .....
               ကျွန်မ  Notes  ကို ဖတ်မိတဲ့ သူများ ... ဘယ်လို ခံစားရမလဲ မသိပေမယ့် .... ဒီ ဖြစ်ရပ်မှန် ဇာတ်လမ်း ကို အစအဆုံး  စမြုံ့ ပြန်ပြီး ပြန်ပြောရတဲ့ ကျွန်မ တောင် ..... တလှပ်လှပ် နဲ့ အခါခါ ရင်မောခဲ့ရပါတယ် ..... ရေးရတာ စိတ်မောရစရာ ကောင်းလှသလို ၊ ဖတ်သူတိုင်း စိတ်မချမ်းသာ ရတဲ့ ဒီ Notes  လေး ကို ရေးဖြစ်တဲ့ အကြောင်း က ဒီလိုပါ ...... ကျွန်မ  Face Book  မှာ ရေးခဲ့သမျှ Notes လေးတွေ ပေါင်းစည်းပြီး တင်ထားခဲ့တဲ့  ...  http://www.gingerbeautyland.com/notes_13.html  တွဲမိတဲ့ လက်နှစ်စုံ သက်ဆုံးတိုင်စေတော့ ..... ဆိုတဲ့ Notes .... မှာ .... မိဘတွေ မသင့်မြတ်ရင် အပြစ်မရှိတဲ့ ကလေးတွေ စိတ်ဆင်းရဲကြရတာ မို့ ... ကိုယ် မွေးထားတဲ့ ကလေးတွေ ကို ဘယ်လို အကြောင်း နဲ့ မှ စိတ်မဆင်းရဲစေချင်တဲ့ အတွက် ယူပြီး မှတော့ သူ့ ထက် ပိုဆိုးမယ့် သူ နဲ့ သာ နှိုင်းယှဉ်ပြီး အတတ်နိုင်ဆုံး သီးခံ ပေါင်းဖက်ကြစေဖို့ ရေးခဲ့ဖူးသလို .... ပြီးခဲ့တဲ့ လ က ရေးဖြစ်ခဲ့တဲ့ http://www.gingerbeautyland.com/notes_29.html  သင်းကွဲငှက်ငယ်များ ၏ အဆိပ်သင့် ဒဏ္ဍာရီ  မှာ ကျတော့ ... အဆင်မပြေတဲ့ မိဘတွေ ရဲ့ မသင့်မြတ်ကြတဲ့ ရန်ပွဲတွေ အမျိုးမျိုးကြားမှာ ကြီးပြင်းလာရတဲ့ အပြစ် မရှိတဲ့ ကလေးငယ်တွေ ခမျာ ဘယ်သို့ ဘယ်ပုံ စိတ်ဒဏ်ရာ ရကြပြီး ဘ၀ ပျက်ကြရတယ် ... ဆိုတဲ့ အကြောင်းတရား တွေ ရေးဖြစ်ခဲ့ပြီး ....  အခု စိတ်မောစရာ ဒီ Notes လေး မှာတော့ ကျွန်မ အဓိက ပြောချင်တာ ... မိဘတွေ ရဲ့ အိမ်ထောင်ရေး အဆင်မပြေတဲ့ ခါးသီးတဲ့ ဘ၀ဆိုးတွေ ကြား က စိတ်ဒဏ်ရာ ဒဏ်ချက် အမျိုးမျိုး နဲ့ ကြီးပြင်းလာရတဲ့ လူငယ်လေးတွေ အပေါ် ကိုယ်ချင်းစာစွာ နဲ့   နားလည် ခံစားမိတဲ့ စိတ်ကလေး ကနေ ..... စေတနာ ၊ မေတ္တာစိတ် ကလေး ထပ်တိုးပြီး သူတို့ ဘ၀ ရပ်တည်မှု အတွက် စိတ်ဓာတ် ခွန်အားလေး ပေးချင်မိတဲ့ အတွက် ဘဲ .... ဖြစ်ပါတယ် .....
             သင်ဟာ အကယ်၍များ ပုံစံ အမျိုးမျိုး နဲ့ ဘ၀ နောက်ကြောင်း မလှခဲ့ရတဲ့ .....ဆက်ရက် ငှက်ငယ်လေး တစ်ကောင် ဖြစ်ခဲ့ပါက .... လတ်တလော မှာ ... သင့် အပေါ် တဒင်္ဂတာ နားလည် ခံစားပေးမယ့်သူ ကို လိုက်မရှာပါနဲ့ .... အခိုက်အတန့်တွေ့တဲ့ သူ တစ်ယောက် ရဲ့ စကားတွေ ကို အယုံ မလွယ်ပါနဲ့ ..... သင် နိမ့်ကျ သိမ်ငယ်နေတဲ့ အချိန်မှာ တွေ့ရတဲ့သူ ဆိုတာ သင့် ကို တွဲခေါ်နိုင်မယ့်သူ ဖြစ်ဖို့ထက် သင့် စိတ် ကို အခိုက်အတန့်မျောလွင့်ပေးပြီး ပိုပြီး နစ်သထက် နစ်စေတဲ့ ဘ၀များစွာ ကို ဆွဲချ သွားတတ်ပါတယ်...... ထို့ အတွက် လိုက် မခံစား ၊ စိတ်အား မငယ်ဘဲ ၊ ကိုယ့် ဘ၀ အမှန်တရား ကို အရှိအတိုင်း လက်ခံ လိုက် ပြီး လောကဓံ ဘယ်လို ဆိုးဆိုး .... ဆိုးရွားလိုက်တဲ့ ကံကြမ္မာ ကို စိန်ခေါ် အံတုပြီး အောင်မြင်တဲ့ မိသားစု ဘ၀ များစွာ က လာတဲ့ ရွယ်တူ တန်းတူတွေ ထက် ပိုပြီး အောင်မြင်အောင် ကြိုးစားပြလိုက်ပါ .... ကိုယ် လျှောက်ရမယ့် လမ်းကို ကိုယ်တိုင်ဖောက်ပြီး ခါးသီး တဲ့ ကိုယ့် ဘ၀ ကို သူများတွေ မျှော်လင့်ထားသလို ရေစုန် မမျှောဘဲ .... ကိုယ့် ဘ၀ ကိုယ် ကျောင်း လို့ ရေဆန် တက် ပြီး အောင်မြင်လာ ရတဲ့ အရသာ ဆိုတာ ... ဘာ နဲ့မှ မတူနိုင်စွာ ..... ပိုလို့ ချိုမြိန်သလို ပိုပြီးတော့လည်း ဂုဏ် ရှိပါတယ် ....
                 ဘယ်လိုမှ မခံစားနိုင်လောက်အောင် သင် စိတ်ထိခိုက် ခံစားလာရတဲ့အခါတိုင်း ..... လူ မမြင်တဲ့ နေရာ တစ်ခု မှာ စိတ်ကို အတိုင်းအဆ မရှိ လွှတ်ပေးလိုက်ပြီး .....  အားရအောင် ရင်ဖွင့်ပြီး ငိုကြွေးလိုက်ပါ ..... ငိုလို့ ၀ ရင် ... စာနာမယ့် သူ မရှိ / ကူကယ်ရာ မရှိတဲ့ ဘ၀ကြီး မှာ ဘယ်လောက်ကျနိုင်မလဲ ....  ကြိုက်သလောက်ကျ ၊  အကြိမ်ကြိမ် ပြုတ်ကျစမ်းကွာ ... လို့ ကြုံးဝါးပြီး ဆယ်ကြိမ်လဲ ရင် ဆယ့်တစ်ကြိမ် အားတင်းပြီး ကြိုးစား ပြန်ထပါ ..... အကြိမ် တစ်ရာ လဲဖူးရင် တစ်ရာ့ တစ်ကြိမ် မှာ သင် ဟာ အောင်မြင်အောင် ပြန်ထနိုင်တဲ့သူ သာ ဖြစ်ပါစေ ... လောက ကြီး ကို အရွဲ့မတိုက်ပါနဲ့ ... အရွဲ့တိုက်မိခဲ့လျှင် .... သူ့ ဟာသူ နေတဲ့ လောကကြီး က မရွဲ့ဘဲ .... ကံဆိုးချိန်များ မှာ ဘယ်လိုလူ လာလာ မကယ်တင်ပေးနိုင်တာမို့ .... ယုံစားမိတဲ့ သင့် ဘ၀သာ ပိုပြီး ဆိုးရွားသွားပါလိမ့်မယ် ...... ထို့အတွက် ဘယ်လောက်ဘဲ ဒုက္ခရောက်ရောက် ... ဆိုးရွားလိုက်တဲ့ လောကဓံ ဆိုတာကြီး ကို သတ္တိရှိရှိ နောက်မဆုတ်တမ်း စိန်ခေါ် ပြီး ..... သင့် ရဲ့ အရှုံး မပေးတဲ့ စိတ်ဓာတ် နဲ့ မဆုတ်မနစ် ကြိုးစားပြီး ရဲရဲဝံ့ဝံ့ အောင်ပွဲခံနိုင်ကြပါစေ .... လို့ .....
( အဆင်မပြေ နိမ့်ကျ သိမ်ငယ်ရတဲ့ မိသားစု ဘ၀ အမျိုးမျိုးက စိတ်ဒဏ်ရာ ဗလပွ နဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေ လောကဓံ ဆိုတာကြီး ကို ယှဉ်ပြိုင်ကာ အနိုင်ရလို့ ဘ၀ မှာ ထူးချွန် အောင်မြင်သော လူငယ် ကလေးများ ဖြစ်နိုင်ကြပါစေကြောင်း .... ဆန္ဒများစွာဖြင့် )
သမီး ကို ဒီဘ၀ ထဲ က ဆွဲထုတ်ပေးမယ် ဆိုတဲ့ သူ့ စကား ကို ယုံကြည်ပြီး .... ဘာလုပ်လို့ဘယ်မှာ နေတယ်မှန်း မသိတဲ့ သူ့နောက် ... ကောက်ကောက်ပါအောင် ... လိုက်ခဲ့မိသလို .... ဒုက္ခ အမျိုးမျိုး နဲ့ သမီး ဘ၀ ကို ကယ်တင်ပြီး အတည်တကျ ပေါင်းသင်းပါ့မယ် .... ဆိုပြီး တကယ်တမ်း လည်း ကျရော ... အိမ် တစ်လုံး နဲ့ အငှား ထားပေးထားတာ က လွဲလို့ တရားဝင် ယူဖို့နေနေသာသာ .... သူ့ မှာ တရားဝင် သားကြီး ၊ မယားကြီး နဲ့ .... မယားငယ်တွေ က လည်း အများကြီး အပြင် ... သူ က အလုပ် မလုပ်ဘဲ အဲဒီ မိန်းမတွေ အားလုံး ကို ပါ မကောင်းတဲ့ ဘ၀ နဲ့ ပိုက်ဆံ ရှာခိုင်းပြီး ထိုင်စားနေတဲ့ ..... လုံးဝ ထင်ရက် စရာမရှိတဲ့ ယောကျာ်း တစ်ယောက် ဖြစ်နေမှန်း အခုမှ သိရပါတယ် .....

0 ကွန်မန့်ရေးရန်:

Post a Comment