၁။
မရေးတော့ဟု ဆုံးဖြတ်မိသော်လည်း ဆရာတစ်ပါးမှ အကူအညီတောင်းသဖြင့်
တစ်ကြောင်း၊ ဂျာနယ်လစ်တစ်ဦး၏ တာဝန်မဲ့အဖြေကို စိတ်ထဲတွင်
ခိုးလိုးခုလုဖြစ်သဖြင့် တစ်ကြောင်းကြောင့် ရေးမိရပါသည်။
ရှေ့တစ်လှမ်းတိုး၊နောက်နှစ်လှမ်းဆုတ်စမ်းဟု စိုင်းထီးဆိုင် သီချင်းပင်
ညည်းချင်လာပါသည်။
၂။
ဝေေ၀စီစီ လက်ပတောင်းကိစ္စ ပင်ဖြစ်ပါသည်။ မုံရွာမှ မန္တလေးသို့
သံဃာများပြောင်းရွေ့ကြသည်။ ဆေးရုံက ဆေးမှတ်တမ်းတွင် ရာဇ၀တ်မှု လူနာဟု
တုံးထုပေးလိုက်သည်။ ဖေ့စ်ဘုတ်ပေါ်တင်၍ ဖွသူက ဖွသည်။ ဆဲသူကဆဲသည်။
ဆရာဝန်များကို အမျိုးနှင့်ချီ၍ ငါကိုင်တုတ်သူက တုတ်သည်။ ကောင်းပါသည်။
ဇာတိမာန်ထက်သန်ကြပါလေဟု မပြောပဲနေမိပါသည်။ ဂျာနယ်လစ်တစ်ယောက်က ရှယ်ပေးသည်။
သိသူက ရှင်းသောအခါ၊ မသိဘူးလေ၊ သူပြောတဲ့အတိုင်းတင်ပေးတာပဲဟု ဆိုသည်။
အလွန်အင်မတန် တာဝန်ယူမှုပြည့်ဝပါပေသည်။
၃။
ရာဇ၀တ်မှုလူနာသည် ရာဇ၀တ်သားလူနာဟုပြောခြင်းမဟုတ်ပါ။
ဘာသာပြန်လည်းလိုပါလိမ့်မည်။ ယခင်က ရဲအရေးယူပိုင်ခွင့်ရှိသော
အမှုကိုပြောခြင်းလားမသိ။ အမှန်တော့ police case ကို ပြန်ထားခြင်းဖြစ်ပါသည်။
ရာဇ၀တ်သားကိုမှ ဆေးရုံက တံဆိပ်တုံးထုပေးခြင်းမဟုတ်ပါ။
ကားတိုက်ခံရသူဖြစ်စေ၊ အရိုက်ခံရသူဖြစ်စေ ရဲစစ်ချက်ယူနိုင်ရန်
မှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။ ဆေးရုံတွင် တာဝန်ကျသောရဲမှ
မှတ်တမ်းစစ်ချက်ယူထားနိုင်ရန်ဖြစ်သည်။ ခံရသူကဖြစ်ဖြစ်၊ လုပ်သူက ဖြစ်ဖြစ်
တိုင်ချက်ဖွင့်လာလျှင် သက်သေသက္ကာယရှိနေစေရန်ဖြစ်သည်။ လူနာအတွက်
အထောက်အကူရစေရန်သာဖြစ်သည်။ ကျူးလွန်ခံရသူက ကျူးလွန်သူအပေါ်
ထိရောက်စွာတိုင်တန်းနိုင်ရေးအတွက်သာ ဖြစ်ပါသည်။
၎။
ထိုမျှလောက်ကိစ္စကိုတော့ ဂျာနယ်လစ် ဆိုသူများ သိသင့်ပါသည်။ မသိလျှင်လည်း
သိအောင်လုပ်ရပါမည်။ “သိဘူးလေ သူပြောတဲ့ အတိုင်းတင်ပေးတာ” ဆိုသည်ကတော့
တာဝန်မဲ့လွန်းပါသည်။ ကျုပ်က ဂျာနယ်လစ်အနေနဲ့တင်တာမှမဟုတ်ပဲ။ ဖေ့ဘုတ်မှာ
ပြန်ရှယ်တာပဲဗျာဟု ပြောလိုကပြောပါ။ ပြည်သူကမူ ဂျာနယ်လစ်တင်သောစာကို
ပို၍တိကျသော အမှန်တရားအဖြစ် လက်ခံပါသည်။ ပို၍ လေးစားစွာ အမှန်ဟု ခံယူပါသည်။
ထို့အတွက် တာဝန်မယူသည့်တိုင် တာဝန်ကမူ ရှိနေပါမည်။
၅။
မြန်မာတို့၏ ဆွမ်းကြီးလောင်းချင်သော စိတ်ဓာတ်ကိုလည်း အံ့သြရပါသည်။
ဆဲပါသည်။ ရေရေလည်လည်ဆဲပါသည်။ နှစ်ပေါင်းများစွာ ခါးစည်းခံရသူတို့က
နိုင်ငံအတွက် ခ၀ါချ၍ လက်တွဲနေသည့်တိုင် အရေးအခင်းကာလတွင်
မွေးပင်မမွေးသေးသော သူလေးတို့က ဇာတိမာန်ဇာတိသွေး ထက်သန်ပြနေသည်မှာ
ရယ်စရာလည်းကောင်း၊ စိတ်ညစ်စရာလည်းကောင်းပါသည်။ ပိုဆိုးသည်မှာ ငါနှင့် မတူ
ငါ့ရန်သူစိတ်ဖြင့် လွတ်လပ်စွာ တွေးကြည့် တောကြည့်သူများအား ပယ်ပယ်နယ်နယ်
ဆဲနေကြခြင်းကို စိတ်မချမ်းသာစရာမြင်နေရပါသည်။
၆။
ဖေ့စ်ဘုတ်တွင် မပြောရဟု မရှိပါ။ ပြောနိုင်ပါသည်။ မြန်မာပြည်နိုင်ငံရေးတွင်
ဖေ့စ်ဘုတ်သည် နေရာတစ်ခုရလာခဲ့ပါပြီ။ သို့သော် သံကို သံကပင်ဖျက်၍
သံချေးတက်ခဲ့ရပါသည်။ ကိုယ့်ကိုယ်ကို မင်းလောင်းဟု ပြောသူကပြော၊
သဘောတူလျှင်ဖွ၊လက်ခုပ်တီး သဘောမတူလျှင် အားရပါးရဆဲနှင့်
ဖြစ်ချင်တိုင်းဖြစ်နေသည်ကတော့ ရုပ်ပျက်လွန်းပါသည်။ နင်က
ဘယ်လောက်တတ်လို့တုန်းဟု သူရို့နားမလည်လျှင်မေးမည်။
လက်ဝေခံများအကြောင်းပြောလျှင် ဟိုလူကြီးက စားထားတာ ဒီထက်မကများသေးဟု
ကြေးတိုက်မည်။ လိုသောစကားရရန် ဆရာတော်ကြီးများပင်မချန်ကိုးကားမည်။
ဆူရာရွေးနှုတ် သည်းခြေထုတ်၍ ကောက်နှုတ်မည်။ ကောင်းပါသည်။
၇။ ကောင်းပါသည်။ ကိုယ့် အရည်အချင်း အဆင့်အတန်းကိုများများ ပြကြရန် တိုက်တွန်း လိုသည်မှတပါး အခြားဆိုရန်မရှိ။
share ထားခြင်းမျှသာဖြစ်ပါသည်။
စာပေဝေမျှသူ(မော်နီကာ)
0 ကွန်မန့်ရေးရန်:
Post a Comment