|
HAN (TechRangoon) |
ကျနော်တို့ ဖြတ်သန်း ခဲ့တဲ့ ဘဝကို တ ချက် လောက် နောက်ပြန် ရစ်ပြီး ပြန်တွေး
ကြည့် ကြ ရအောင်။ နောက် ဆိုလို့ မွေးခါစ၊ လွန်ခဲ့တဲ့ ၁၅ နှစ်၊ နှစ် ၂၀ ကို
ဆိုလိုတာ မဟုတ်ပါဘူး။ ၁၀နှစ် ဒါမှမဟုတ် ၈ နှစ်လောက်ပဲ ဖြစ်ဖြစ် နောက်ပြန်
ဆုတ်ပြီး ကျနော်တို့ရဲ့ ငယ်ဘဝ၊ ဆယ်ကျော် သက် ဘဝတွေကို ဒီဆောင်းပါး ဖတ်ရင်း
တွေးကြည့် ရအောင်ဗျာ။
ကျနော်က ၂၀ ကျော် လူငယ် တယောက် ဆိုတော့ ကျနော့် အတွက်တော့ လွန်ခဲ့တဲ့
၁၀နှစ် လောက်က ဆိုရင် မူလတန်း၊ အလယ်တန်း ကျောင်းသား ဘဝ အရွယ်ပေါ့ဗျာ။
သေချာတယ်။ အဲ့ဒီအချိန်တုန်းက iPad တွေမရှိဘူး၊ Mobile Phone တွေမရှိဘူး။
အင်တာနက်တွေ မရောက်လာသေးဘူး။ Walkman Player တောင် ကျနော်တို့လို နယ်ဘက်မှာ
မရှိသေးဘူး။ ပြောရရင် အိုင်တီပစ္စည်းတွေက ကျနော်တို့ဘဝထဲကို မဝင်လာသေးဘူး။
အလွန်းဆုံးမှ ကျောင်းက ပိတ်စဖြူနဲ့ အမြဲဖုံးအုပ်ထားတဲ့ တိတ်ဆိတ်တဲ့
Computer Lab Room ထဲက Apple နဲ့ IBM ကွန်ပျူတာတွေလောက်ပဲ ရှိပါမယ်။
အဲ့တာတောင် ကျောင်းသားတိုင်း ကိုင်တွယ်ခွင့်၊ ထိခွင့် မြင်ခွင့်တောင်
ရှိခဲ့ကြတာမဟုတ်ဘူး။ ကျနော်တို့နဲ့ အကျွမ်းဝင်သရောရှိတာဆိုလို့
အီလက်ထရောနစ် ပစ္စည်းတွေဖြစ်တဲ့ အိမ်က ၁ဝ ပေ၊ ၂ပေ တရုတ်၊ ထိုင်း
ဂြိုဟ်တုစလောင်းနဲ့ CRT TV တွေ၊ VCD စက်နဲ့ ကျောင်းပြန်ချိန်ဆို
အမြဲရောက်တဲ့ လမ်းထိပ်က ကိုသားကြီးရဲ့ P1 ဂိမ်းဆိုင်လောက်ပဲ
ရှိမယ်ထင်ပါတယ်။
အိုင်တီပစ္စည်းတွေမရှိတဲ့ ကျနော်တို့ရဲ့ အရင်က ဘဝဖြတ်သန်းမှုပုံစံမျိုးက
ဘယ်လိုလဲ။ ဘယ်လိုပုံစံဖြစ် မလဲ။ တွေးကြည့်ရင်ကျနော်တို့ဟာ လူလူချင်း
ဆက်သွယ်ရတဲ့ တကယ့် ပေါင်းကူး ဆက်ဆံရေးဘဝကို ကျနော်တို့ ဖြတ်သန်းခဲ့ကြရတယ်။
အဲ့ဒီတုန်းက Ironman မရှိဘူး။ Captain America မရှိဘူး။ ဒါပေမယ့်
ဒီနေ့ကံမကောင်းတဲ့ မြိုင်ရာဇာ တွတ်ပီရှိခဲ့တယ်။ စိန်မျောက်မျောက်၊ ဘိုဘို၊
ဂျောက်ဂျက်တို့လို ကျနော်တို့ စွဲမြဲနှစ်ခြိုက်တဲ့ မြန်မာ့ကာတွန်း
ဇာတ်ကောင်တွေရှိခဲ့တယ်။
အဲ့ဒီတုန်းက စာဖတ်တဲ့ Kindle Reader တွေမရှိဘူး။ အဖေဝယ်တဲ့ သတင်းစာစောင်နဲ့ ကျောင်းစာကြည့် တိုက်တော့ ရှိခဲ့တယ်။
အဲ့ဒီတုန်းက iPod နဲ့ Walkman Player တွေမရှိခဲ့ဘူး။ ဒါပေမယ့်
ကျောင်းဂီတချိန်မှာ ဂီတအကြောင်း သင်ပေးခဲ့တဲ့ ချစ်စရာကောင်းတဲ့ ဆရာမတွေ
ရှိခဲ့တယ်။
အဲ့ဒီတုန်းက မိုဘိုင်းဖုန်းတွေ မတွင်ကျယ်သေးဘူး။
(ဈေးနှုန်းဘယ်လောက်ရှိတယ်ဆိုတာတော့ အားလုံး သိမှာပါ) ရပ်ဝေးရပ်နီး
ဆွေမျိုးနဲ့ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ နီပြာရောင်စပ် စာအိတ်လေးတွေနဲ့
ဆက်သွယ်ခဲ့ကြတယ်။ (တချိန်တုန်းက Light အင်္ဂလိပ်မဂ္ဂဇင်းမှာ Pen Friend
ကဏ္ဏလေးကို လွမ်းမိရဲ့ ဗျာ… )
ဒါပေမယ့် ဆယ်စုနှစ်တစ်ခုတောင် မပြည့်သေးတဲ့ကာလအတောအတွင်းမှာပဲ
အိုင်တီပစ္စည်းဟာ ကျနော် တို့ လူမှုဘဝထဲကို တွင်တွင်ကျယ်ကျယ်
ဝင်ရောက်လာခဲ့ပါတယ်။ မနက်မိုးလင်းတာနဲ့ မျက်နှာ အရင်သစ် ဖို့ထက်
ကိုယ့်ဖုန်းကိုဖွင့်ပြီး facebook မျက်နှာစာကိုပဲ အရင်ကြည့်မိလာကြတယ်။
လက်ဖက်ရည်ဆိုင်မှာ၊ ကော်ဖီဆိုင်မှာ၊ ဘီယာဆိုင်မှာ၊ ကျောင်းကန်တင်းမှာ၊
ရုံးနားချိန်မှာ ကျနော်တို့ဟာ တယောက်နဲ့ တယောက် စကားတွေ တီတီတွတ်တွတ်
ပြောနေဖို့ထက် မျက်နှာချင်းဆိုင်ထိုင်ပြီး မှန်မျက်နှာပြင်တခုကို
အပြိုင်ပွတ်နေကြတယ်။ ကျောင်းစာကြည့်တိုက်ထဲ အဲကွန်းအောက်မှာ
စာအုပ်တအုပ်ဖတ်နေဖို့ထက် Bruno Mars ရဲ့ သီချင်းတပုဒ်ကို head-set နဲ့ပဲ
နားထောင်နေမိကြတယ်။
ဒါပေမယ့် ဒါတွေက ခေတ်ရေစီးကြောင်းအရ ပြောင်းလဲလာတဲ့ ကျနော်တို့ရဲ့
လူနေမှုဘဝတွေပါ။ ပုံမှန် ပါပဲ။ ဒါပေမယ့် အဲ့ဒီထဲကမှ အများက မူမမှန်ဘူးလို့
ထင်ရတဲ့ အချက်တွေကို ကျနော့်ဘေးပတ်ဝန်းကျင်က လူတချို့ကို
တီးခေါက်မေးကြည့်မိပါတယ်။ ဒါနဲ့ပဲ အောက်က အချက်တွေထွက်လာတယ်။ တချက်လောက်
ကြည့်ရအောင်ဗျာ…
(၁) သင့် iPad ဟာ သင့်အတွက် ကင်မရာတလုံး မဟုတ်ပါ
iPad ဟာ tablet ဈေးကွက်ထဲမှာ ထိပ်ဆုံးကရှိနေပါတယ်။ တကယ်လည်း အသုံးဝင်တယ်။
ကောင်းမွန် တဲ့ app တွေရှိတယ်။ ဒါပေမယ့် ရှိုးပွဲတွေမှာ၊
ရှောပင်းစင်တာတွေမှာ၊ လူများတဲ့နေရာတွေမှာ iPad ဟာ သင့်အတွက်
ဓါတ်ပုံရိုက်ဖို့နဲ့ ဗီဒီယိုရိုက်ဖို့အတွက် သင့်တော်တဲ့
ကင်မရာတလုံးမဟုတ်ဘူးဆိုတာကိုတော့ သတိပေးပါရစေ။
ကင်မရာ ရိုက်ဖို့အတွက် iPad မှာ camera ထည့်ထားပေးတာပေါ့ဆိုပြီး ကျနော့်ကို
စောဒက တက်ကောင်း တက်ကြပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်အိပ်ယာပေါ်မှာ၊
ကိုယ့်အိမ်က အိမ်သာထဲမှာ selfie ပုံတွေရိုက်တာကိုတော့ ကျနော်တို့အမြင်မှာ
ဘာမှထွေထွေထူးထူးမဖြစ်သလို စောဒကတက်ခွင့်လည်း မရှိပါဘူး။ ဒါပေမယ့်
ရှိုးပွဲတွေလို လူများတဲ့နေရာတွေမှာ ၁၀လက်မအရွယ် သင့် iPad နဲ့
ဓါတ်ပုံရိုက် နေခြင်းက နောက်ကကြည့်သူတွေရဲ့ မြင်ကွင်းကို
ကွယ်နေသလိုဖြစ်တာကိုတော့ သင်သတိပြုရ ပါလိမ့် ယ်။
ရှိုးပွဲကိုလာရောက်ရတဲ့အကြောင်းရင်းက ဂီတကို ခံစားဖို့လား၊ ဓါတ်ပုံ
ဗီဒီယိုရိုက်ဖို့လား။ ကျနော် တော့ ကွဲကွဲပြားပြားသိဖို့လိုပါတယ်။
ဗီဒီယိုလိုချင်ရင်တော့ အိမ်ကနေ MRTV4 နဲ့ Skynet လိုချယ်နယ်က လွှင့်တာကိုမှ
ထိုင်ရိုက်နေတာ၊ ကူးနေတာကမှ ခင်ဗျားရိုက်တာထက် ပိုကောင်းပါလိမ့်မယ်။
အဲ့တာကြောင့် လူများတဲ့ ရှိုးပွဲတွေမှာ ခင်ဗျားရဲ့ iPad နဲ့ tablet တွေကို
အိတ်ထဲထည့်ထားပြီး ဂီတရဲ့ သင်္ကေတ၊ ဂီတရဲ့ နိုးကြွားမှုတွေကို
လွတ်လွတ်လပ်လပ်ခံစားလိုက်ပါ။ ပိုတန်ဖိုးရှိပါလိမ့်မယ်။
(၂) သင့်ရဲ့ စမတ်ဖုန်းမှာပါတဲ့ speaker ဟာ လူကြားထဲမှာ ဖွင့်ဖို့မဟုတ်
လူတောထဲမှာ၊ စားသောက်ဆိုင်နဲ့ လေဆိပ်တွေထဲမှာ.. အထူးသဖြင့် ဘတ်စ်ကားပေါ်မှာ
လူတွေက ခင်ဗျားရဲ့ဖုန်းရဲ့ စပီကာက အသံဘယ်လောက်ကျယ်ပါတယ်ဆိုတာကို
သိလိုခြင်းမရှိကြပါဘူး။ ဥပမာ စပီကာဖွင့်ပြီး ဖုန်းပြောတာမျိုးက
ဆိုးရွားလှပါတယ်။ နောက်ပြီး ဘတ်စ်ကားပေါ်မှာ၊ coffee shop တွေမှာ ခင်ဗျားရဲ့
ဖုန်း speaker ဖွင့်ပြီး သီချင်းနားထောင်တာ၊ video ကြည့်တာကလည်း ကျန်သူတွေ
အတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ အဲ့တာကြောင့် ဖုန်းစပီကာပိတ်ပြီး
ပတ်ဝန်းကျင်ရဲ့ ဆိတ်ငြိမ်မှု ရသကို ခံစားကြည့်ပါ။
(၃) ကားမောင်းနေစဉ် hands-free အသုံးပြုပြီး ဖုန်းပြောပါ
အမေရိကန်လို နိုင်ငံမျိုးနဲ့ ဥရောပနိုင်ငံတွေ တော်တော်များများမှာ
ကားမောင်နေစဉ်အတွင်း hands-free နဲ့ပဲ ဖုန်းပြောဖို့ ကန့်သတ်ထားပါတယ်။
အကယ်၍ ဒီနိုင်ငံမှာတော့ hands-free မသုံးခဲ့ရင်လည်း ပြဿနာေ တာ့မရှိပါဘူး။
အရေးလည်း မယူပါဘူး။ သို့ပေမဲ့ ခင်ဗျားက ကားထဲမှာ
လိုက်ပါစီးနေတဲ့သူဖြစ်နေရင်တော့ တမျိုးပေါ့ဗျာ။ ဒါပေမယ့် ဒီလို hands-free
အသုံးပြုတာပဲဖြစ်ဖြစ်၊ ကားမောင်းနေတဲ့အတောအတွင်း ဖုန်းမပြောတာပဲဖြစ်ဖြစ်
ပြုလုပ်လိုက်တာက ခင်ဗျားကားအက်ဆီးဒင့်ဖြစ်နိုင်တဲ့ အခြေအနေကနေတော့
အတော်အတန်ကို ကင်းဝေးပါလိမ့်မယ်။ ဒါတော့ သင့်သဘောပါ။ သင့်ရဲ့
လုံခြုံရေးအတွက် သင်ပဲ ဂရုစိုက် ရမှာပါ။
(၄) အပြင်ထွက်ပြီး လမ်းလျှောက်ကြည့်ပါ
အကယ်၍ စမတ်ဖုန်းတွေရဲ့ screen ပေါ်မှာ ကျနော်လမ်းလျှောက်နေတုန်း
ကျနော့်ရဲ့ရှေ့မှာ ဘာတွေ ရှိလဲဆိုတာကို ဖော်ပြပေးနိုင်တဲ့ special feature
camera ပါခဲ့ရင်ဆိုပြီး အဲ့ဒီဖုန်းဟာ ကမ္ဘာ့အကောင်း ဆုံး
ဖုန်းတလုံးဖြစ်လိမ့်မယ်ဆိုပြီး ကျနော်နောက်ပြောင်ပြီး စိတ်ကူးယဉ်တာမျိုး
ရှိခဲ့ပါတယ်။
ကျနော်တို့ဟာ အပြင်ထွက်လမ်းလျှောက်နေရင်းလဲ ဖုန်း screen တပွတ်ပွတ်နဲ့
လမ်းလျှောက်နေပြီး ကျနော်တို့ရှေ့မှာ၊ ကျနော်တို့ဘေးမှာဘာတွေ ဖြစ်ပျက်နေ၊
ဘာတွေ ရှိနေလဲဆိုတာကို သတိမထားမိ တော့ ကြပါဘူး။
အမေရိကန်လိုနိုင်ငံမျိုးမှာလည်း လမ်းလျှောက်ရင်း ဖုန်း screen ပဲ
ကြည့်နေလို့ ယာဉ် တိုက်မှုဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း မနည်းတော့ပါဘူး။
ဒီလိုပြောလို့လည်း ကျနော်လည်း လမ်းလျှောက်နေတုန်း ဖုန်းသုံးနေတာမျိုးကို
ရပ်ချင်မှ ရပ်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော့်ဘေးပတ်ဝန်းကျင်နဲ့
ကျနော့်ရှေ့မှာ ဘာတွေရှိနေလဲဆိုတာကိုတော့ ကျနော်ပို ဂရုစိုက်ဖို့
အာရုံတစ်ခုရှိလာမှာတော့ သေချာပါတယ်။
(၅) sound effect တွေကို ပိတ်ထားပါ
လူတောထဲမှာ၊ လူကြားထဲမှာ ဘတ်စ်ကားပေါ်မှာ ခင်ဗျားဖုန်းထဲ message
ဝင်နေတဲ့အသံ၊ အထူးသဖြင့် viber message ဝင်နေတဲ့အသံက သင့်အတွက်
သာယာနာပြောဖွယ်အသံဖြစ်ကောင်းဖြစ်လိမ့်ပေမယ့် သင့်ဘေးမှာ၊ သင့်နောက်မှာ
ထိုင်နေတဲ့သူအတွက်တော့ တ တင်တင် မြည်နေတဲ့ အသံက နားငြီးလှပါ တယ်။
နောက်ပြီး ခင်ဗျားက phone screen ကို ကြည့်ပြီး သုံးနေတာမို့ silent mode
လုပ်ပြီးသုံးနေတာက ခင်ဗျားအဝင် message တွေကိုမသိတော့မှာလည်း မဟုတ်ပါဘူး။
(၆) So social you're anti-social
သင်ဟာ သင့်ရဲ့ အမြဲတမ်းအလုပ်များနေတဲ့ဖုန်းကိုကိုင်ပြီး statusတွေ၊
ဓါတ်ပုံတွေကို facebook မှာရှိတဲ့ သင့်သူငယ်ချင်းတွေကို မျှဝေကောင်း
မျှဝေနေပေမယ့် အပြင်မှာသင့်မိသားစုတွေနဲ့ သင့်သူငယ်ချင်းနဲ့ သင်
စကားစမြည်ပြောချင်မှ ပြောပါလိမ့်မယ်။
တခါတလေ Social Media တွေဟာ ကျနော်တို့ရဲ့ 2nd Life လို့ခေါ်ရမယ့်
အွန်လိုင်းပေါ်က ဘဝမှာ မိတ်ဆွေတွေနဲ့ အဆက်မပြတ် ဆက်သွယ်နိုင်တဲ့
ကိရိယာတစ်ခုဖြစ်လာပေမယ့် အပြင်မှာတော့ ကျနော် တို့ဟာ မိတ်ဆွေတွေနဲ့
စကားပြောတာ၊ အပြင်ထွက်လည်တာတွေ တဖြည်းဖြည်း နည်းလာသလို ခံစားရတယ်။
ဒါကြောင့် မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ တွေ့တဲ့အခါ သင့်လက်ထဲက ဖုန်းကို
ခဏတာချပြီး သင့်မိတ်ဆွေ ရဲ့ မျက်နှာနဲ့ မျက်နှာခြင်းဆိုင်ကာ
စကားပြောကြည့်လိုက်ပါ။ စကားပြောတာ ပိုထိရောက်သလို၊ ပိုနွေးထွေးတဲ့
ခံစားမှုမျိုး ရပါလိမ့်မယ်။
ref;TechSpace Journal