This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, January 10, 2013

ရင်သား အလှတရား၏နောက်ကွယ် (မိန်းခလေးတိုင်းအတွက် အထူးဆောင်းပါး)


အလှကုန်ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် အတွင်းသို့ အမျိုးသမီးငယ် တစ်ဦး လှမ်းဝင် သွားနေသည်။ ထို့နောက် ဆိုင်အတွင်း ရောင်းချသော အလှကုန် ပစ္စည်းများကို ကြည့်ရှုပြီး တစ်နေရာ အရောက် သူလိုချင်သော အရာကို တွေ့ရှိရ၍ ဝယ်ယူလိုက်သည်။
အဆိုပါ အမျိုးသမီးငယ် ဝယ်ယူသွားသော အလှကုန်ပစ္စည်း အမျိုးအစားမှာ အိမ်နီးချင်းနိုင်ငံ များမှ ဝင်ရောက်လျက် ရှိသည့် အမျိုးသမီးများ အတွက် ရင်သားကြီးထွားစေသော ရင်သားလူးဆေး ပင်ဖြစ်သည်။

အလှအပကို စိတ်ဝင်စားကြသည့် အမျိုးသမီး များသည် မျက်နှာလှပရန်၊ အသားအရည်ကောင်း ရန် စသည်ဖြင့် အလှအပအတွက် လိုအပ်သော အလှပြင်ပစ္စည်းများဖြင့် လှပရန် လိမ်းခြယ်ကြ၊ ခွဲစိတ် ပြုပြင်ကြသည့် နည်းတူ သဘာဝ အလျောက် ဖြစ်ပေါ်နေသော ရင်သားနှင့် ပတ်သက်၍ ရင်သား လှပရန် နိုင်ငံစုံမှ ထုတ်လုပ်ထားသော လိမ်းဆေး များလူးခြင်း၊ ရင်သားခွဲစိတ် ပြုပြင်ခြင်းများကို အချို့သော အမျိုးသမီးများ ပြုလုပ်ကြသည်ကို တွေ့မြင်လာရသည်။

"အစ်မတို့ဆိုင်ကို လာဝယ်ကြတဲ့ သူတွေထဲ အပျိုတွေဆို ရင်သားကြီး ဆေးဝယ်ပြီး အိမ်ထောင်ကျပြီးတဲ့ သူတွေကတော့ ရင်သားပင့်တင်တဲ့ဆေး သုံးတာ များတယ်" ဟု ကြည့်မြင်တိုင် ညဈေးတွင် အလှကုန်ပစ္စည်းဆိုင် ဖွင့်လှစ်ထားသူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသို့ ထိုင်း၊ တရုတ်၊ အိန္ဒိယတို့မှ ရင်သားလှပစေသော ပစ္စည်းများ အများဆုံးဝင် ရောက်နေသည်ကို တွေ့ရပြီး ဈေးနှုန်းများမှာ ထုတ်လုပ်သည့် နိုင်ငံပေါ် မူတည်၍ ကွဲပြားမှု ရှိသည် ကို တွေ့ရသည်။
ရင်သားလှပအောင် သုံးစွဲသော ဆေးများမှာ လိမ်းဆေးများ အပြင် ဆပ်ပြာ၊ ဖျန်းဆေး စသည်များလည်း ရှိပြီး ဈေးနှုန်းများမှာ အနိမ့်ဆုံးကျပ် ၁၀၀၀ ဝန်းကျင်မှ သောင်းကျော်အထိ ရှိသည်ကို တွေ့မြင် ရသည်။

"ဆိုင်မှာတော့ ထိုင်းက ပစ္စည်းတွေပဲ တင်တယ်။ တခြားတရုတ်တို့ ဘာတို့လည်း အများကြီး ရှိသေးတယ်။ ဈေးနှုန်းတွေကတော့ ထိုင်းက ၄၀၀၀၊ ၄၅၀၀ ဝန်းကျင်လောက်၊ တရုတ်ပစ္စည်း ကျတော့ ၂၀၀၀ ကျော်လောက်ပဲ ရှိတယ်" ဟု အလှကုန်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက ဆိုသည်။

ထိုကဲ့သို့ ရင်သားလူးဆေးများကို ဝယ်ယူ အသုံးပြုကြသူ အမျိုးသမီး အများစုမှာ ဆယ်ကျော်သက် အရွယ်မှ စ၍ အသက် ၃၀ ဝန်းကျင် အမျိုးသမီးများ ဝယ်ယူကြကြောင်း အလှကုန်ဆိုင် ဖွင့်လှစ်ထားသူ အများစုက ပြောဆိုသည်။

"အစ်မ ရင်သားလူးဆေးတွေ လူးခဲ့ဖူးတယ်။ အစ်မသူငယ်ချင်း တစ်ယောက် လက်ဆောင်ပေး လို့ပါ။ ဆေးအညွှန်းမှာ ပါတဲ့အတိုင်း လူးဖြစ်တယ်။ စလူးပြီးတစ်လလောက်မှာ တော်တော် သိသိသာသာ တင်းလာတယ်။ အစ်မလူးတာ ကတော့ side effect မရှိပါဘူး။ တစ်ဘူးပဲ လူးဖြစ်တာပါ။ ဆက်မလူး ဖြစ်တော့ အရင်အတိုင်း ပြန်ဖြစ်တာပါပဲ။ ဒီဆေး တွေက လူးမယ်ဆိုရင် ဆက်ပြီး လူးနေမှ အဆင်ပြေ မယ်ထင်တယ်" ဟု ရင်သားလူးဆေး သုံးစွဲခဲ့သူ အသက် ၃၀ ကျော်အရွယ် မနေရီ (အမည်လွှဲ) က ဆိုသည်။

အဆိုပါ လူးဆေးများကို ဆယ်ကျော်သက် အရွယ် အမျိုးသမီးငယ် အချို့ သုံးစွဲကြခြင်းမှာ အများစုသည် ကိုယ်ခန္ဓာဟော်မုန်းများ သေချာ မဖွံ့ဖြိုးသေးချိန်တွင် ၄င်းတို့၏ ရင်သား သေးငယ်နေသည်ဟု ထင်ကာ သုံးစွဲကြခြင်းဖြစ်သည်။

ထိုကဲ့သို့ ရင်းသား လှပရန် လူးဆေးများ၊ ဆီလီကွန် ထည့်သွင်း၍ ခွဲစိတ်ခြင်းများ ပြုလုပ်ကြ ခြင်းမှာ ရှိရင်းစွဲထက် ပိုမို၍ လှပလိုခြင်းနှင့် အခြား သော အကြောင်းအရင်းများစွာ ရှိသည်ကို တွေ့မြင် ရသည်။
ယင်းအပြင် အချို့သုံးစွဲသူများမှာ ၄င်းတို့ လုပ်ကိုင်လျက် ရှိသော အလုပ်အကိုင် အပေါ် မူတည် ၍ လိုအပ်ချက်အရ သုံးစွဲရခြင်းလည်းရှိသည်။

"လာဝယ်တဲ့သူတွေ ထဲမှာ တချို့ကတော့ တကယ်ကို အမျိုးသမီးတစ်ယောက် ရှိသင့်တဲ့ ရင်သား မရှိလို့ သုံးတဲ့သူတွေ ရှိသလို တချို့ကျတော့လည်း သူတို့ရဲ့ အလုပ်လိုအပ်ချက်ကြောင့် သုံးကြတဲ့သူတွေ ရှိတယ်။ လာဝယ်တဲ့ ကောင်မလေးတွေထဲမှာ KTV တို့၊ Sex Worker လုပ်တဲ့ ကောင်မလေးတွေလည်း ပါတယ်။ သူတို့ကျတော့ အလုပ်ကြောင့် ဝယ်သုံးကြ တာပေါ့"ဟု အလှကုန်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦး ကဆိုသည်။
အဆိုပါ လူးဆေးများကို မြန်မာနိုင်ငံ၌ အမျိုးသမီးများ စတင် အသုံးပြုခဲ့ကြသည်မှာ ၁၀ စုနှစ်ကျော် ကြာမြင့်ခဲ့ပြီဟုလည်း သုံးစွဲသူများနှင့် ဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။

" လူးဆေးတွေကတော့ အန်တီတို့ငယ်ငယ် ၉၄ ခုနှစ်လောက်ကတည်းက ရှိတာပဲ။ အန်တီ့ အသိ တစ်ယောက် နိုင်ငံခြားသွားတုန်း က ဝယ်ခဲ့ပြီး လူးတာ သိရတယ်။ သူလူးတုန်းကတော့ ဆေးတွေ က ထိရောက်တယ်၊ Side Effect မရှိဘူးလို့တော့ ပြောတာပဲ။ နှစ်တွေကြာလာ မှ ဘေးထွက်ဆိုးကျိုး ပေါ်တာကတော့ ဖြစ်နိုင်ပါတယ်" ဟု အသက် ၄၇ နှစ်အရွယ် ဒေါ်ခင်လေးတင့်က ဆိုသည်။

ယနေ့ခေတ်တွင် ရင်သားကြီးထွား တင်းရင်းရန် လူးသော ဆေးများ အပြင် ရင်သားအတွင်း ဆီလီကွန် ထည့်သွင်း၍ ခွဲစိတ်ပြုပြင်ခြင်းများ ပိုမို လုပ်ဆောင်လာကြသည်ကိုလည်း တွေ့မြင်ရသည်။

အဆိုပါ ရင်သား ခွဲစိပ်ပြုပြင်မှုကို မြန်မာ နိုင်ငံတွင် တရားဝင် ခွင့်ပြုထားခြင်း မရှိသော်လည်း ယာယီလိုင်စင်များ ထုတ်ပေးနေပြီး ယခုအခါ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် ခွဲစိတ်ပြုပြင် မှုများ ပြုလုပ်ပေးလျက် ရှိသည်။

ရင်သားတွင်းသို့ ဆီလီကွန်များ ထည့်သွင်း၍ ရင်သား အလှပြုပြင်ရာတွင် အနိမ့်ဆုံး ကုန်ကျစရိတ် သိန်း ၄၀ ကျော် ကုန်ကျသည့် အတွက် မြန်မာနိုင်ငံ ၏ လက်ရှိဝင်ငွေ အနေအထားအရ သာမန်လူလတ် တန်းစား အမျိုးသမီးများ လုပ်ဆောင်ကြရန် မလွယ် ကူဘဲ ငွေကြေး တတ်နိုင်သူများသာ ပိုမို လုပ်ဆောင် ကြသည်။

ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးထု၏ ၂၀ ရာခိုင်နှုန်းသည် ရင်သားအလှကို ပြုပြင်လိုကြပြီး အနောက်နိုင်ငံများတွင် ပိုမို၍ ပြုပြင် ခွဲစိတ်လိုကြ ကာ အမေရိကန်ပြည်ထောင်စုတွင် အမျိုးသမီးထု ၏ ထက်ဝက်ခန့်သည် ရင်သားပြုပြင်လိုကြသည် ဟု စစ်တမ်းများအရ သိရသည်။

ရင်သားအတွင်း ဆီလီကွန် ထည့်သွင်းခြင်း သည် ပိုမိုမြန်ဆန်သော သက်ရောက်မှု ရှိသော်လည်း ကျန်းမာရေးအတွက် ဘေးထွက် ဆိုးကျိုးများ ရှိသည် ကို "ရင်သားခွဲစိတ်ပြီဆိုကတည်းက ပထမဆုံး ခွဲရတဲ့ Side Effect ကြုံရတာပါပဲ။ ပြီးရင် တခြား ဘာတွေဖြစ်နိုင်သလဲဆိုရင် ဆီလီကွန် အမျိုးအစား ပေါ်မူတည်ပါတယ်။ ကိုယ် ထည့်တဲ့ ဆီလီကွန် မကောင်းရင် Pressure နိမ့်တဲ့ နေရာတွေ သွားလို့ မရဘူး။ ဖြစ်ခဲ ပေမယ့် လေယာဉ်တွေ ပေ ၂၀ç၀၀၀ ကျော်လောက် ရောက်ရင် မတော်တဆ ပေါက်ထွက် သွားနိုင်တယ်။ ပြီးတော့ Computer,TV တွေ အကြည့်များရင် လည်း Megnetic Wave ထွက်တဲ့အတွက် ခွဲစိတ် ထားတာ ကျုံ့သွားနိုင်တယ်။ ဒါပေမဲ့ ခုတော့ LED တွေ သုံးလာကြပြီဆိုတော့ သိပ်တော့မဆိုး တော့ဘူး။
အဲတော့ ဆီလီကွန် ထည့်တယ်ဆိုတာ လည်း နှစ်အပိုင်းအခြား ရှိပါတယ်" ဟု ဒေါက်တာ သီဟသစ်ကဆိုသည်။

ရင်သား အလှအပအတွက် လိမ်းဆေးများစွာ ထဲတွင် နိုင်ငံစုံမှ ထုတ်လုပ်သော လူးဆေးများ အပြင် ဘေးထွက်ဆိုးကျိုး မရှိဟု ဆိုကာ ဆေးကုမ္ပဏီ များက ထုတ်လုပ်ထားသော လူးဆေးများလည်း ဈေးကွက်အတွင်း ရောင်းချလျက် ရှိသည်။

အမျိုးသမီးများသည် ရင်သား တင်းရင်း လှပအောင် ပြုပြင်ကြ ရာတွင် ဘေးထွက်ဆိုးကျိုး များစွာ ရှိနိုင်ကြောင်း၊ လိမ်းဆေးလူးဆေးများကို သုံးစွဲရာတွင် အဆိုပါဆေးများသည် မည်မျှပင် သဘာဝကို အခြေခံထုတ်လုပ်သည်ဆိုသော်လည်း ဆေးနှင့်ပတ်သက်သည့် အာမခံချက်မရှိကြောင်း ဒေါက်တာသီဟသစ်က ဆိုသည်။

"ရင်သားလူးဆေးတွေ လူးတယ်ဆိုတာ အမျိုးမျိုးရှိပါတယ်။ အစ်မလူးဖြစ်တာကတော့ ကလေးမွေးပြီးတော့ ပုံပျက်သွားလို့ လူးဖြစ်တာ။ ဒါပေမဲ့ ခဏပဲ လူးဖြစ်တယ်။ နောက်ပိုင်းဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရှိမယ် မသိလို့။ ဆေးတွေ က ထိရောက်မှု ရှိလား ဆိုတော့ ပြောတော့ သိပ် မပြောတတ်ဘူး ခဏပဲ လူးဖြစ်တာဆိုတော့" ဟု ရင်သားလူးဆေးများ လူးဖြစ်ခဲ့သူ မိခင်တစ်ဦး ဖြစ်သူ မသန္တာ (အမည်လွှဲ) ကဆိုသည်။
ထို့ပြင် ရင်သားတင်းရင်း လှပစေရန် အာမခံ ဖြင့် လိမ်းဆေးများ၊ စက်များကို အသုံးပြု၍ ပြုပြင် ပေးနေသော အလှပြင်ဆိုင်များလည်း ရှိသည်။

အဆိုပါ လိမ်းဆေးများ၊ စက်များကို အသုံး ပြု၍ ရင်သားတင်းရင်းအောင် ပြုလုပ်ခြင်းသည် အချိန်အားဖြင့် နှစ်ပတ်ခန့်သာ ကြာမြင့်ပြီး ကျပ် သုံးသိန်း ဝန်းကျင်ခန့် ကုန်ကျကြောင်း ဆိုင်ဖွင့်လှစ် ထားသူ တစ်ဦးက ဆိုသည်။

"အစ်မတို့ ဆိုင်မှာက ရင်သားကို တင်းရင်း အောင်လုပ်ပေးတာပါ။ ရင်သားကြီးအောင်လုပ်တာ မဟုတ်ဘဲ ရင်သားသေးချင်တဲ့ အမျိုးသမီးတွေကို လုပ်ပေးတာပါ။ USA ဆေးကိုသုံးပြီးလုပ်ပေး တာပါ" ဟု ၄င်းက ထပ်မံပြောဆိုသည်။

"လေ့လာ မိသလောက် ရင်သားလူးဆေး တွေက ရင်သားမှာရှိတဲ့ အဆီ တစ်သျှူးတွေကို လှုံ့ဆော်တဲ့ သေ****။ အဲဒီတော့ အဆီတွေ ကို လှုံ့ဆော်တဲ့ အတွက် ပုံမှန် မဟုတ်တဲ့ အကျိတ်တွေ ဖြစ်နိုင် တယ်။ ပြီးတော့ ဒီဆေးတွေက ဘယ်သူမှ ဓာတုပစ္စည်းတွေ မပါ ဘူးလို့ အာမမခံနိုင်ဘူး။ ဒီဆေး တွေသုံးလို့ ဘာမှမဖြစ်နိုင်ဘူးလို့ သုံးဖူးတဲ့သူက ပြောလို့ ကိုယ်ကသုံးတဲ့အခါ တစ်ရာမှာ ၉၉ ယောက်က ဘာမှမဖြစ်ဘဲ ကိုယ့်ကျမှဖြစ်တာမျိုး ရှိနိုင်တယ်" ဟု ဒေါက်တာသီဟသစ်က ထပ်မံ ပြောဆိုသည်။

အမျိုးသမီးများသည် ရင်သားလူးဆေးများ သုံးခြင်း၊ ခွဲစိတ်ပြုပြင်ခြင်းများထက် လေ့ကျင့်ခန်း လုပ်၍ ရင်သားဖွံ့ဖြိုးအောင် လုပ်ဆောင် နိုင်ကြောင်း၊ လေ့ကျင့်ခန်းလုပ်ရန် အချိန်မရပါက မိမိတို့၏နေထိုင် စားသောက်ပုံကိုပြောင်း၍ ပြုပြင်နိုင်ကြောင်း ၄င်းက ထပ်မံ အကြံပြုပြောဆိုသည်။

ထို့ပြင် ရင်သားပြုပြင်ထားသူများ သာမက သဘာဝအတိုင်း ထားရှိသူများပါ အခါအားလျော် စွာ မိမိတို့၏ရင်သားကို အကျိတ်ရှိ မရှိ စမ်းသပ် ကြည့်ရှုစေလိုကြောင်း၊ သို့မှသာ ရောဂါတစ်ခုခု ဖြစ်ပေါ်လာပါက အချိန်မီ စမ်းသပ် ကုသနိုင်မည် ဖြစ်ကြောင်း ဒေါက်တာ သီဟသစ်က ရှင်းပြသည်။

အလှအပကို လူသားတိုင်း မြတ်နိုးတတ်သော် လည်း သာမန်ထက်ပို၍ လှလိုခြင်း၊ သဘာဝတရား ကို ကျော်လွန်၍ ပြုပြင်ခြင်းများ သည် ရေရှည်တွင် ဘေးထွက်ဆိုးကျိုး အချို့ ဖြစ်ပေါ်နိုင်သောကြောင့် သတိနှင့်ယှဉ်၍ ပြုမူ လုပ်ဆောင်ခြင်းသည်သာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေသည်။

ဆွေငြိမ်းအေး၊ သီရိ

The Voice Weekly

ကရင့်တူရိယာ ပစ္စည်းများ

ကရင့်တူရိယာ ပစ္စည်းများ

ကရင်လူမျိုးတို့သည် အဆို၊ အက၊ အတီး၊ အမှုတ်တို့ကို ၀ါသနာ ထုံကြသည့်အလျောက် ကိုယ်ပိုင် တူရိယာများ ကိုလည်း တီထွင်ပြုလုပ်လေ့ရှိသည်။ အချို့သော တူရိယာပစ္စည်းများသည် တီးမှုတ်ရန်အသုံးပြုခြင်းအပြင် အမျိုးသား အထိမ်းအမှတ်၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် အမြတ်တနိုး သိမ်းဆည်းလေ့ရှိကြသည်။ ကရင်လူမျိုးတို့၏ ကိုယ်ပိုင်တူရိယာပစ္စည်းများကို ဖော်ပြရသော် -

(၁) ကလို (ခေါ်) ဖားစည်၊
(၂) ခွေ (ခေါ်) တံပိုး၊
(၃) ပီဘာ (ခေါ်) ပြွေ (သံစုံပြွေ)၊
(၄) ဂိန် (ခေါ်) မိကျောင်းလျှာ တူရိယာတစ်မျိုး၊
(၅) ဏာဒိန် (ခေါ်) စောင်းကောက်၊
(၆) ပေါ်ကူး (ခေါ်) ၀ါးပတ္တလား၊
(၇) သောင့်ထွန် (ခေါ်) သောတု (ခေါ်) တယော၊
(၈) ထာ့ (ခေါ်) အိုးစည်ရှည်၊
(၉) ခနာ (ခေါ်) ဗျတ်စောင်းငယ်တစ်မျိုး။
(၁) ကလို (ခေါ်) ဖားစည်
ကလို (ခေါ်) ဖားစည်မှာ အမျိုးသား အထိမ်းအမှတ် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အမြတ်တနိုး သိမ်းဆည်းထားလေ့ ရှိသော တူရိယာပစ္စည်း ဖြစ်သည်။

ဖားစည်ပြုလုပ်ခြင်း


ယေဘုယျအားဖြင့် ဖားစည်ကိုသတ္တုဖြင့် သွန်းလုပ်ထားကြသည်ဟု နားလည်ထားကြသည်။ ဖားစည်သွန်းလုပ်ခြင်းကို တတ်သိနားလည်သူတို့က ပဉ္စရူပခေါ် သတ္တုငါးမျိုးဖြစ်သော ရွှေ၊ ငွေ၊ ကြေးနီ၊ ခဲနှင့်သွပ်တို့ဖြင့် သွန်းလုပ်ရသည်ဟုဆို၏။ ဖားစည်၏ မြည်ဟီးအသံ သာယာစူးရှမှုအရ ထိုအဆိုသည် မှန်ကန်နိုင်ပေသည်။


ဖားစည်၏အသံသည် သာယာ၍ အေးမြသည်။ ငြိမ့်ညောင်းခြင်း မရှိသော်လည်း စူးရှ၍ ထည်ဝါနေသည်။ အသံထွက်ထုံ၍ ခပ်အုပ်အုပ် ဖြစ်သော်လည်း အသံလှိုင်းများ ဝေးစွာ၍လွင့်ပြေးသည်။ လျှိုကြားမြိုင်ကြောတွင် တီးခတ်ပါက အသံပို၍ပြေးသည်။ တောတောင်များရှင်းနေလျှင် အသံမှာဟိန်း၍ ရှည်လျားနေသည်။ ရှေးအခါက စာဆိုများအရ ဖားစည်သံသည် သုံးယူဇနာ အဝေးကပင် ကြားနိုင်သည်ဟုဆို၏။ ဖားစည်၏ လိုချင်သောအသံ အသံလွင်လွင်လေး ဖြစ်စေရန်မှာ ပဉ္စရူပခေါ် သတ္တုငါးမျိုးဖြစ်ကို အချိုးကျ သွန်းလုပ်နိုင်မှသာ ရရှိနိုင်သည် ဆိုကြသည်။

(၂)ခွေ (ခေါ်) တံပိုး

ခွေ (ခေါ်) တံပိုးတူရိယာသည် ပါးစပ်ဖြင့် မှုတ်ရသော တူရိယာပစ္စည်းဖြစ်သည်။ အများအားဖြင့် ကျွဲချိုဖြင့် ပြုလုပ်လေ့ရှိသောကြောင့် ကျွဲချို ဟူ၍ အများက သတ်မှတ်၍ ခေါ်ဝေါ်ကြသည်။ သို့ရာတွင် အောက်ပါ အရာဝတ္ထုတို့ဖြင့်လည်း ပြုလုပ်ကြသည်ကို တွေ့ရသည်။

(၁) သမင်ဦးချို၊
(၂) ၀ါး၊
(၃) သစ်သား၊
(၄) ဆင်စွယ်၊
(၅) ဆတ်ဦးချို၊
(၆) အောက်ချင်းငှက်နှုတ်သီး။

တံပိုးပြုလုပ်ခြင်း


ခွေ (ခေါ်) တံပိုးပြုလုပ်ရာတွင် တစ်ပေကျော်ခန့်ရှိသော ကျွဲချိုကိုဖြတ်ယူပြီး ထိပ်နှစ်ဖက် တောက်လျှောက် အပေါက်ကို ယူရသည်။ ကျွဲချို၏ အရင်းပိုင်း သုံးပုံတစ်ပုံခန့်တွင် လျှာခင်အပေါက်တစ်ပေါက်ကို ဖေါက်ယူ ရလေသည်။ ငွေပြားဖြင့် အပေါက်လျှာခင်အဖြစ် ခပ်စောင်းစောင်း တပ်ထားရလေသည်။ လျှာခင်အပေါက်ကို နှုတ်ဖြင့်မှုတ်ပြီး လက်ယာဖက်လက်သည် ကျွဲချိုထိပ်ပိုင်းကိုပိတ်၍ အဖွင့်အပိတ်လုပ်ပြီး မှုတ်ခြင်းဖြင့် အသံ အကြီးအသေး မြည်လာလေသည်။ ဟိန်း၍ စူးရှကျယ်လောင်သောအသံ ငြိမ့်ညောင်းသာယာသော အသံများကို အမျိုးမျိုး မှုတ်ယူ၍ရလေသည်။


ကျွဲချို၊ ဆတ်ချိုတို့ဖြင့် ပြုလုပ်သော တံပိုးသည် ပြုလုပ်ရခက်ခဲခြင်းရှိပြီး နေရာတကာတွင် အသုံးပြုလုပ်လေ့ မရှိချေ။ မင်္ဂလာရှိသော ကိစ္စရပ်တို့တွင်သာ အသုံးပြုကြသည်။ အခြားသောကိစ္စရပ်များ အထူးသဖြင့် အမင်္ဂလာ ကိစ္စရပ်များတွင် အသုံးပြုပါက ကျေးရွာကိုသော်လည်းကောင်း၊ အသုံးပြုသူကို သော်လည်းကောင်း ခိုက်တတ်သည်ဟု ယူဆကြသည်။ ဆင်စွယ်နှင့် ပြုလုပ်သော တံပိုးသည် နယ်စား၊ ကျေးရွာအကြီးအကဲတို့၌သာ ပြုလုပ်ထားရှိနိုင်လေသည်။ ဆင်စွယ်ကို ရွှေကွင်း၊ ငွေကွင်းတို့ဖြင့် အဆင့်ဆင့် ညှပ်ကွပ်ထားနိုင်လျှင် အလွန် လှပ၍ တန်ဖိုးမြင့်သော တူရိယာပစ္စည်းအဖြစ် သတ်မှတ်ကြလေသည်။ ဆင်စွယ်တံပိုးကို အမြတ်တနိုး ထွတ်မြတ်သော နေရာတို့တွင် သိမ်းဆည်းလေ့ရှိပြီး အမျိုးသားရေးရာကိစ္စတို့မှာသာ အသုံးပြုကြသည်။ အောက်ချင်းငှက် နှုတ်သီး၊ ၀ါး၊ သစ်သားတို့ဖြင့်ပြုလုပ်သော တံပိုးများသည် နွားကျောင်းသား၊ ကျွဲကျောင်းသား၊ ဆင်ထိန်းသမားတို့အများအပြား သုံးစွဲကြသည်ကို တွေ့ရှိနိုင်သည်။ တောတောင်များတွင် သွားလာရာ၌ လမ်းမှားရောက်ခြင်း လူစုကွဲခြင်းဖြစ်သည့်အခါ အချက်ပေးအဖြစ်မှုတ်လေ့ရှိကြသည်။

(၃) ပီဘာ (ခေါ်) ပြွေ (သံစုံပြွေ)


ကရင့်အခေါ် ပီဘာသည် "ပီ" မှာ ပြွေဟူ၍ အဓိပ္ပါယ်ရပြီး "ဘာ" ဟူသော ကရင်စကားသည် ရှိခိုးကန်တော့ခြင်း အဓိပ္ပါယ်ရသည်။ ပီဘာကို မှုတ်ရာတွင် နှုတ်ခမ်းဖြင့်တေ့၍ လက်နှစ်ဖက်ဖြင့် အစီအစဉ်တကျ လက်ဝါးဖြင့် ကိုင်တွယ်ရပြီး လက်အုပ်ချီဟန်ပန် ကန်တော့ခြင်း သဏ္ဍာန် ဆောင်လေသည်။ ပီဘာသည် အလွန်ရှားပါးသော ရှေးကျသည့် ကရင်တူရိယာတစ်မျိုးဖြစ်သည်။

ပြွေ ပြုလုပ်ခြင်း


ပီဘာကို အများအားဖြင့် ၀ါးဖြင့်ပြုလုပ်လေ့ရှိသည်။ သို့ရာတွင် အချို့ဒေသများ၌ ကြေးဝါးချောင်းဖြင့် လည်းကောင်း၊ ကျွန်းသား၊ ယမနေသား စသောသစ်သားတို့ဖြင့်လည်းကောင်း ပြုလုပ်ကြသည်လည်းရှိသည်။ ကြေးဝါးချောင်းဖြင့် ပြုလုပ်ရာတွင် ချမ်းသာကြွယ်ဝသူများ ကျေးရွာခေါင်းဆောင်များတို့ပါ ပြုလုပ်နိုင်ကြသည်။ ပီဘာကို ပြုလုပ်ရာတွင် အုံကိုခရုသင်းခွံကဲ့သို့ လုံးလုံးဝန်းဝန်းနှင့် မှုတ်ရန် နှုတ်ခမ်းအပေါက်ကို သီးခြား ကွပ်ညှပ်ထားလေသည်။ ပီဘာအုံ အလယ်တည့်တည့်တွင် ပီဘာပြွေချောင်းများ တပ်ဆင်ရန် အပေါက် ရှည်လျားလျားကို တိုးလျှိုးပေါက် ဖေါက်ထွင်း ယူရသည်။

ထီးရိုးဝါးကဲ့သို့သော ဖြောင့်တန်းသည့် လုံးချောဝါးများကို အချောင်းအလိုက် အနိမ့်အမြင့် အစဉ်လိုက်တွဲပြီး ပီဘာအုံတွင် စိုက်ထောင်၍ အောက်ခြေမှနှစ်ပေကျော် တစ်ပေကျော်ခန့်တွင် တစ်လက်မစီ အနိမ့်အမြင့် စီတန်းထားလေသည်။ ပီဘာအုံ၏ အထက်နှစ်လက်မခွဲ၊ သုံးလက်မခန့်တွင်တွဲထားသော ၀ါးလုံးတိုင်ကို သေးငယ်သော အပေါက်ကလေးများ ဖေါက်ထားရသည်။ ပီဘာအုံအပေါက်တွင် ငွေပြားဖြင့် လျှာခင်အဖြစ် ထည့်ထားရလေသည်။ ပီဘာကိုမှုတ်ရန် အထွက်အပေါက်ဖက်ရှိ ရှေ့ပြွန်နှစ်လုံးကို အပေါက်ကလေး ဖေါက်ထားရလေသည်။ ပီဘာကို မှုတ်ရာတွင် လက်နှစ်ဖက်ဖြင့် ပီဘာအုံကို ကိုင်ထားရပြီး လိုသော အသံမျိုးစုံကို ထွက်နိုင်အောင် ပြွန်ရှိအပေါက်များကို လက်ချောင်းများဖြင့် ပိတ်၍ဖွင့်၍ မှုတ်ရသည်။ သို့ကြောင့် ပီဘာသည် သံစုံပြွေဖြစ်လာလေသည်။
(၄) ဂိန် (ခေါ်) မိကျောင်းလျှာ
ဂိန် (ခေါ်) မိကျောင်းလျှာကို ကရင်အမျိုးသား ကာလသား လူပျိုတို့ကသာ သုံးလေ့ရှိသော တူရိယာ ဖြစ်သည်။ တူရိယာဟု ဆိုအပ်သော်လည်း အခြားသော တူရိယာတို့ဖြင့် တွဲဖက်၍ တီးလေ့မရှိပါချေ။ ပါးစပ်ဖြင့် အာခေါင်အထိငုံ၍ လေမှုတ်လက်ခတ်တီးရသော တူရိယာပစ္စည်းလည်းဖြစ်သည်။

မိကျောင်းလျှာ ပြုလုပ်ခြင်း


ဂိန်ကိုဝါးဖြင့် သော်လည်းကောင်း၊ သံချောင်းကလေးဖြင့် သော်လည်းကောင်း ပြုလုပ်ယူကြသည်။ ဂိန်ကို ပြုလုပ်ယူကြရာတွင် ကောင်းစွာ ရင့်နေသော အရှည် တစ်ထွာခန့်ရှိသည့် ၀ါးခြမ်းကိုဖြတ်ယူပြီး အလယ်တွင် အလျားလိုက် လျှာခင်ဖြစ်အောင် ထွင်းယူရလေသည်။ ပါးစပ်ဖြင့် မှုတ်ရမည့် နေရာတွင် အဟိုက်ဖြစ်အောင် ပြုလုပ်ယူရသည်။ ဂိန်ကိုမှုတ်ရာတွင် ပါးစပ်ဖြင့်ငုံထားရပြီး လက်ယာလက်က ဂိန်၏ လျှာခင်အဖျားကို လက်ညှိုးနှင့် ခတ်၍ အသံထွက်လာလေသည်။ ထွက်လာသော အသံအလိုက် သီချင်းတွဲမှုတ်ယူ၍ ရလေသည်။ အချို့က ဂိန်ကိုသံချောင်းနှင့် ခွေယူပြီး လျှာကိုသံပြားလေးနှင့် တပ်ဆင်မှုတ်လေသည်။ သံဖြင့် ပြုလုပ်သော ဂိန်သည် ၀ါးဖြင့် ပြုလုပ်သော ဂိန်ထက် ပို၍ အသံလွင်လေသည်။ ဂိန်ကို ကရင်အမျိုးသား ကာလသား လူပျိုတို့က အပျိုရှိရာအိမ်သို့ ညအခါ လူပျိုလှည့် လည်ပတ်ရင်း မိမိပြောလိုသော စကားကို သီချင်းလင်္ကာတို့ဖြင့် အပျိုအား သိစေသည်။ စင်စစ် ဂိန် (ခေါ်) မိကျောင်းလျှာသည် လူပျိုကာလသားတို့၏ လက်စွဲ တူရိယာ ဖြစ်သည်ဟုဆိုလျှင် မှားမည် မဟုတ်ချေ။

(၅) ဏာဒိန် (ခေါ်) စောင်းကောက်

ကရင်အမျိုးသား တူရိယာများအနက် ဖားစည်ကလွဲလျှင် ဏာဒိန်(ခေါ်) စောင်းကောက်သည် လူသိများ၍ နှစ်သက်ကြသော တူရိယာပစ္စည်းဖြစ်သည်။ စောင်းကောက်သံသည် လူတိုင်းက နှစ်သက်ကြသည်။ အခြားသော တူရိယာများနှင့် တွဲဖက်၍ တီးခတ်ရသော်လည်း စောင်းကောက်သက်သက်ဖြင့် တီးခတ်ခြင်းကို ပို၍ နှစ်သက်ကြသည်။ အထူးသဖြင့် ညအခါ တီးခတ်ရာတွင် အလွန် သာယာသော တူရိယာတစ်မျိုးဖြစ်သည်။ စောင်းသံ၏ အညုအဆွဲသည် သေသူပင် ပြန်ရှင်မတတ်ရှိသည်ဟု အဆိုအမွှန်းပြုကြသည်။ ကရင့် စောင်းကောက်တွင် ကြိုးငါးချောင်း သို့မဟုတ် ခုနှစ်ချောင်းဖြင့် တပ်လေ့ရှိသည်။ မျက်မှောက်တွင် ခေတ်သီချင်းများ တီးခတ်နိုင်ရန် ကြိုး ၁၀ ချောင်းမှ ၁၂ ချောင်းအထိ တပ်ယူကြသည်။ ရှေးအခါက စောင်းကြိုးကို ပျားဖယောင်းဖြင့် လွန်းတင်၍ ကျစ်ထားသော လျှော်မျှင်၊ ကြိုးနွယ်ပင်၊ ၀ါးမျှင်၊ ပိုးချည်တို့ဖြင့် တပ်လေ့ ရှိသော်လည်း မျက်မှောက်တွင် နိုင်လွန်ကြိုး၊ သံမဏိကြိုးတို့ဖြင့် အသုံးပြုလာကြပေပြီ။

စောင်းကောက်ပြုလုပ်ခြင်း


စောင်းကောက်ကို ပြုလုပ်ရာတွင် ကိုယ်ထည်ပိုင်းနှင့် ခေါင်းပိုင်းဟူ၍ နှစ်ပိုင်းခွဲခြားထားလေသည်။ ကိုယ်ထည်ကို သစ်သားတစ်မျိုးနှင့် ပြုလုပ်ပြီး ခေါင်းပိုင်းကို အခြား သစ်သားတစ်မျိုးနှင့် ပြုလုပ်ယူလေ့ ရှိသည်။ ကရင့် စောင်းကောက် ခေါင်းပိုင်းသည် ဗမာ စောင်းကောက်ကဲ့သို့ ကွေးညွတ်ခြင်း မရှိလှချေ။ လောက်လေးကိုင်း မျှလောက်သာ ကောက်သည်။ အထူးသဖြင့် ကိုယ်ထည်ပိုင်းကို မာသော သစ်သားတို့ဖြင့်သာ ပြုလုပ်၍ရသည်။

စောင်းကိုယ်ထည်ကို အလျားသုံးမိုက်၊ အနံတစ်မိုက်ခန့်ထား၍ အခေါင်းထွင်းကာ ဒရယ်သားရေ၊ ချေသားရေ တို့ဖြင့် ဖုံးအုပ်ပြီး ကိယ်ထည်ဘေးနှစ်ဖက်တွင် အပေါက်နှစ်ပေါက် ဖောက်ထားသည်။ ယင်းအပေါက်ကို "နတ်သမီးပေါက်" ဟူ၍ ခေါ်ကြသည်။ စောင်း၏ခေါင်းပိုင်းကို ကိုယ်ထည်နှင့် ဆက်စပ်ယူပြီး ထိပ်ပိုင်းတွင် ကြိုးတပ်၊ ကြိုးတင်းရန် လက်တံကို ထားရှိရသည်။ စောင်းခေါင်းပိုင်းသည် သဘာဝ ကောက်နေသော သစ်သားတို့ဖြင့် အလျားခြောက်မိုက်ခန့် အရှည်ယူ၍ တပ်ဆင်ယူရသည်။

ဏာဒိန်ယူသီ့ (ခေါ်) လွမ်းအောင်ဖန်စောင်း


ဏားဒိန်ယူသီ့ (ခေါ်) လွမ်းအောင်ဖန်စောင်းသည် အထွတ်အမြတ်ထားသော စောင်းတစ်မျိုးဖြစ်သည်။ အချို့က တော်ဝင်စောင်း ဟူ၍ အမည်သတ်မှတ်ပေးကြသည်။ တော်ဝင်စောင်းကို အချို့က ဏားဍိင်ကိုင် နာဒိန်ဘားကန် ဟုလည်း ခေါ်ကြသေးသည်။ ထိုစောင်းကို ပြုလုပ်ရာတွင် အစီအရင်တစ်မျိုးနှင့် လုပ်ယူရလေသည်။ ကိုယ်ထည်ကို ပိတောက်သားဖြင့် ပြုလုပ်ရပြီး ခေါင်းပိုင်းကို ယင်းတိုက်သားနှင့် ပြုလုပ်ယူကြသည်။ ကြိုးတပ် ကြိုးတင်းရန် လက်တံကို သစ်၊ ဆင်စွယ်ဖြင့် ပြုလုပ်ပြီး တပ်ဆင်ရသည်။ ထိုစောင်းကို ပြုလုပ်ရာတွင် မပြီးမချင်း တောထဲ၌သာ ထားခဲ့ရခြင်းဖြစ်သည်။ စောင်းကိုပြုလုပ်ပြီး စောင်းကြိုးတပ်သောအခါ စောင်းအိုးအပေါက်တွင် ပန်းခုနှစ်မျိုး ခုနှစ်ပွင့် သွင်းရလေသည်။ စောင်း၏ အမြုတေ ခေါ်အပ်သော ဏာဒိန်အပနယ့် ကို ထည့်ရလေသည်။ ပန်းညို ခုနှစ်ပွင့်၊ စကားဝါပွင့်၊ နန်းလုံးကြိုင်၊ ဆောင်တော်ကူး၊ တရုတ်စကား၊ စကားစိမ်းပွင့် စသည့် ခုနှစ်ပွင့်ကို ထည့်သွင်းပြီးလျှင် စောင်းကြိုးညှိကာ ထိုတောအုပ်၌ပင် သီချင်းနှင့် သီဆိုတွဲဖက်ပြီး တီးခတ်ရလေသည်။


အထက်ပါ အစီအရင်အတိုင်း စီရင်သီဆို တီးခတ်ပြီးသောအခါမှသာ ရွာသို့ ယူဆောင်၍ ရလေသည်။ ထိုစောင်းကို သီဆိုတီးခတ်လျှင် ကြားရသူတိုင်း လွမ်းဆွေးကြရသည်ဟု ရှေးလူကြီးများက ဤသို့ မှာကြားချက် တစ်ရပ် ရှိပေသည်။ "ဏာဍိင်ယူသီ့ ဏာဍိင်က်ုလယ်၊ ဏာဍိင်မွဲာ ကႜင်ကိႜင်းအ်ုလယ့်၊ အေဍယ်စူးလင် အ်ုပးနယ့် ဍယ်ထင်းဍယ်လင် မေးထီ့ဟှယ့်။" လွမ်းဖွယ်ကောင်းသော စောင်းမဟာကို ကြန်အင်နှင့် ပြည့်စုံသော ပိတောက်သားနှင့် ထုလုပ်ထားပါသည်။ စောင်း၏ အမြုတေဖြစ်သော ပန်းခုနှစ်မျိုးဖြင့် စီရင်အပ်သည်ဖြစ်၍ တီးခတ်ပါက ကြားရသူတိုင်း မျက်ရည်မဆည်နိုင်အောင် လွမ်းဆွေးဘွယ်ရာ ဖြစ်ပါသည်။ ထို့အပြင် အစီအရင်နှင့် ပြီးသော လွမ်းဘွယ်စောင်း (၀ါ) တော်ဝင်စောင်းကို ဤသို့ဆင့်၍ ပိုးကရင်လင်္ကာဖြင့်  အမွှန်းပြု ထားပေသေးသည်။

ကာလသား ကာလသမီးတို့ ပိုင်ဆိုင်သော စောင်းကောက်တစ်မျိုးကိုလည်း ဤသို့ ဖွင့်ဆိုထားကြသည်။ "ဏာဍိင်ယူသီ့ ဏာဍိင်အွာ၊ ဏာဍိင်မူးဏင်. ဖေါဟ်သးခွ့၊ အေဍယ်ထင်း ကေ၀်မူးဏာဏာ၊ ဟ်ုယှာ.လ်ုဖံႜုဏင်းထင်းသာ၊ ဏာဍိင်ယူ.မုဂ် ဏာဍိင်က်ုလ၀်၊ မ်ုဍယ်လေ ဍုံဍူးဍံထ၀့်၊ အေဍယ်ထင်း ကေမူဟှဝ်ဟှဝ်၊ ဟ်ုသီ့မု့်ထင်းထာင်လ၀့်။" ဖြူစင်သန့်ရှင်းလှသော ကာလသား ကာလသမီးတို့၏ စောင်းကောက်ကို ညအခါ တီးခတ်ပါက လူကြီးသူမတို့ပင် လူငယ်အတိတ်ဘ၀ကို ပြန်ပြောင်းသတိရပြီး အိပ်ရာမှထ၍ မှေးစက်ခြင်း မရနိုင် ဖြစ်ရသည်။ ထိုနည်းတူပင် ရောင်နီပျိုးချိန် နံနက်ဆည်းဆာတွင် တီးခတ်ပါက သေသူပင် ပြန်လည် အသက်ရှင်လိမ့်မည်ဟူ၍ ဆိုလေ၏။
(၆) ပေါ်ကူး (ခေါ်) ၀ါးပတ္တလား
ကရင်လူမျိုးတို့၏ ရိုးရာ တူရိယာများ အနက် ပေါ်ကူး (ခေါ်) ၀ါးပတ္တလားသည် ရှေးကျလှသော တူရိယာ တစ်ခုပင် ပါဝင်လေသည်။ စာတစ်စောင် ပေတစ်ဖွဲ့ဖြင့် မှတ်တမ်းတင်ခဲ့ခြင်း မရှိသဖြင့် မည်သည့် ခေတ်အခါလောက်ကတည်းက ပေါ်ကူး (ခေါ်) ၀ါးပတ္တလားကို ကရင်လူမျိုးတို့ မည်သည့် အချိန်မှ စတင် သုံးစွဲခဲ့ကြောင်းကို အတိအကျ ဆိုရန် ခက်လှသည်။ ကရင်လူမျိုးတို့သည် တောင်ယာ ခုတ်ခြင်း၊ အမဲလိုက်ခြင်း၊ တောတောင်များအတွင်း သွားလာခြင်းပြုရာမှ အနားယူနေသည့် အခါတွင် ဒူးလေး၊ မြားကို ပြုလုပ်၍ ရြှိုကသည်။ ထိုသို့ ပြုလုပ်နေစဉ် ၀ါးဆစ်များကို ခုတ်ထစ် ပိုင်းဖြတ်၍ တီးခတ်ကြည့်ရာ အသံအမျိုးမျိုး ထွက်လာသည်ကို အကြောင်းပြုပြီး ၀ါးပတ္တလားကို စတင် လုပ်ယူကြသည်ဟု ကရင်လူကြီးများက ဆိုကြသည်။

ဝါးပတ္တလား ပြုလုပ်ခြင်း


ပေါ်ကူးကို ၀ါးလုံး (၉) လုံးဖြင့် များသောအားဖြင့်ပြုလုပ်ကြပြီး အချို့မှာ ၀ါးလုံး (၁၁) လုံးအထိ ပြုလုပ်ကြကြောင်း တွေ့ရှိနိုင်ပေသည်။ ၀ါးအရင်းမှ တစ်ပိုင်းစီတစ်ပိုင်းစီ အဆစ်ခံ၍ ဖြတ်ယူလေ့ရှိကြသည်။ ၄င်းအဖျားပိုင်း (၃) ချိုး (၂) ချိုးအထိ တစောင်းကျအောင် ခုတ်ဖဲ့ပြီး အသံကို ညှိယူရသည်။ ၀ါးခြမ်းသစ်သား စသည်ဖြင့် လည်ကောင်း တုတ်တံထိပ်ပိုင်းကို အ၀တ်ကဲ့သို့သောအရာဖြင့် စီးပတ်၍ သော်လည်းကောင်း တီးခတ်သံအဖြစ် ပြုလုပ်ကြသည်။ အလယ်ဝါးကို သံမှန် (၀ါ) မူလအသံဖြင့်ထားပြီး ၀ါး (၉) လုံးပါပေါ်ကူးကို အသံစဉ်အလိုက် ညှိယူကြောင်း သိရှိရပါသည်။ မျက်မှောက်တွင် အသံအားဖြင့် စူးရှလှသော ပတ္တလားတစ်ခုကိုကြည့်လျှင် အရှည်အားဖြင့် နှစ်လက်မခွဲခန့် ရှိသည်။ အသံတိမ်သော ပတ္တလား အသွားအရှည်မှာမူကား ၁၁ လက်မကျော် ရှိသည်ကို တွေ့ရရှိသည်။

ထို့အပြင် အသံထွက်တိမ်သော ပတ္တလား တစ်မျိုးမှာလည်း ၀ါးဆစ်မှာ အရင်းအထိ တစ်ပေ နှစ်လက်မခန့်ရှိပြီး အရင်းမှာ အဖျားအထိ နှစ်ပေခွဲကျော်ခန့် ရှိသည်ကို တွေ့ရှိရပေသည်။ ကရင့်အခေါ် ပေါ်ကူး၊ ၀ါးပတ္တလားမှာ မျက်မှောက်မွန် ၊ ဗမာတို့၏ ၀ါးပတ္တလားတို့နှင့် အခြေခံအားဖြင့် ခြားနားမူ မရှိလှချေ။ မွန်၊ ဗမာတို့၏ ၀ါးပတ္တလားကို မွမ်းမံမူုဖြင့် လခြမ်းပုံ သစ်သားအိမ်များ၊ မှန်စီရွှေချအိမ်များချ၍ ရူချင်စဖွယ် လှပသော်လည်း ကရင်တို့၏ ၀ါးပတ္တလားသည် သဘာဝအတိုင်းသာ ရှိနေ၍ လှပခြင်း မရှိလှချေ။ သို့သော် လွင်သောအသံ ညက်ညောသော အဆွဲအငင်တို့ဖြင့် အခြားသော ကရင်တူရိယာတို့နှင့် တွဲဖက်တီးခတ်သောအခါ သာယာ နာပျော်ဖွယ် တူရိယာအဖြစ် ကရင်လူမျိုးတို့က သတ်မှတ် အသုံးပြုကြသည်။

(၇) သောင့်ထွန် (ခေါ်) တယော


ကရင့်အခေါ် (သောင့်ထွန်) မှာ ငြိမ့်ညောင်းစွာ တီးရသော တူရိယာပစ္စည်းတစ်မျိုးဖြစ်သည်။ ရှေးကျ၍ ရှားပါးလှသော ပစ္စည်းလည်း ဖြစ်၏။

တယောပြုလုပ်ခြင်း


သောင့်ထွန်ကို အုန်းမှုတ်ခွက်တို့ဖြင့် လည်းကောင်း ၀ါးပိုးကျည်တောက်တို့ဖြင့် လည်းကောင်း ပြုလုပ်လေ့ ရှိသည်။ ရှေးအခါက သောင့်ထွန်ကို ကြိုးတစ်ချောင်းတပ်ဖြင့် အသုံးပြုလေ့ရှိပြီး နောက်ပိုင်းတွင် ကြိုးနှစ်ချောင်း တပ်၍ သုံးစွဲလာကြသည်။ ထိုကြိုးတို့မှာနှစ် ချောင်းပူးထားသော ကြိုးတစ်ချောင်းနှင့် သုံးချောင်း ပူးထားသော ကြိုးတစ်ချောင်း ဖြစ်သည်။ အချို့သော ဒေသတွင် ကြိုးသုံးချောင်းတပ်၍ ရှားရှားပါးပါး အသုံးပြု တီးခတ် နေကြောင်းကို တွေ့ရှိရသေးသည်။ ကရင့်သောင့ထွန်သည် အများအားဖြင့် အလျားနှစ်တောင်ခန့် ရှိသည်။

ထိုးတံဖြင့် တယောထိုးသကဲ့သို့ တီးခတ်၍ရသလို လက်ချောင်းဖြင့် တီးခတ်၍လည်း ရသည်။ မတ်တပ်ထောင်၍ ဘေးတိုက် ထိုးရပြီး အသေအရှင်ထိုးနည်ဟူ၍ နှစ်မျိုးရှိ၏။ အသေထိုးနည်းမှာ ထိုးတံကို ကြိုးအတွင်းသို့ ထားပြီး ထိုးသောထိုးနည်းကို ဆိုလိုသည်။ အရှင်ထိုးနည်းမှာ ထိုးတံနှင့် တသီးတခြားထားပြီး အပြင်မှနေ၍ ထိုးခြင်း ဖြစ်သည်။ ကရင့်သောင့်ထွန်သည် ရှေးအခါက ပေါများလှသော်လည်း ယနေ့ တယောဂီတများ ပေါ်ထွန်းလာချိန်တွင် တဖြည်းဖြည်း ကွယ်ပျောက်၍ ကျေးလက်အချို့တွင်သာ ရှားရှားပါးပါး တွေ့ရှိ နိုင်တော့သည်။

(၈) ထာ့ (ခေါ်) ကရင်အိုးစည်


ကရင်အိုးစည်သည် ဗမာ၊ ရှမ်းတို့၏ အိုးစည်ပုံသဏ္ဌာန် ဖြစ်သည်။ သို့ရာတွင် ရှမ်းအိုးစည်ကဲ့သို့ ကိုယ်ထည် ရှည်လျားခြင်း မရှိချေ။ ခါးသေးပြီး အ၀ိုက်ကျယ်ခြင်းလည်း မရှိချေ။ ကရင်အိုးစည်မှာ ခါးတုတ်၍ ကိုယ်ထည်လည်း တိုသည်။

ကရင်အိုးစည် ပြုလုပ်ခြင်း


ကရင်အိုးစည်ကို မာသော သစ်သားတို့ဖြင့် ထွင်းယူပြီး မျက်နှာဝကို နွားသားရေဖြင့် ကျက်ထားသည်။ ထိပ်ဝ အနည်းဆုံး တစ်ပေရှိသည်။ အိုးစည်ထိပ်ဝ အချင်းကို မူတည်လျက် တွဲဖက်တီးရသော တူရိယာတို့၏ အရွယ်အစားကို လိုက်၍ သတ်မှတ်ချက်ရှိ၏။ အိုးစည်ထိပ်ဝ ၁၂ လက်မ၊ ဖားစည်ထိပ်ဝ ၁၈ လက်မ၊ လင်းကွင်းအကျယ် ၁၂ လက်မနှင့် ၁၀ လက်မ အချင်းရှိသော မောင်းတို့ဖြင့် တွဲဖက် တီးခတ်သော် လိုက်ဖက်လှသော အသံကို ရရှိသည်ဟု ဆိုကြသည်။ မျက်မှောက်တွင် ကရင်ရိုးရာ ဒုံးအက၊ တေးသီပွဲ (ခေါ်) အော်ပွဲတို့တွင် အိုးစည်ကိုပင် တူရိယာအဖြစ် ထားပြီး နှဲ၊ ပုလွေ၊ ၀ါး၊မောင်း၊ လင်းကွင်း၊ ဗုံတို့ဖြင့် တွဲ၍ တီးခတ်နေသည်ကို တွေ့ရှိရမည် ဖြစ်ပေသည်။

(၉) ခနာ (ခေါ် )ဗျတ်စောင်း


ကရင်လူမျိုးတို့ ကြိုးတပ်တူရိယာများ ရှိသည့်အနက် ဗျတ်စောင်းသည် တစ်မျိုး အပါအ၀င်ဖြစ်သည်။ ကရင်ဗျတ်စောင်းသည် ယခုခေတ် မယ်ဒလင် တစ်မျိုးဟု ဆိုနိုင်သည်။ အချို့က ကိုယ်တိုင်တီး ကိုယ်တိုင်သီဆို၍ အချို့မှာ အမျိုးသားက တီးခတ်၍ အမျိုးသမီးက သီချင်း သီဆိုသောအခါ သာယာနာပျော်ဖွယ် ရှိလှသည်ဟု လက်ခံ ထားကြပေသည်။

ဗျတ်စောင်းပြုလုပ်ခြင်း


ရှေးအခါက အုန်းမှုတ်ခွက်ဖြင့် အုန်းသီးတစ်လုံးကို သုံးပုံတစ်ပုံမှ ညီညာစွာ ဖြတ်ယူပြီး အ၀ကို သစ်သား ၀ါးပြားဖြင့် ပိတ်၍ ပြုလုပ်ယူလေ့ ရှိသည်။ နောင်ခေတ်အချိန်တွင် သစ်မာသားဖြစ်သော ယင်းတိုက်၊ ပျဉ်းကတိုး၊ ပိတောက်သားတို့ဖြင့် ပြုလုပ်နေကြသည်။ ရှေးကကြိုးသုံးချောင်း ရိုးရိုးတပ်ပါရှိသော်လည်း မျက်မှောက်တွင် ကြိုးငါးချောင်းကို နှစ်ချောင်းတွဲစုံ လေးချောင်းနှင့် တစ်ချောင်းတွဲ တပ်ကြိုးအဖြစ် တပ်ဆင်ကြသည်။ ယခင်က ပိုးချည်မျှင် သစ်သားမျှင် ၀ါးမျှင်တို့ဖြင့် ကြိုးအဖြစ် အသုံးပြုလေ့ ရှိသော်လည်း ယခုအခါ နိုင်လွန် သံမဏိကြိုးတို့ဖြင့် တပ်ဆင် သုံးစွဲလာကြသည်။

ဖော်ပြပါ ထင်ရှားလှသော ကရင်လူမျိုးတို့၏ ရိုးရာတူရိယာများကို ဖော်ပြရာတွင် အားလုံးပြည့်စုံနိုင်ပြီး မဟုတ်ချေ။ ဒေသအလိုက် ရိုးရာတူရိယာ ပစ္စည်းများ ရှိနေဦးမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

မြစ်နဒီကိုးသွယ်မှ ကူးယူဖော်ပြပါသည်။

အသက် ၁၈ နဲ့ ၂၀ ကြားမှာ ယောကျာ်းတွေက Samsung လိုပဲ

အသက် ၁၈ နဲ့ ၂၀ ကြားမှာ ယောကျာ်းတွေက Samsung လိုပဲ
ဒီဇိုင်းကတော့လန်းတယ် အ၇ာ၇ာသွက်တယ် ဒါပေမယ့်သူများဒီဇိုင်းတွေ
ခိုးပြီးစတိုင်ထုတ်တတ်ကျတယ်။

အသက် ၂၀ နဲ့ ၃၀ ကြားခါကျတော့ HTC နဲ့တူသွားပြန်ကော
ပုံစံတွေကသိပ်မလန်းတော့ပေမယ့် ကိုယ်ပိုင်ဒီဇိုင်းနဲ့ပါ အဲ့ဒါပေမဲ့အကြမ်းခံ
တယ်နော် အထင်မသေးနဲ့ ဘယ်လောက်ဆောင့်ဆောင့်ခံနိင်တယ် (ဖုန်းမာ
တာပြောပါတယ်)

အသက် ၃၀ နဲ့ ၄၀ ကြားခါကျတော့ Black Berry နဲ့တစ်ထေ၇ာတည်းပဲ
ခလုတ်တွေကလည်းကောင်းမှကောင်း အဲ့ဒါပေမယ့် Touch Screen ကလုပ်
သလောက်တော့အ၇ာမထင်တော့ဘူး ။ ဘက်ထ၇ီလည်းနည်းနည်းပိုစားလာ
တယ်။ ဒါပေမယ့် Samsung တို့ Huwaei တို့ကိုယှဉ်နိင်သေးတယ်နော့

အသက် ၄၀ နဲ့ ၅၀ ကြားခါကျတော့ ယောကျာ်းတွေက iPhone လိုပဲ
တည်ငြိမ်လာတယ်၊၇င့်ကျက်လာတယ် ကိုယ်ပိုင်ဒီဇိုင်းအပြည့်ပဲ အဲ့ဒါပေမယ့်
ခလုတ်တွေတော့ပြုတ်ကုန်တယ် အောက်ကခလုတ်တစ်ခုပဲကျန်တော့တယ်
(Home Button) ကိုပြောတာနော်။ Touch ကလည်းကောင်း၊ Resolution လည်းကောင်း ဒါပေမယ့် J Break မလုပ်ပဲဘာမှလုပ်လို့မ၇တော့ဘူး။

အသက် ၅၀ နဲ့ ၆၀ ကြားခါကျတော့ ယောကျာ်းတွေက Huwaei လိုပဲ
သိပ်အကြမ်းမခံတော့ဘူး ။ နည်းနည်းလေးလှုပ်တာနဲ့ ဘက်ထ၇ီကကုန်မယ်
ဆိုတာကြီးပဲ။ ကြားထဲဆေးကကွာသေးတယ်

အသက်၆၀ နဲ့ ၈၀ ကြားခါကျတော့ Nokia နဲ့တစ်ပုံစံတည်းပဲဗျာ....
တစ်ချိန်တုန်းကတော့ သူမှသူပဲ သူဘု၇င်ဆိုပေမယ့် ကြာတော့မြုပ်ကွယ်သွား
၇၇ှာတယ်။ဒါပေမဲ့ အကြမ်းတော့ခံသေးတုန်းပဲနော် ပဲာပဲာ

Posted By KO PHYO via Phyu Khaing
Credit: ကမ္ဘာ့ဖျာ

လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ က ပြောကြား

AddThis Social Bookmark Button
လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ကြောင်း နောင်လာမည့်နှစ်များတွင် ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုမျိုး ဖြစ်ပေါ်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် ၂၀၁၃ ခုနှစ်၊ နှစ်သစ်ကူးသ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်၊ နှစ်သစ်ကူးသ၀ဏ်လွှာကို နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်သည်။ အဆိုပါ သ၀ဏ်လွှာကို ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပသည့် ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာတွင် ''လူမှုရေး ဆောင်ရွက်ချက်များအနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် ထိုက်သင့်သော ပင်စင်လစာနှုန်းသစ်များ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ထို့ပြင် လာမည့်ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းကိုလည်း အစိုးရနှင့် လွှတ်တော်တို့အကြား ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့သဖြင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို တစ်နှစ်ထက်တစ်နှစ် ပိုမိုစနစ်ကျစွာ ပြဋ္ဌာန်းနိုင်တော့မည် ဖြစ်ပါသည်။ လွှတ်တော်အတွင်း၌ ရသုံးမှန်းခြေငွေစာရင်း ဆွေးနွေးသည့်ကိစ္စရပ်များကိုလည်း ပြည်သူလူထုထံ ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးနိုင်ခဲ့ပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည် ဖြစ်သည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါသည်'' ဟု ဖော်ပြထားသည်။
ဆက်လက်၍ ''နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း အသွင်ကူးပြောင်းရေးဖြစ်စဉ်အတွင်း၌ အဆင်မပြေမှုများနှင့် စိန်ခေါ်မှုများစွာကို ကြုံတွေ့ခဲ့ရပါသည်။ လက်ပံတောင်းတောင် စီမံကိန်း ဆန္ဒပြမှုများ၊ မြေယာပြဿနာများ၊ ရခိုင်ပြည်နယ် ကိစ္စရပ်များနှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စများမှ အတွေ့အကြုံများအား သင်ခန်းစာများအဖြစ်ရယူ၍ နောင်လာမည့် နှစ်များတွင် ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုမျိုး ဖြစ်ပေါ်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါသည်။ယနေ့ မိမိတို့ဆောင်ရွက်နေသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများတွင် လွှတ်တော်များနှင့် အစဉ်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အထူးသဖြင့် ယခင်တစ်နှစ်ကျော် ကာလက ရရှိခဲ့သည့် ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံများကို အခြေခံ၍ သင်ခန်းစာများ ဖော်ထုတ်ပြီး ပိုမိုထိရောက်အောင် ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားပါသည်။ ယခုအချိန်အခါကဲ့သို့  နိုင်ငံတကာ အသိုက်အ၀န်းနှင့် ပြည်တွင်းနိုင်ငံရေး အင်အားစုများအကြား မြန်မာနိုင်ငံ၏ နိုင်ငံရေး ဂုဏ်သိက္ခာကို မြှင့်တင်နိုင်သော၊ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နိုင်သောကာလတွင် လွှတ်တော်များ၏ အခန်းကဏ္ဍမှာ များစွာအရေးပါသည်ကို မိမိအနေဖြင့် အစဉ်ဂရုပြုပြီး အစိုးရ၏ အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက် ရှိပါသည်။ ခေတ်မီသော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းသို့ ချီတက်ကြရာတွင် ခက်ခဲကြမ်းတမ်းသော လှေခါးထစ်များကို ကျော်ဖြတ်ရလေ့ ရှိပါသည်။ မိမိတို့ အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စသည်တို့ကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။ အစိုးရယန္တရား၏ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ရမည်ကိုလည်း သိရှိထားပါသည်။
ပြည်ထောင်စုလွှတ်တော်အနေဖြင့်လည်း ပြည်သူများ၏ လက်တွေ့အကျိုးစီးပွား၊ ရေရှည်အကျိုးစီးပွားကို အလေးအနက်ထားသည့် ပြည်သူ့ဗဟိုပြု ဥပဒေများ ဆက်လက်ပြဋ္ဌာန်းပေးသွားခြင်းဖြင့် ပြည်သူများအား ဒီမိုကရေစီ ယဉ်ကျေးမှု၊ ဒီမိုကရေစီ အလေ့အကျင့်များနှင့် ယဉ်ပါးရင်းနှီးလာအောင် လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း သ၀ဏ်လွှာပေးပို့အပ်ပါသည်'' ဟု သ၀ဏ်လွှာပေးပို့ခဲ့သည်။
လာမည့် ဘဏ္ဍရေးနှစ်သည် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဝန်ထမ်းများ လစာတိုးမြှင့်ပေးရန် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင်း အဆိုတင်သွင်းခဲ့သည်။ ၎င်းအဆိုနှင့်ပတ်သက်၍ ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဝန်ထမ်းများ လစာတိုးမြှင့်ခြင်းကို ၂၀၁၃-၂၀၁၄ ခုနှစ်တွင်သာ ဆောင်ရွက်သင့်ကြောင်း လွှတ်တော်တွင် ပြောကြားခဲ့ဖူးသည်။
ထို့နောက် ၂၀၁၃ ခုနှစ်၊နှစ်သစ်ကူးသ၀ဏ်လွှာအား ပြည်ထောင်စုလွှတ်တော်မှ မှတ်တမ်းတင်ခဲ့သည်။
http://www.weeklyeleven.com/myanmar/myanmar/17282-2013-01-10-13-54-05

3G စနစ်ကြောင့် စီဒီအမ်အေမိုဘိုင်းဖုန်းများ ဈေးကျလာ


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စီဒီအမ်အေဖုန်းများ ထပ်မံချထားပေးခြင်းမရှိတော့သည့် နောက်ပိုင်း စီဒီအမ်အေဖုန်းသုံးစွဲသူများ အနေဖြင့် ပြန်လည်ရောင်းချလိုသူ များပြားလာပြီး ဈေးနှုန်းမှာလည်း ကျပ်သုံးသိန်းခွဲဝန်းကျင်အထိ ကျဆင်းလာကြောင်း   ဈေးကွက်အတွင်းက သိရသည်။

"ဆက်သွယ်ရေးက နောက်ပိုင်း 3G စနစ်သုံး GSMဖုန်းတွေကိုသာ အဓိကထား ချထားပေးတော့မှာမိုလို့ စီဒီအမ်အေ ဖုန်းကိုင်ထားသူတွေ အနေနဲ့ ပြန်ရောင်းချလိုမှုများလာတယ်၊ အရင်က ကျပ် ငါး သိန်းဝန်းကျင်လောက်ရှိတဲ့ CDMA 800MHz ဖုန်းတွေလည်း အခုဆို ကျပ်သုံးသိန်းခွဲဝန်းကျင်လောက် အထိ ပေါက်ဈေးရောက်နေပြီ" ဟု ဖုန်းအကျိုးဆောင်တစ်ဦးက   ပြောသည်။

CDMA 450 MHz ဖုန်းများအား နယ်ဒေသများ၌ နေထိုင်အသုံးပြုသူအများစုသာ ဝယ်ယူအသုံးပြုမှု များရှိနေကြောင်းကိုလည်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ  3G နှင့် 4Gကွန်ရက်စနစ် အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် CDMA 800 MHz နှင့်CDMA 450 MHz ဖုန်းများချထားပေးမှုများကို ရပ်ဆိုင်း ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဟန်းဆက်အပိုင်းတွင်လည်း CDMA 800 MHz နှင့်450 MHz အသုံးပြုနိုင်သည့် ဟန်းဆက်များမှာ လည်း GSMဟန်းဆက်များထက် အရောင်းအဝယ်ကျဆင်းလျက် ရှိနေသည်။

"အရင်ကတော့ ဝယ်ယူမှုအပိုင်းမှာ မသိသာပါဘူး။ အခုနောက်ပိုင်းတော့ GSM စနစ်သုံး ဟန်းဆက် တွေကိုသာ သိသိသာသာ ဝယ်ယူမှုများလာတယ်။ ဝယ်ယူမှုပိုင်းက ပုံမှန်ဆိုပေမယ့် အရင်က မော်ဒယ်နိမ့် တွေပဲ ၀ယ်ကြတာ အခု မော်ဒယ်မြင့် ဟန်းဆက်တွေကို ဝယ်ယူမှုများလာတယ်" ဟု Mobile မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိဟန်းဆက်ဈေးကွက်၌ အင်တာနက်အသုံးပြု၍ရသည့် (Android) GSM ဟမ်းဆက် အမျိုး အစားများမှာ အမျိုးအစားနှင့် အမှတ်တံဆိပ်ပေါ်လိုက်၍ ကျပ်ခြောက်သောင်းဝန်းကျင်မှ ကျပ် ငါးသိန်းဝန်းကျင်အထိ ဈေးရှိကြောင်း ဟမ်းဆက်ဈေးကွက်အတွင်းက သိရသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းသည့်ကုမ္ပဏီများမှ WCDMA နှင့် GSM လိုင်းကဒ်များအား ကျပ်တစ်သိန်းဝန်းကျင်နှင့်ရောင်းချရန်စီစဉ်နေပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဇန်န၀ါရီလ (၁၁)ရက်နှင့် (၁၂)ရက်နေ့များတွင် မီဒီယာများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
http://www.myitmakhamediagroup.com/detail.php?newid=3627

VOIP စမ်းသပ်နေတဲ့ FACEBOOK

Kotoke Gyi shared Aye Chan Mon's photo.
VOIP စမ်းသပ်နေတဲ့ FACEBOOK

Facebook ဟာ ၎င်းရဲ့ messenger App ကို မိုဘိုင်း စက်များမှ သုံးစွဲသူများ အတွက် အခမဲ့ ခေါ်ဆိုနိုင်တဲ့ VOIP စနစ်ကို စမ်းသပ်နေပြီ ဖြစ်ပြီး စကား သံဖြင့် ပေးပို့နိုင်တဲ့ Voice Message စနစ်ကို စတင် သုံးစွဲနိုင်ပြီ
ဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။

iOS နဲ့ Android မိုဘိုင်း ပလက်ဖောင်း သုံးစွဲသူ များဟာ Facebook
ရဲ့ စာပေးပို့ ဝန်ဆောင်မှု App မှ တဆင့် အသံ မက်ဆေ့များ
ပေးပို့နိုင်ပြီ ဖြစ်ကာ Windows Phone အစရှိတဲ့ အခြား မိုဘိုင်း ပလက်ဖောင်း များ အတွက်တော့ မထွက်ရှိလာ သေးပါဘူး။

၎င်းစနစ်ဟာ Google Voice နဲ့ Apple ရဲ့ iMessage တို့ကို အခြေခံထားတဲ့ ဗားရှင်းဖြစ်ကြောင်း သိရပါတယ်။ ယခုအသစ် ပေါင်းထည့်ပေးလိုက်တဲ့ Feature ကြောင့် Facebook, Messenger သုံးစွဲသူတွေဟာ ၎င်းတို့ရဲ့ စကားသံတွေကို record လုပ်ထားပြီး အခြားသုံးစွဲသူများထံသို့ ပေးပို့
နိုင်တော့မှာ ပါ။ record ပြုလုပ်နိုင်တဲ့ ကြာချိန်ကတော့ ၁ မိနစ်သာ
ဖြစ်ပါတယ်။

သုံးစွဲသူဟာ ယခင်က Emoticon နဲ့ photo များပေါင်းထည့်ရာ "+" ကို နှိပ်လိုက်ရင် "Record Voice" ဆီ ရောက်ရှိသွားမှာဖြစ်ပြီး Record Button ကို ဖိနှိပ်ထားကာ မိမိစမတ်ဖုန်းရဲ့ မိုက်နှင့် ပေးပို့လိုတဲ့ Voice message ကို မှတ်တမ်းတင်နိုင်ပါတယ်။ သူ့ရဲ့ ကြာချိန်ကတော့ အလွန်ဆုံး ၆၀ စက္ကန့်သာ ရရှိမှာဖြစ်ပြီး ပြောကြားပြီးတာနဲ့ Record button ကိုလွှတ်လိုက်ရင် သင့်ရဲ့ Voice message ကို အလိုအလျောက်
ပေးပို့သွားမှာ ဖြစ်ပါတယ်။

Voice message ပေးပို့နိုင်တဲ့အပြင် Facebook ဟာ ၎င်း messager app မှတဆင့် ဖုန်းခေါ်ဆိုနိုင်မယ့် VOIP စနစ်အစစ်ကိုလည်း စမ်းသပ်နေပြီဖြစ်ေ ကြာင်း သိရှိရပါတယ်။ Facebook မှာ ၎င်း VOIP ဝန်ဆောင်မှုကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး ယခုအပတ်အတွင်းမှာ ကနေဒါနိုင်ငံ၌ စတင်စမ်းသပ် သုံးစွဲခဲ့ပါတယ်။ Skype ကဲ့သို့ အခြား VOIP app တွေလိုပဲ Facebook Friend List ထဲကိုပါ ဝင်ရောက်ချိတ်ဆက်နိုင်မှာပါ။ Facebook messenger ရဲ့ VOIP Beta ဗားရှင်း ကနေဒါနိုင်ငံ၌ အောင်မြင်ခဲ့ရင် ၎င်းဝန်ဆောင်မှုကို အမေရိကန်နဲ့ ဥရောပနိုင်ငံများ အရင်ဆုံး ထပ်မံဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့ Facebook ကုမ္ပဏီက ဆိုပါတယ်။

အေးချမ်းမွန်မှ   yatanarpon တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

Facebook ဟာ ၎င်းရဲ့ messenger App ကို မိုဘိုင်း စက်များမှ သုံးစွဲသူများ အတွက် အခမဲ့ ခေါ်ဆိုနိုင်တဲ့ VOIP စနစ်ကို စမ်းသပ်နေပြီ ဖြစ်ပြီး စကား သံဖြင့် ပေးပို့နိုင်တဲ့ Voice Message စနစ်ကို စတင် သုံးစွဲနိုင်ပြီ
ဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။

iOS နဲ့ Android မိုဘိုင်း ပလက်ဖောင်း သုံးစွဲသူ များဟာ Facebook
ရဲ့ စာပေးပို့ ဝန်ဆောင်မှု App မှ တဆင့် အသံ မက်ဆေ့များ
ပေးပို့နိုင်ပြီ ဖြစ်ကာ Windows Phone အစရှိတဲ့ အခြား မိုဘိုင်း ပလက်ဖောင်း များ အတွက်တော့ မထွက်ရှိလာ သေးပါဘူး။

၎င်းစနစ်ဟာ Google Voice နဲ့ Apple ရဲ့ iMessage တို့ကို အခြေခံထားတဲ့ ဗားရှင်းဖြစ်ကြောင်း သိရပါတယ်။ ယခုအသစ် ပေါင်းထည့်ပေးလိုက်တဲ့ Feature ကြောင့် Facebook, Messenger သုံးစွဲသူတွေဟာ ၎င်းတို့ရဲ့ စကားသံတွေကို record လုပ်ထားပြီး အခြားသုံးစွဲသူများထံသို့ ပေးပို့
နိုင်တော့မှာ ပါ။ record ပြုလုပ်နိုင်တဲ့ ကြာချိန်ကတော့ ၁ မိနစ်သာ
ဖြစ်ပါတယ်။

သုံးစွဲသူဟာ ယခင်က Emoticon နဲ့ photo များပေါင်းထည့်ရာ "+" ကို နှိပ်လိုက်ရင် "Record Voice" ဆီ ရောက်ရှိသွားမှာဖြစ်ပြီး Record Button ကို ဖိနှိပ်ထားကာ မိမိစမတ်ဖုန်းရဲ့ မိုက်နှင့် ပေးပို့လိုတဲ့ Voice message ကို မှတ်တမ်းတင်နိုင်ပါတယ်။ သူ့ရဲ့ ကြာချိန်ကတော့ အလွန်ဆုံး ၆၀ စက္ကန့်သာ ရရှိမှာဖြစ်ပြီး ပြောကြားပြီးတာနဲ့ Record button ကိုလွှတ်လိုက်ရင် သင့်ရဲ့ Voice message ကို အလိုအလျောက်
ပေးပို့သွားမှာ ဖြစ်ပါတယ်။

Voice message ပေးပို့နိုင်တဲ့အပြင် Facebook ဟာ ၎င်း messager app မှတဆင့် ဖုန်းခေါ်ဆိုနိုင်မယ့် VOIP စနစ်အစစ်ကိုလည်း စမ်းသပ်နေပြီဖြစ်ေ ကြာင်း သိရှိရပါတယ်။ Facebook မှာ ၎င်း VOIP ဝန်ဆောင်မှုကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး ယခုအပတ်အတွင်းမှာ ကနေဒါနိုင်ငံ၌ စတင်စမ်းသပ် သုံးစွဲခဲ့ပါတယ်။ Skype ကဲ့သို့ အခြား VOIP app တွေလိုပဲ Facebook Friend List ထဲကိုပါ ဝင်ရောက်ချိတ်ဆက်နိုင်မှာပါ။ Facebook messenger ရဲ့ VOIP Beta ဗားရှင်း ကနေဒါနိုင်ငံ၌ အောင်မြင်ခဲ့ရင် ၎င်းဝန်ဆောင်မှုကို အမေရိကန်နဲ့ ဥရောပနိုင်ငံများ အရင်ဆုံး ထပ်မံဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့ Facebook ကုမ္ပဏီက ဆိုပါတယ်။

အေးချမ်းမွန်မှ yatanarpon တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်