ကွန်းချမ်း | သောကြာနေ့၊ စက်တင်ဘာလ ၂၈ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၃၄ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။ ။ မွန်ပြည်နယ်အတွင်းရှိ လူငယ်များအကြား
တွင်ကျယ်စွာ သုံးစွဲနေသည့် ဘိန်းစာရွက် ခေါ် စိတ်ကြွ
မူးယစ်ဆေးရွက်တမျိုးကို သက်ဆိုင်ရာတို့က ထိရောက်စွာ ကိုယ်တွယ်ဖြေရှင်းခြင်း
မရှိသေးကြောင်း
ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ဦး က ပြောသည်။
ဘိန်းစာရွက်နှင့် ပတ်သက်၍ ယမန်နှစ် စက်တင်ဘာလက လွှတ်တော်သို့ တင်ပြခဲ့သော်လည်း ထူးခြားမှု မရှိခြင်း
ကြောင့်
တနင်္လာနေ့က စတင်ကျင်းပသည့် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်
အစည်းအဝေးတွင် ထပ်မံမေးမြန်း တင်ပြခြင်း ဖြစ်သည်ဟု ဆိုသည်။
“မနှစ်က ကျနော် တကြိမ် တင်ပြတော့ ဖမ်းတာ၊ အပင်ကို ဖျက်ဆီးတာ နည်းနည်းတော့ ရှိတယ်။ ဒါပေမယ့်
ပြတ်ပြတ်သားသား အရေးယူတာ မရှိဘူး။ အခုလည်း ဒီ ဘိန်းစာရွက်ကို မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားခြင်း
ရှိ မရှိ၊ မူးယစ်ဆေးလို့ သတ်မှတ်ထားရင် ဘယ်လိုအရေးယူမှု ရှိလဲလို့ ကျနော် မေးခဲ့ပါတယ်” ဟု ဦးနိုင်ဦး က ပြောသည်။
ဘိန်းစာရွက်
သုံးစွဲ ရောင်းချမှုကို ကိုင်တွယ်ရန်အတွက် ၎င်း၏ မဲဆန္ဒနယ်မှ မြို့နယ် အထွေထွေ
အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲမှူးများနှင့် ညှိနှိုင်းခဲ့သော်လည်း
ဘိန်းစာရွက်သည် မူးယစ်ဆေးဝါးတွင် အကျုံးမဝင်သေးသည့် အတွက်
ပြတ်ပြတ်သားသား ကိုင်တွယ်၍ မရသေးကြောင်း ၎င်းတို့က ပြောကြားခဲ့သည်ဟု သံဖြူဇရပ်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ဦးနိုင်ဦး က ပြောသည်။
သို့သော်လည်း
ဘိန်းစာရွက်ကို ကျန်းမာရေး ဝန်ကြီးဌာနမှ မူးယစ်ဆေးအဖြစ် သတ်မှတ်ကြေညာပြီး
ဖြစ်၍ ဖမ်းဆီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တနင်္လာနေ့
လွှတ်တော်မှ ပြန်လည် ဖြေကြားခဲ့သည်။
ထိုင်းနိုင်ငံတောင်ပိုင်း၊
ဖူးကစ်ဒေသတွင် သွားရောက်လုပ်ကိုင်ကြသည့် မွန်ပြည်နယ်မှ ရာဘာစေးခြစ်
လုပ်သားများ က ထိုဒေသမှ ဘိန်းစာရွက် အကိုင်းအခက်ကို သယ်ဆောင်လာခဲ့ပြီး
နေအိမ်နှင့် ဥယျာဉ်ခြံတွင် စိုက်ပျိုးခဲ့ရာမှ သုံးစွဲသူ တစထက်တစ များလာကာ
စီးပွားဖြစ် ရောင်းချလာခြင်း ဖြစ်သည်။ ထိုင်းတွင်လည်း ထိုဘိန်းစာရွက်ကို
မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားသည်။
ဘိန်းစာရွက်ကို ၂ဝဝ၉ ခုနှစ်
နှောင်းပိုင်းတွင် မွန်ပြည်နယ်၌ စတင်သုံးစွဲလာခဲ့ပြီး ယခုအခါ သံလွင်မြစ်
တောင်ဘက် ငါးမြို့နယ် ဖြစ်သည့် မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊
သံဖြူဇရပ်နှင့် ရေးမြို့နယ်မှ အရပ်သား လူငယ်များသာမက တက္ကသိုလ်နှင့်
အထက်တန်း ကျောင်းသားများပါ သုံးစွဲလာကြပြီဟု ဦးနိုင်ဦး က ပြောသည်။
“ဟိုတုန်းကဆို
ကျောင်းသားတွေ လူငယ်တွေ ဆေးသုံးတယ်ဆိုတာ ကြားဖူးရုံလောက်ပဲ။ အခုတော့
မျက်မြင်ပဲ။ ရွာဘက်မှာဆို အသက် ၁၅ နှစ်ကနေ ၂၅ အထက် လူငယ်တွေ ဒီဘိန်းစာရွက်
ဆေးရည် မသုံးတာ မရှိသလောက်ပဲ” ဟု သူက ပြောသည်။
မုဒုံနှင့်
သံဖြူဇရပ်တွင် ၂ဝ၁ဝ ခုနှစ်က ဘိန်းစာ တရွက်လျှင် ကျပ် ၅ဝ ဖြင့် အလွယ်တကူ
ဝယ်ယူနိုင်သော်လည်း သုံးစွဲသူ များပြားလာ၍ ယခု တရွက် ၂ဝဝ မှ ၃ဝဝ ကျပ်သို့
ရောက်ရှိလာပြီဟု သုံးစွဲသူ လူငယ်တဦး က ပြောသည်။
ဘိန်းစာရွက်ကို ကျိုချက်ထားသည့် သတ္တုရည်သည် ခါးသက်သက် အရသာရှိပြီး ချောင်းဆိုးပျောက်ဆေးရည်၊
ကော်ဖီမစ်၊
မီးချောင်းအတွင်းမှ ပြဒါးမှုန့်၊ ခြင်ဆေးခွေ ပြာမှုန့်၊ အချိုရည်တို့ဖြင့်
ရောစပ်သောက်သုံးခြင်းဖြင့် တဖြည်းဖြည်း ယစ်မူးကာ အအေးဒဏ်၊ အမောဒဏ်ကို
ခံနိုင်ပြီး ကိုယ်လက်ပေါ့ပါး လန်းဆန်းသည်ဟု ထိုလူငယ် ကပင် ပြောပြသည်။
ပေါက်ဈေး ၆,ဝဝဝ ကျပ် ရှိပြီး အဝယ်ခက်ကာ အဖမ်းအဆီးများသည့် ယာဘခေါ် စိတ်ကြွဆေးကို သုံးစွဲရာမှ
ငွေပြတ်ချိန်များတွင် ဘိန်းစာရွက်ကို အစားထိုး သုံးစွဲလာကြခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဒီအပင်က
ဆေးဖက်ဝင်တဲ့အတွက် ကျနော်တို့ဘက်မှာ ဖမ်းတာ မရှိသေးဘူး။ ရေးမြို့နယ်ဘက်က
တပတ်ဆိုရင် ၆ သိန်းဘိုးလောက် လာဝယ်တယ်” ဟု မုဒုံမြို့နယ်မှ ထိုလူငယ်က
ပြောသည်။
တနင်္သာရီတိုင်း၊ မြိတ်၊ ထားဝယ်ဒေသဘက်ရှိ ရေလုပ်သားများကလည်း
ဘိန်းစာရွက်ကို အမောဒဏ် ခံနိုင်ရန် အသုံးပြုကြပြီး၊ အချို့မှာ ဆီးချို၊
သွေးတိုးနှင့် ကိုယ်လက် ကိုက်ခဲခြင်းကို သက်သာစေရန် တိုင်းရင်းဆေးအဖြစ်
အသုံးပြုကြသည်ဟု ထိုဒေသတွင် သွားရောက်လုပ်ကိုင်ခဲ့ဖူးသူ
ရေလုပ်သားဟောင်းတဦးက ပြောသည်။ သို့သော် လည်း ယခုလူငယ်များ သုံးစွဲသကဲ့သို့
ရောစပ်သုံးစွဲခြင်း မဟုတ်ဘဲ အရွက်ကို ဝါးစားခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
ဘိန်းစာရွက်ပင်သည်
ကြီးထွားမှုနှုန်း မြန်ဆန်သည့် နှစ်ရှည်ပင်ဖြစ်ပြီး၊ နှစ်နှစ်အရွယ်တွင်
အရွက်ကို စတင်သုံးစွဲနိုင် သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်း
ထိုဘိန်းစာရွက်ကို ရာဘာခြစ် လုပ်သားများက တွင်ကျယ်စွာ အသုံးပြုကြသည်ဟု
ဆိုသည်။
ရုက္ခဗေဒ အခေါ်အရ Mitragyna specious အပင်အမျိုးအစား ဖြစ်သည့်
ထို ဘိန်းစာရွက်ကို ထိုင်းဘာသာအားဖြင့် “ကရထောင်” ဟု ခေါ်ဆိုပြီး
အရှေ့တောင်အာရှတွင် အလေ့ကျပေါက်ပင်အဖြစ် တွေ့ရှိရသည်ဟု ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး
KNU နှင့် မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်မြေများ၌
ထိုဘိန်းစာရွက်ပင်ကို မူးယစ်ဆေးဝါးအဖြစ် တားမြစ်ထားသည်။
“ကျနော်
တွေ့ထားသလောက်ဆိုရင် များများသုံးတဲ့ လူငယ်တွေဟာ ဦးနှောက်က ပုံမှန်
မဟုတ်တော့ဘူး။ မသောက် ရရင် မနေနိုင်လောက်အောင် စွဲတယ်။ မနှစ်က ကျနော်
လွှတ်တော်မှာ တင်ပြီး အပင်တွေကို လိုက်ခုတ်လို့ သူတို့ရွာ မှာ မရှိရင်
တခြားရွာမှာ လိုက်ရှာဝယ်တယ်။ စိုက်ထားတဲ့ ခြံတွေမှာ လိုက်ခိုးတယ်” ဟု
လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦး က ပြောသည်။