Thursday, January 10, 2013

ကရင့်တူရိယာ ပစ္စည်းများ

ကရင့်တူရိယာ ပစ္စည်းများ

ကရင်လူမျိုးတို့သည် အဆို၊ အက၊ အတီး၊ အမှုတ်တို့ကို ၀ါသနာ ထုံကြသည့်အလျောက် ကိုယ်ပိုင် တူရိယာများ ကိုလည်း တီထွင်ပြုလုပ်လေ့ရှိသည်။ အချို့သော တူရိယာပစ္စည်းများသည် တီးမှုတ်ရန်အသုံးပြုခြင်းအပြင် အမျိုးသား အထိမ်းအမှတ်၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် အမြတ်တနိုး သိမ်းဆည်းလေ့ရှိကြသည်။ ကရင်လူမျိုးတို့၏ ကိုယ်ပိုင်တူရိယာပစ္စည်းများကို ဖော်ပြရသော် -

(၁) ကလို (ခေါ်) ဖားစည်၊
(၂) ခွေ (ခေါ်) တံပိုး၊
(၃) ပီဘာ (ခေါ်) ပြွေ (သံစုံပြွေ)၊
(၄) ဂိန် (ခေါ်) မိကျောင်းလျှာ တူရိယာတစ်မျိုး၊
(၅) ဏာဒိန် (ခေါ်) စောင်းကောက်၊
(၆) ပေါ်ကူး (ခေါ်) ၀ါးပတ္တလား၊
(၇) သောင့်ထွန် (ခေါ်) သောတု (ခေါ်) တယော၊
(၈) ထာ့ (ခေါ်) အိုးစည်ရှည်၊
(၉) ခနာ (ခေါ်) ဗျတ်စောင်းငယ်တစ်မျိုး။
(၁) ကလို (ခေါ်) ဖားစည်
ကလို (ခေါ်) ဖားစည်မှာ အမျိုးသား အထိမ်းအမှတ် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အမြတ်တနိုး သိမ်းဆည်းထားလေ့ ရှိသော တူရိယာပစ္စည်း ဖြစ်သည်။

ဖားစည်ပြုလုပ်ခြင်း


ယေဘုယျအားဖြင့် ဖားစည်ကိုသတ္တုဖြင့် သွန်းလုပ်ထားကြသည်ဟု နားလည်ထားကြသည်။ ဖားစည်သွန်းလုပ်ခြင်းကို တတ်သိနားလည်သူတို့က ပဉ္စရူပခေါ် သတ္တုငါးမျိုးဖြစ်သော ရွှေ၊ ငွေ၊ ကြေးနီ၊ ခဲနှင့်သွပ်တို့ဖြင့် သွန်းလုပ်ရသည်ဟုဆို၏။ ဖားစည်၏ မြည်ဟီးအသံ သာယာစူးရှမှုအရ ထိုအဆိုသည် မှန်ကန်နိုင်ပေသည်။


ဖားစည်၏အသံသည် သာယာ၍ အေးမြသည်။ ငြိမ့်ညောင်းခြင်း မရှိသော်လည်း စူးရှ၍ ထည်ဝါနေသည်။ အသံထွက်ထုံ၍ ခပ်အုပ်အုပ် ဖြစ်သော်လည်း အသံလှိုင်းများ ဝေးစွာ၍လွင့်ပြေးသည်။ လျှိုကြားမြိုင်ကြောတွင် တီးခတ်ပါက အသံပို၍ပြေးသည်။ တောတောင်များရှင်းနေလျှင် အသံမှာဟိန်း၍ ရှည်လျားနေသည်။ ရှေးအခါက စာဆိုများအရ ဖားစည်သံသည် သုံးယူဇနာ အဝေးကပင် ကြားနိုင်သည်ဟုဆို၏။ ဖားစည်၏ လိုချင်သောအသံ အသံလွင်လွင်လေး ဖြစ်စေရန်မှာ ပဉ္စရူပခေါ် သတ္တုငါးမျိုးဖြစ်ကို အချိုးကျ သွန်းလုပ်နိုင်မှသာ ရရှိနိုင်သည် ဆိုကြသည်။

(၂)ခွေ (ခေါ်) တံပိုး

ခွေ (ခေါ်) တံပိုးတူရိယာသည် ပါးစပ်ဖြင့် မှုတ်ရသော တူရိယာပစ္စည်းဖြစ်သည်။ အများအားဖြင့် ကျွဲချိုဖြင့် ပြုလုပ်လေ့ရှိသောကြောင့် ကျွဲချို ဟူ၍ အများက သတ်မှတ်၍ ခေါ်ဝေါ်ကြသည်။ သို့ရာတွင် အောက်ပါ အရာဝတ္ထုတို့ဖြင့်လည်း ပြုလုပ်ကြသည်ကို တွေ့ရသည်။

(၁) သမင်ဦးချို၊
(၂) ၀ါး၊
(၃) သစ်သား၊
(၄) ဆင်စွယ်၊
(၅) ဆတ်ဦးချို၊
(၆) အောက်ချင်းငှက်နှုတ်သီး။

တံပိုးပြုလုပ်ခြင်း


ခွေ (ခေါ်) တံပိုးပြုလုပ်ရာတွင် တစ်ပေကျော်ခန့်ရှိသော ကျွဲချိုကိုဖြတ်ယူပြီး ထိပ်နှစ်ဖက် တောက်လျှောက် အပေါက်ကို ယူရသည်။ ကျွဲချို၏ အရင်းပိုင်း သုံးပုံတစ်ပုံခန့်တွင် လျှာခင်အပေါက်တစ်ပေါက်ကို ဖေါက်ယူ ရလေသည်။ ငွေပြားဖြင့် အပေါက်လျှာခင်အဖြစ် ခပ်စောင်းစောင်း တပ်ထားရလေသည်။ လျှာခင်အပေါက်ကို နှုတ်ဖြင့်မှုတ်ပြီး လက်ယာဖက်လက်သည် ကျွဲချိုထိပ်ပိုင်းကိုပိတ်၍ အဖွင့်အပိတ်လုပ်ပြီး မှုတ်ခြင်းဖြင့် အသံ အကြီးအသေး မြည်လာလေသည်။ ဟိန်း၍ စူးရှကျယ်လောင်သောအသံ ငြိမ့်ညောင်းသာယာသော အသံများကို အမျိုးမျိုး မှုတ်ယူ၍ရလေသည်။


ကျွဲချို၊ ဆတ်ချိုတို့ဖြင့် ပြုလုပ်သော တံပိုးသည် ပြုလုပ်ရခက်ခဲခြင်းရှိပြီး နေရာတကာတွင် အသုံးပြုလုပ်လေ့ မရှိချေ။ မင်္ဂလာရှိသော ကိစ္စရပ်တို့တွင်သာ အသုံးပြုကြသည်။ အခြားသောကိစ္စရပ်များ အထူးသဖြင့် အမင်္ဂလာ ကိစ္စရပ်များတွင် အသုံးပြုပါက ကျေးရွာကိုသော်လည်းကောင်း၊ အသုံးပြုသူကို သော်လည်းကောင်း ခိုက်တတ်သည်ဟု ယူဆကြသည်။ ဆင်စွယ်နှင့် ပြုလုပ်သော တံပိုးသည် နယ်စား၊ ကျေးရွာအကြီးအကဲတို့၌သာ ပြုလုပ်ထားရှိနိုင်လေသည်။ ဆင်စွယ်ကို ရွှေကွင်း၊ ငွေကွင်းတို့ဖြင့် အဆင့်ဆင့် ညှပ်ကွပ်ထားနိုင်လျှင် အလွန် လှပ၍ တန်ဖိုးမြင့်သော တူရိယာပစ္စည်းအဖြစ် သတ်မှတ်ကြလေသည်။ ဆင်စွယ်တံပိုးကို အမြတ်တနိုး ထွတ်မြတ်သော နေရာတို့တွင် သိမ်းဆည်းလေ့ရှိပြီး အမျိုးသားရေးရာကိစ္စတို့မှာသာ အသုံးပြုကြသည်။ အောက်ချင်းငှက် နှုတ်သီး၊ ၀ါး၊ သစ်သားတို့ဖြင့်ပြုလုပ်သော တံပိုးများသည် နွားကျောင်းသား၊ ကျွဲကျောင်းသား၊ ဆင်ထိန်းသမားတို့အများအပြား သုံးစွဲကြသည်ကို တွေ့ရှိနိုင်သည်။ တောတောင်များတွင် သွားလာရာ၌ လမ်းမှားရောက်ခြင်း လူစုကွဲခြင်းဖြစ်သည့်အခါ အချက်ပေးအဖြစ်မှုတ်လေ့ရှိကြသည်။

(၃) ပီဘာ (ခေါ်) ပြွေ (သံစုံပြွေ)


ကရင့်အခေါ် ပီဘာသည် "ပီ" မှာ ပြွေဟူ၍ အဓိပ္ပါယ်ရပြီး "ဘာ" ဟူသော ကရင်စကားသည် ရှိခိုးကန်တော့ခြင်း အဓိပ္ပါယ်ရသည်။ ပီဘာကို မှုတ်ရာတွင် နှုတ်ခမ်းဖြင့်တေ့၍ လက်နှစ်ဖက်ဖြင့် အစီအစဉ်တကျ လက်ဝါးဖြင့် ကိုင်တွယ်ရပြီး လက်အုပ်ချီဟန်ပန် ကန်တော့ခြင်း သဏ္ဍာန် ဆောင်လေသည်။ ပီဘာသည် အလွန်ရှားပါးသော ရှေးကျသည့် ကရင်တူရိယာတစ်မျိုးဖြစ်သည်။

ပြွေ ပြုလုပ်ခြင်း


ပီဘာကို အများအားဖြင့် ၀ါးဖြင့်ပြုလုပ်လေ့ရှိသည်။ သို့ရာတွင် အချို့ဒေသများ၌ ကြေးဝါးချောင်းဖြင့် လည်းကောင်း၊ ကျွန်းသား၊ ယမနေသား စသောသစ်သားတို့ဖြင့်လည်းကောင်း ပြုလုပ်ကြသည်လည်းရှိသည်။ ကြေးဝါးချောင်းဖြင့် ပြုလုပ်ရာတွင် ချမ်းသာကြွယ်ဝသူများ ကျေးရွာခေါင်းဆောင်များတို့ပါ ပြုလုပ်နိုင်ကြသည်။ ပီဘာကို ပြုလုပ်ရာတွင် အုံကိုခရုသင်းခွံကဲ့သို့ လုံးလုံးဝန်းဝန်းနှင့် မှုတ်ရန် နှုတ်ခမ်းအပေါက်ကို သီးခြား ကွပ်ညှပ်ထားလေသည်။ ပီဘာအုံ အလယ်တည့်တည့်တွင် ပီဘာပြွေချောင်းများ တပ်ဆင်ရန် အပေါက် ရှည်လျားလျားကို တိုးလျှိုးပေါက် ဖေါက်ထွင်း ယူရသည်။

ထီးရိုးဝါးကဲ့သို့သော ဖြောင့်တန်းသည့် လုံးချောဝါးများကို အချောင်းအလိုက် အနိမ့်အမြင့် အစဉ်လိုက်တွဲပြီး ပီဘာအုံတွင် စိုက်ထောင်၍ အောက်ခြေမှနှစ်ပေကျော် တစ်ပေကျော်ခန့်တွင် တစ်လက်မစီ အနိမ့်အမြင့် စီတန်းထားလေသည်။ ပီဘာအုံ၏ အထက်နှစ်လက်မခွဲ၊ သုံးလက်မခန့်တွင်တွဲထားသော ၀ါးလုံးတိုင်ကို သေးငယ်သော အပေါက်ကလေးများ ဖေါက်ထားရသည်။ ပီဘာအုံအပေါက်တွင် ငွေပြားဖြင့် လျှာခင်အဖြစ် ထည့်ထားရလေသည်။ ပီဘာကိုမှုတ်ရန် အထွက်အပေါက်ဖက်ရှိ ရှေ့ပြွန်နှစ်လုံးကို အပေါက်ကလေး ဖေါက်ထားရလေသည်။ ပီဘာကို မှုတ်ရာတွင် လက်နှစ်ဖက်ဖြင့် ပီဘာအုံကို ကိုင်ထားရပြီး လိုသော အသံမျိုးစုံကို ထွက်နိုင်အောင် ပြွန်ရှိအပေါက်များကို လက်ချောင်းများဖြင့် ပိတ်၍ဖွင့်၍ မှုတ်ရသည်။ သို့ကြောင့် ပီဘာသည် သံစုံပြွေဖြစ်လာလေသည်။
(၄) ဂိန် (ခေါ်) မိကျောင်းလျှာ
ဂိန် (ခေါ်) မိကျောင်းလျှာကို ကရင်အမျိုးသား ကာလသား လူပျိုတို့ကသာ သုံးလေ့ရှိသော တူရိယာ ဖြစ်သည်။ တူရိယာဟု ဆိုအပ်သော်လည်း အခြားသော တူရိယာတို့ဖြင့် တွဲဖက်၍ တီးလေ့မရှိပါချေ။ ပါးစပ်ဖြင့် အာခေါင်အထိငုံ၍ လေမှုတ်လက်ခတ်တီးရသော တူရိယာပစ္စည်းလည်းဖြစ်သည်။

မိကျောင်းလျှာ ပြုလုပ်ခြင်း


ဂိန်ကိုဝါးဖြင့် သော်လည်းကောင်း၊ သံချောင်းကလေးဖြင့် သော်လည်းကောင်း ပြုလုပ်ယူကြသည်။ ဂိန်ကို ပြုလုပ်ယူကြရာတွင် ကောင်းစွာ ရင့်နေသော အရှည် တစ်ထွာခန့်ရှိသည့် ၀ါးခြမ်းကိုဖြတ်ယူပြီး အလယ်တွင် အလျားလိုက် လျှာခင်ဖြစ်အောင် ထွင်းယူရလေသည်။ ပါးစပ်ဖြင့် မှုတ်ရမည့် နေရာတွင် အဟိုက်ဖြစ်အောင် ပြုလုပ်ယူရသည်။ ဂိန်ကိုမှုတ်ရာတွင် ပါးစပ်ဖြင့်ငုံထားရပြီး လက်ယာလက်က ဂိန်၏ လျှာခင်အဖျားကို လက်ညှိုးနှင့် ခတ်၍ အသံထွက်လာလေသည်။ ထွက်လာသော အသံအလိုက် သီချင်းတွဲမှုတ်ယူ၍ ရလေသည်။ အချို့က ဂိန်ကိုသံချောင်းနှင့် ခွေယူပြီး လျှာကိုသံပြားလေးနှင့် တပ်ဆင်မှုတ်လေသည်။ သံဖြင့် ပြုလုပ်သော ဂိန်သည် ၀ါးဖြင့် ပြုလုပ်သော ဂိန်ထက် ပို၍ အသံလွင်လေသည်။ ဂိန်ကို ကရင်အမျိုးသား ကာလသား လူပျိုတို့က အပျိုရှိရာအိမ်သို့ ညအခါ လူပျိုလှည့် လည်ပတ်ရင်း မိမိပြောလိုသော စကားကို သီချင်းလင်္ကာတို့ဖြင့် အပျိုအား သိစေသည်။ စင်စစ် ဂိန် (ခေါ်) မိကျောင်းလျှာသည် လူပျိုကာလသားတို့၏ လက်စွဲ တူရိယာ ဖြစ်သည်ဟုဆိုလျှင် မှားမည် မဟုတ်ချေ။

(၅) ဏာဒိန် (ခေါ်) စောင်းကောက်

ကရင်အမျိုးသား တူရိယာများအနက် ဖားစည်ကလွဲလျှင် ဏာဒိန်(ခေါ်) စောင်းကောက်သည် လူသိများ၍ နှစ်သက်ကြသော တူရိယာပစ္စည်းဖြစ်သည်။ စောင်းကောက်သံသည် လူတိုင်းက နှစ်သက်ကြသည်။ အခြားသော တူရိယာများနှင့် တွဲဖက်၍ တီးခတ်ရသော်လည်း စောင်းကောက်သက်သက်ဖြင့် တီးခတ်ခြင်းကို ပို၍ နှစ်သက်ကြသည်။ အထူးသဖြင့် ညအခါ တီးခတ်ရာတွင် အလွန် သာယာသော တူရိယာတစ်မျိုးဖြစ်သည်။ စောင်းသံ၏ အညုအဆွဲသည် သေသူပင် ပြန်ရှင်မတတ်ရှိသည်ဟု အဆိုအမွှန်းပြုကြသည်။ ကရင့် စောင်းကောက်တွင် ကြိုးငါးချောင်း သို့မဟုတ် ခုနှစ်ချောင်းဖြင့် တပ်လေ့ရှိသည်။ မျက်မှောက်တွင် ခေတ်သီချင်းများ တီးခတ်နိုင်ရန် ကြိုး ၁၀ ချောင်းမှ ၁၂ ချောင်းအထိ တပ်ယူကြသည်။ ရှေးအခါက စောင်းကြိုးကို ပျားဖယောင်းဖြင့် လွန်းတင်၍ ကျစ်ထားသော လျှော်မျှင်၊ ကြိုးနွယ်ပင်၊ ၀ါးမျှင်၊ ပိုးချည်တို့ဖြင့် တပ်လေ့ ရှိသော်လည်း မျက်မှောက်တွင် နိုင်လွန်ကြိုး၊ သံမဏိကြိုးတို့ဖြင့် အသုံးပြုလာကြပေပြီ။

စောင်းကောက်ပြုလုပ်ခြင်း


စောင်းကောက်ကို ပြုလုပ်ရာတွင် ကိုယ်ထည်ပိုင်းနှင့် ခေါင်းပိုင်းဟူ၍ နှစ်ပိုင်းခွဲခြားထားလေသည်။ ကိုယ်ထည်ကို သစ်သားတစ်မျိုးနှင့် ပြုလုပ်ပြီး ခေါင်းပိုင်းကို အခြား သစ်သားတစ်မျိုးနှင့် ပြုလုပ်ယူလေ့ ရှိသည်။ ကရင့် စောင်းကောက် ခေါင်းပိုင်းသည် ဗမာ စောင်းကောက်ကဲ့သို့ ကွေးညွတ်ခြင်း မရှိလှချေ။ လောက်လေးကိုင်း မျှလောက်သာ ကောက်သည်။ အထူးသဖြင့် ကိုယ်ထည်ပိုင်းကို မာသော သစ်သားတို့ဖြင့်သာ ပြုလုပ်၍ရသည်။

စောင်းကိုယ်ထည်ကို အလျားသုံးမိုက်၊ အနံတစ်မိုက်ခန့်ထား၍ အခေါင်းထွင်းကာ ဒရယ်သားရေ၊ ချေသားရေ တို့ဖြင့် ဖုံးအုပ်ပြီး ကိယ်ထည်ဘေးနှစ်ဖက်တွင် အပေါက်နှစ်ပေါက် ဖောက်ထားသည်။ ယင်းအပေါက်ကို "နတ်သမီးပေါက်" ဟူ၍ ခေါ်ကြသည်။ စောင်း၏ခေါင်းပိုင်းကို ကိုယ်ထည်နှင့် ဆက်စပ်ယူပြီး ထိပ်ပိုင်းတွင် ကြိုးတပ်၊ ကြိုးတင်းရန် လက်တံကို ထားရှိရသည်။ စောင်းခေါင်းပိုင်းသည် သဘာဝ ကောက်နေသော သစ်သားတို့ဖြင့် အလျားခြောက်မိုက်ခန့် အရှည်ယူ၍ တပ်ဆင်ယူရသည်။

ဏာဒိန်ယူသီ့ (ခေါ်) လွမ်းအောင်ဖန်စောင်း


ဏားဒိန်ယူသီ့ (ခေါ်) လွမ်းအောင်ဖန်စောင်းသည် အထွတ်အမြတ်ထားသော စောင်းတစ်မျိုးဖြစ်သည်။ အချို့က တော်ဝင်စောင်း ဟူ၍ အမည်သတ်မှတ်ပေးကြသည်။ တော်ဝင်စောင်းကို အချို့က ဏားဍိင်ကိုင် နာဒိန်ဘားကန် ဟုလည်း ခေါ်ကြသေးသည်။ ထိုစောင်းကို ပြုလုပ်ရာတွင် အစီအရင်တစ်မျိုးနှင့် လုပ်ယူရလေသည်။ ကိုယ်ထည်ကို ပိတောက်သားဖြင့် ပြုလုပ်ရပြီး ခေါင်းပိုင်းကို ယင်းတိုက်သားနှင့် ပြုလုပ်ယူကြသည်။ ကြိုးတပ် ကြိုးတင်းရန် လက်တံကို သစ်၊ ဆင်စွယ်ဖြင့် ပြုလုပ်ပြီး တပ်ဆင်ရသည်။ ထိုစောင်းကို ပြုလုပ်ရာတွင် မပြီးမချင်း တောထဲ၌သာ ထားခဲ့ရခြင်းဖြစ်သည်။ စောင်းကိုပြုလုပ်ပြီး စောင်းကြိုးတပ်သောအခါ စောင်းအိုးအပေါက်တွင် ပန်းခုနှစ်မျိုး ခုနှစ်ပွင့် သွင်းရလေသည်။ စောင်း၏ အမြုတေ ခေါ်အပ်သော ဏာဒိန်အပနယ့် ကို ထည့်ရလေသည်။ ပန်းညို ခုနှစ်ပွင့်၊ စကားဝါပွင့်၊ နန်းလုံးကြိုင်၊ ဆောင်တော်ကူး၊ တရုတ်စကား၊ စကားစိမ်းပွင့် စသည့် ခုနှစ်ပွင့်ကို ထည့်သွင်းပြီးလျှင် စောင်းကြိုးညှိကာ ထိုတောအုပ်၌ပင် သီချင်းနှင့် သီဆိုတွဲဖက်ပြီး တီးခတ်ရလေသည်။


အထက်ပါ အစီအရင်အတိုင်း စီရင်သီဆို တီးခတ်ပြီးသောအခါမှသာ ရွာသို့ ယူဆောင်၍ ရလေသည်။ ထိုစောင်းကို သီဆိုတီးခတ်လျှင် ကြားရသူတိုင်း လွမ်းဆွေးကြရသည်ဟု ရှေးလူကြီးများက ဤသို့ မှာကြားချက် တစ်ရပ် ရှိပေသည်။ "ဏာဍိင်ယူသီ့ ဏာဍိင်က်ုလယ်၊ ဏာဍိင်မွဲာ ကႜင်ကိႜင်းအ်ုလယ့်၊ အေဍယ်စူးလင် အ်ုပးနယ့် ဍယ်ထင်းဍယ်လင် မေးထီ့ဟှယ့်။" လွမ်းဖွယ်ကောင်းသော စောင်းမဟာကို ကြန်အင်နှင့် ပြည့်စုံသော ပိတောက်သားနှင့် ထုလုပ်ထားပါသည်။ စောင်း၏ အမြုတေဖြစ်သော ပန်းခုနှစ်မျိုးဖြင့် စီရင်အပ်သည်ဖြစ်၍ တီးခတ်ပါက ကြားရသူတိုင်း မျက်ရည်မဆည်နိုင်အောင် လွမ်းဆွေးဘွယ်ရာ ဖြစ်ပါသည်။ ထို့အပြင် အစီအရင်နှင့် ပြီးသော လွမ်းဘွယ်စောင်း (၀ါ) တော်ဝင်စောင်းကို ဤသို့ဆင့်၍ ပိုးကရင်လင်္ကာဖြင့်  အမွှန်းပြု ထားပေသေးသည်။

ကာလသား ကာလသမီးတို့ ပိုင်ဆိုင်သော စောင်းကောက်တစ်မျိုးကိုလည်း ဤသို့ ဖွင့်ဆိုထားကြသည်။ "ဏာဍိင်ယူသီ့ ဏာဍိင်အွာ၊ ဏာဍိင်မူးဏင်. ဖေါဟ်သးခွ့၊ အေဍယ်ထင်း ကေ၀်မူးဏာဏာ၊ ဟ်ုယှာ.လ်ုဖံႜုဏင်းထင်းသာ၊ ဏာဍိင်ယူ.မုဂ် ဏာဍိင်က်ုလ၀်၊ မ်ုဍယ်လေ ဍုံဍူးဍံထ၀့်၊ အေဍယ်ထင်း ကေမူဟှဝ်ဟှဝ်၊ ဟ်ုသီ့မု့်ထင်းထာင်လ၀့်။" ဖြူစင်သန့်ရှင်းလှသော ကာလသား ကာလသမီးတို့၏ စောင်းကောက်ကို ညအခါ တီးခတ်ပါက လူကြီးသူမတို့ပင် လူငယ်အတိတ်ဘ၀ကို ပြန်ပြောင်းသတိရပြီး အိပ်ရာမှထ၍ မှေးစက်ခြင်း မရနိုင် ဖြစ်ရသည်။ ထိုနည်းတူပင် ရောင်နီပျိုးချိန် နံနက်ဆည်းဆာတွင် တီးခတ်ပါက သေသူပင် ပြန်လည် အသက်ရှင်လိမ့်မည်ဟူ၍ ဆိုလေ၏။
(၆) ပေါ်ကူး (ခေါ်) ၀ါးပတ္တလား
ကရင်လူမျိုးတို့၏ ရိုးရာ တူရိယာများ အနက် ပေါ်ကူး (ခေါ်) ၀ါးပတ္တလားသည် ရှေးကျလှသော တူရိယာ တစ်ခုပင် ပါဝင်လေသည်။ စာတစ်စောင် ပေတစ်ဖွဲ့ဖြင့် မှတ်တမ်းတင်ခဲ့ခြင်း မရှိသဖြင့် မည်သည့် ခေတ်အခါလောက်ကတည်းက ပေါ်ကူး (ခေါ်) ၀ါးပတ္တလားကို ကရင်လူမျိုးတို့ မည်သည့် အချိန်မှ စတင် သုံးစွဲခဲ့ကြောင်းကို အတိအကျ ဆိုရန် ခက်လှသည်။ ကရင်လူမျိုးတို့သည် တောင်ယာ ခုတ်ခြင်း၊ အမဲလိုက်ခြင်း၊ တောတောင်များအတွင်း သွားလာခြင်းပြုရာမှ အနားယူနေသည့် အခါတွင် ဒူးလေး၊ မြားကို ပြုလုပ်၍ ရြှိုကသည်။ ထိုသို့ ပြုလုပ်နေစဉ် ၀ါးဆစ်များကို ခုတ်ထစ် ပိုင်းဖြတ်၍ တီးခတ်ကြည့်ရာ အသံအမျိုးမျိုး ထွက်လာသည်ကို အကြောင်းပြုပြီး ၀ါးပတ္တလားကို စတင် လုပ်ယူကြသည်ဟု ကရင်လူကြီးများက ဆိုကြသည်။

ဝါးပတ္တလား ပြုလုပ်ခြင်း


ပေါ်ကူးကို ၀ါးလုံး (၉) လုံးဖြင့် များသောအားဖြင့်ပြုလုပ်ကြပြီး အချို့မှာ ၀ါးလုံး (၁၁) လုံးအထိ ပြုလုပ်ကြကြောင်း တွေ့ရှိနိုင်ပေသည်။ ၀ါးအရင်းမှ တစ်ပိုင်းစီတစ်ပိုင်းစီ အဆစ်ခံ၍ ဖြတ်ယူလေ့ရှိကြသည်။ ၄င်းအဖျားပိုင်း (၃) ချိုး (၂) ချိုးအထိ တစောင်းကျအောင် ခုတ်ဖဲ့ပြီး အသံကို ညှိယူရသည်။ ၀ါးခြမ်းသစ်သား စသည်ဖြင့် လည်ကောင်း တုတ်တံထိပ်ပိုင်းကို အ၀တ်ကဲ့သို့သောအရာဖြင့် စီးပတ်၍ သော်လည်းကောင်း တီးခတ်သံအဖြစ် ပြုလုပ်ကြသည်။ အလယ်ဝါးကို သံမှန် (၀ါ) မူလအသံဖြင့်ထားပြီး ၀ါး (၉) လုံးပါပေါ်ကူးကို အသံစဉ်အလိုက် ညှိယူကြောင်း သိရှိရပါသည်။ မျက်မှောက်တွင် အသံအားဖြင့် စူးရှလှသော ပတ္တလားတစ်ခုကိုကြည့်လျှင် အရှည်အားဖြင့် နှစ်လက်မခွဲခန့် ရှိသည်။ အသံတိမ်သော ပတ္တလား အသွားအရှည်မှာမူကား ၁၁ လက်မကျော် ရှိသည်ကို တွေ့ရရှိသည်။

ထို့အပြင် အသံထွက်တိမ်သော ပတ္တလား တစ်မျိုးမှာလည်း ၀ါးဆစ်မှာ အရင်းအထိ တစ်ပေ နှစ်လက်မခန့်ရှိပြီး အရင်းမှာ အဖျားအထိ နှစ်ပေခွဲကျော်ခန့် ရှိသည်ကို တွေ့ရှိရပေသည်။ ကရင့်အခေါ် ပေါ်ကူး၊ ၀ါးပတ္တလားမှာ မျက်မှောက်မွန် ၊ ဗမာတို့၏ ၀ါးပတ္တလားတို့နှင့် အခြေခံအားဖြင့် ခြားနားမူ မရှိလှချေ။ မွန်၊ ဗမာတို့၏ ၀ါးပတ္တလားကို မွမ်းမံမူုဖြင့် လခြမ်းပုံ သစ်သားအိမ်များ၊ မှန်စီရွှေချအိမ်များချ၍ ရူချင်စဖွယ် လှပသော်လည်း ကရင်တို့၏ ၀ါးပတ္တလားသည် သဘာဝအတိုင်းသာ ရှိနေ၍ လှပခြင်း မရှိလှချေ။ သို့သော် လွင်သောအသံ ညက်ညောသော အဆွဲအငင်တို့ဖြင့် အခြားသော ကရင်တူရိယာတို့နှင့် တွဲဖက်တီးခတ်သောအခါ သာယာ နာပျော်ဖွယ် တူရိယာအဖြစ် ကရင်လူမျိုးတို့က သတ်မှတ် အသုံးပြုကြသည်။

(၇) သောင့်ထွန် (ခေါ်) တယော


ကရင့်အခေါ် (သောင့်ထွန်) မှာ ငြိမ့်ညောင်းစွာ တီးရသော တူရိယာပစ္စည်းတစ်မျိုးဖြစ်သည်။ ရှေးကျ၍ ရှားပါးလှသော ပစ္စည်းလည်း ဖြစ်၏။

တယောပြုလုပ်ခြင်း


သောင့်ထွန်ကို အုန်းမှုတ်ခွက်တို့ဖြင့် လည်းကောင်း ၀ါးပိုးကျည်တောက်တို့ဖြင့် လည်းကောင်း ပြုလုပ်လေ့ ရှိသည်။ ရှေးအခါက သောင့်ထွန်ကို ကြိုးတစ်ချောင်းတပ်ဖြင့် အသုံးပြုလေ့ရှိပြီး နောက်ပိုင်းတွင် ကြိုးနှစ်ချောင်း တပ်၍ သုံးစွဲလာကြသည်။ ထိုကြိုးတို့မှာနှစ် ချောင်းပူးထားသော ကြိုးတစ်ချောင်းနှင့် သုံးချောင်း ပူးထားသော ကြိုးတစ်ချောင်း ဖြစ်သည်။ အချို့သော ဒေသတွင် ကြိုးသုံးချောင်းတပ်၍ ရှားရှားပါးပါး အသုံးပြု တီးခတ် နေကြောင်းကို တွေ့ရှိရသေးသည်။ ကရင့်သောင့ထွန်သည် အများအားဖြင့် အလျားနှစ်တောင်ခန့် ရှိသည်။

ထိုးတံဖြင့် တယောထိုးသကဲ့သို့ တီးခတ်၍ရသလို လက်ချောင်းဖြင့် တီးခတ်၍လည်း ရသည်။ မတ်တပ်ထောင်၍ ဘေးတိုက် ထိုးရပြီး အသေအရှင်ထိုးနည်ဟူ၍ နှစ်မျိုးရှိ၏။ အသေထိုးနည်းမှာ ထိုးတံကို ကြိုးအတွင်းသို့ ထားပြီး ထိုးသောထိုးနည်းကို ဆိုလိုသည်။ အရှင်ထိုးနည်းမှာ ထိုးတံနှင့် တသီးတခြားထားပြီး အပြင်မှနေ၍ ထိုးခြင်း ဖြစ်သည်။ ကရင့်သောင့်ထွန်သည် ရှေးအခါက ပေါများလှသော်လည်း ယနေ့ တယောဂီတများ ပေါ်ထွန်းလာချိန်တွင် တဖြည်းဖြည်း ကွယ်ပျောက်၍ ကျေးလက်အချို့တွင်သာ ရှားရှားပါးပါး တွေ့ရှိ နိုင်တော့သည်။

(၈) ထာ့ (ခေါ်) ကရင်အိုးစည်


ကရင်အိုးစည်သည် ဗမာ၊ ရှမ်းတို့၏ အိုးစည်ပုံသဏ္ဌာန် ဖြစ်သည်။ သို့ရာတွင် ရှမ်းအိုးစည်ကဲ့သို့ ကိုယ်ထည် ရှည်လျားခြင်း မရှိချေ။ ခါးသေးပြီး အ၀ိုက်ကျယ်ခြင်းလည်း မရှိချေ။ ကရင်အိုးစည်မှာ ခါးတုတ်၍ ကိုယ်ထည်လည်း တိုသည်။

ကရင်အိုးစည် ပြုလုပ်ခြင်း


ကရင်အိုးစည်ကို မာသော သစ်သားတို့ဖြင့် ထွင်းယူပြီး မျက်နှာဝကို နွားသားရေဖြင့် ကျက်ထားသည်။ ထိပ်ဝ အနည်းဆုံး တစ်ပေရှိသည်။ အိုးစည်ထိပ်ဝ အချင်းကို မူတည်လျက် တွဲဖက်တီးရသော တူရိယာတို့၏ အရွယ်အစားကို လိုက်၍ သတ်မှတ်ချက်ရှိ၏။ အိုးစည်ထိပ်ဝ ၁၂ လက်မ၊ ဖားစည်ထိပ်ဝ ၁၈ လက်မ၊ လင်းကွင်းအကျယ် ၁၂ လက်မနှင့် ၁၀ လက်မ အချင်းရှိသော မောင်းတို့ဖြင့် တွဲဖက် တီးခတ်သော် လိုက်ဖက်လှသော အသံကို ရရှိသည်ဟု ဆိုကြသည်။ မျက်မှောက်တွင် ကရင်ရိုးရာ ဒုံးအက၊ တေးသီပွဲ (ခေါ်) အော်ပွဲတို့တွင် အိုးစည်ကိုပင် တူရိယာအဖြစ် ထားပြီး နှဲ၊ ပုလွေ၊ ၀ါး၊မောင်း၊ လင်းကွင်း၊ ဗုံတို့ဖြင့် တွဲ၍ တီးခတ်နေသည်ကို တွေ့ရှိရမည် ဖြစ်ပေသည်။

(၉) ခနာ (ခေါ် )ဗျတ်စောင်း


ကရင်လူမျိုးတို့ ကြိုးတပ်တူရိယာများ ရှိသည့်အနက် ဗျတ်စောင်းသည် တစ်မျိုး အပါအ၀င်ဖြစ်သည်။ ကရင်ဗျတ်စောင်းသည် ယခုခေတ် မယ်ဒလင် တစ်မျိုးဟု ဆိုနိုင်သည်။ အချို့က ကိုယ်တိုင်တီး ကိုယ်တိုင်သီဆို၍ အချို့မှာ အမျိုးသားက တီးခတ်၍ အမျိုးသမီးက သီချင်း သီဆိုသောအခါ သာယာနာပျော်ဖွယ် ရှိလှသည်ဟု လက်ခံ ထားကြပေသည်။

ဗျတ်စောင်းပြုလုပ်ခြင်း


ရှေးအခါက အုန်းမှုတ်ခွက်ဖြင့် အုန်းသီးတစ်လုံးကို သုံးပုံတစ်ပုံမှ ညီညာစွာ ဖြတ်ယူပြီး အ၀ကို သစ်သား ၀ါးပြားဖြင့် ပိတ်၍ ပြုလုပ်ယူလေ့ ရှိသည်။ နောင်ခေတ်အချိန်တွင် သစ်မာသားဖြစ်သော ယင်းတိုက်၊ ပျဉ်းကတိုး၊ ပိတောက်သားတို့ဖြင့် ပြုလုပ်နေကြသည်။ ရှေးကကြိုးသုံးချောင်း ရိုးရိုးတပ်ပါရှိသော်လည်း မျက်မှောက်တွင် ကြိုးငါးချောင်းကို နှစ်ချောင်းတွဲစုံ လေးချောင်းနှင့် တစ်ချောင်းတွဲ တပ်ကြိုးအဖြစ် တပ်ဆင်ကြသည်။ ယခင်က ပိုးချည်မျှင် သစ်သားမျှင် ၀ါးမျှင်တို့ဖြင့် ကြိုးအဖြစ် အသုံးပြုလေ့ ရှိသော်လည်း ယခုအခါ နိုင်လွန် သံမဏိကြိုးတို့ဖြင့် တပ်ဆင် သုံးစွဲလာကြသည်။

ဖော်ပြပါ ထင်ရှားလှသော ကရင်လူမျိုးတို့၏ ရိုးရာတူရိယာများကို ဖော်ပြရာတွင် အားလုံးပြည့်စုံနိုင်ပြီး မဟုတ်ချေ။ ဒေသအလိုက် ရိုးရာတူရိယာ ပစ္စည်းများ ရှိနေဦးမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

မြစ်နဒီကိုးသွယ်မှ ကူးယူဖော်ပြပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment