Thursday, January 10, 2013

3G စနစ်ကြောင့် စီဒီအမ်အေမိုဘိုင်းဖုန်းများ ဈေးကျလာ


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စီဒီအမ်အေဖုန်းများ ထပ်မံချထားပေးခြင်းမရှိတော့သည့် နောက်ပိုင်း စီဒီအမ်အေဖုန်းသုံးစွဲသူများ အနေဖြင့် ပြန်လည်ရောင်းချလိုသူ များပြားလာပြီး ဈေးနှုန်းမှာလည်း ကျပ်သုံးသိန်းခွဲဝန်းကျင်အထိ ကျဆင်းလာကြောင်း   ဈေးကွက်အတွင်းက သိရသည်။

"ဆက်သွယ်ရေးက နောက်ပိုင်း 3G စနစ်သုံး GSMဖုန်းတွေကိုသာ အဓိကထား ချထားပေးတော့မှာမိုလို့ စီဒီအမ်အေ ဖုန်းကိုင်ထားသူတွေ အနေနဲ့ ပြန်ရောင်းချလိုမှုများလာတယ်၊ အရင်က ကျပ် ငါး သိန်းဝန်းကျင်လောက်ရှိတဲ့ CDMA 800MHz ဖုန်းတွေလည်း အခုဆို ကျပ်သုံးသိန်းခွဲဝန်းကျင်လောက် အထိ ပေါက်ဈေးရောက်နေပြီ" ဟု ဖုန်းအကျိုးဆောင်တစ်ဦးက   ပြောသည်။

CDMA 450 MHz ဖုန်းများအား နယ်ဒေသများ၌ နေထိုင်အသုံးပြုသူအများစုသာ ဝယ်ယူအသုံးပြုမှု များရှိနေကြောင်းကိုလည်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ  3G နှင့် 4Gကွန်ရက်စနစ် အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် CDMA 800 MHz နှင့်CDMA 450 MHz ဖုန်းများချထားပေးမှုများကို ရပ်ဆိုင်း ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဟန်းဆက်အပိုင်းတွင်လည်း CDMA 800 MHz နှင့်450 MHz အသုံးပြုနိုင်သည့် ဟန်းဆက်များမှာ လည်း GSMဟန်းဆက်များထက် အရောင်းအဝယ်ကျဆင်းလျက် ရှိနေသည်။

"အရင်ကတော့ ဝယ်ယူမှုအပိုင်းမှာ မသိသာပါဘူး။ အခုနောက်ပိုင်းတော့ GSM စနစ်သုံး ဟန်းဆက် တွေကိုသာ သိသိသာသာ ဝယ်ယူမှုများလာတယ်။ ဝယ်ယူမှုပိုင်းက ပုံမှန်ဆိုပေမယ့် အရင်က မော်ဒယ်နိမ့် တွေပဲ ၀ယ်ကြတာ အခု မော်ဒယ်မြင့် ဟန်းဆက်တွေကို ဝယ်ယူမှုများလာတယ်" ဟု Mobile မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိဟန်းဆက်ဈေးကွက်၌ အင်တာနက်အသုံးပြု၍ရသည့် (Android) GSM ဟမ်းဆက် အမျိုး အစားများမှာ အမျိုးအစားနှင့် အမှတ်တံဆိပ်ပေါ်လိုက်၍ ကျပ်ခြောက်သောင်းဝန်းကျင်မှ ကျပ် ငါးသိန်းဝန်းကျင်အထိ ဈေးရှိကြောင်း ဟမ်းဆက်ဈေးကွက်အတွင်းက သိရသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းသည့်ကုမ္ပဏီများမှ WCDMA နှင့် GSM လိုင်းကဒ်များအား ကျပ်တစ်သိန်းဝန်းကျင်နှင့်ရောင်းချရန်စီစဉ်နေပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဇန်န၀ါရီလ (၁၁)ရက်နှင့် (၁၂)ရက်နေ့များတွင် မီဒီယာများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
http://www.myitmakhamediagroup.com/detail.php?newid=3627

0 ကွန်မန့်ရေးရန်:

Post a Comment