၁။
““အဘ””
အံစာတုံးပုံရုံးခန်းတံခါးဝမှာ ရိုရိုကျိုးကျိုးလေးရပ်ရင်း ခပ်တိုးတိုးခေါ်လာသည်။ လှမ်းကြည့်တော့လိုက် သူအားကိုးရသော ဌာနအရာရှိကြီးတစ်ဦးကို တွေ့ရ၏။
လက်ပြရင်း ၀င်ခဲ့ဖို့ပြောလိုက်တော့ သူ့စားပွဲပေါ်ကို ဖိုင်တစ်ထပ်လာချပေးသည်။
““ဘာဖိုင်တွေတုန်း””
““ဆန္ဒပြခွင့်တောင်းခံစာတွေပါ အဘ””
သူ စိတ်သေးသေးလေးညစ်ရသည်။ သူက ဒီနိုင်ငံရဲ့ အကြီးအကဲတစ်ဦးဖြစ်သည်။ သားသမီးမကောင်း မိဘခေါင်းဟူသည့် စကားပုံအရ သူ့အောက်မှ ဌာနအကြီးအကဲများ
ပေါက်ကရလုပ်သမျှ သူ့ခေါင်းပေါ်စုပြုံကျရသည်။ ဒါတင်မကသေး။ အရင်က သူ့ဆရာတွေလုပ်ထားခဲ့တဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကလည်း သူ့ခေါင်းပေါ်ကျ
လာခဲ့သည်။ ဒါကတော့ ဆရာမကောင်းတပည့်ခေါင်းဟု ဆိုရမည်။ အခုတော့ သူ့ခေါင်းမှာ ထင်ပေါ်တာဆိုလို့ နဖူးပဲကျန်တော့သည်။
ဒီမိုကရေစီရခဲ့ပြီ။ သူ့ဆရာထားခဲ့သော စာအုပ်စိမ်းကြီးကိုကိုင်၍ သူအလုပ်တွေဆက်လုပ်ရသည်။ တိုင်းပြည်ကောင်းစားစေချင်သည့် စေတနာကလည်း သူ့မှာ
ရှိသည်။ ဒီစိတ်တစ်ခုတည်းနဲ့ပင် သူ့ရဲ့ နှလုံးရောဂါကိုလည်း ဘေးဖယ်ထားခဲ့သည်။ သူ့စေတနာတွေက ရောင်ပြန်ဟပ်လိမ့်မည်။ ဒီလိုပဲ သူတွေးသည်။
၂။
““ဘာအကြောင်းတွေတုန်း””
အရာရှိကြီးကိုကြည့်ရတာလည်း စိတ်တွေဂယောင်ခြောက်ခြားဖြစ်နေတဲ့ စတိုင်တွေ့ရသည်။ အင်း... ဒီအရာရှိလည်း နဖူးနည်းနည်းပြောင်စပြုလာပြီ... ဟု သူတွေးမိလိုက်သေး၏။
““တစ်ခုက လယ်သမားအရေး””
““အင်း””
““တစ်ခုက အလုပ်သမားအရေး””
““အိမ်း””
““တစ်ခုက ကျောင်းသားအရေး””
““အွန်း””
““တစ်ခုက လက်လုပ်လက်စားအရေး””
““အိ””
““တစ်ခုက ကုန်ဈေးနှုန်းကျဆင်းရေး””
““အမ်””
““တစ်ခုက လွှတ်တော်အမတ်ဖြုတ်ချရေး””
““အွင်””
““တစ်ခုက မီးမလာလို့””
““အဲ””
““တစ်ခုက ရေမလာလို့””
အရာရှိကြီးဖတ်ပြနေသည့် စာရွက်တစ်ထပ်ကြီး မြန်မြန်ကုန်ပါစေဟု ဆုတောင်းရင်း နဖူးလေးပေါ်မှ ချွေးစို့များကို လက်ဖြင့်ဘတ်ခနဲသုတ်လိုက်၏။
နားထင်မှ ချွေးစက်များက ကြမ်းပြင်ပေါ်သို့ ပလောက်ခနဲကျသွား၏။ ဆက်ဖတ်နေသည့် အသံကို သူ့နားထဲမကြားတော့။ အရာရှိကြီးလက်မှ စာရွက်တွေကလည်း မကုန်နိုင်။
၃။
““အဘ””
အံစာတုံးပုံရုံးခန်းတံခါးဝမှာ ရိုရိုကျိုးကျိုးလေးရပ်ရင်း ခပ်တိုးတိုးခေါ်နေတဲ့ အရာရှိကြီးကိုမြင်တော့ သူဒိတ်ခနဲရင်ခုန်သွားသည်။ ဘယ်နားပြေးပုန်းရကောင်းမလဲ တစ်ချက်ကြည့်လိုက်ပြီးမှ
ပုန်းစရာမတွေ့သဖြင့် ၀င်ခဲ့ရန်ခေါ်လိုက်ရသည်။
““... ဘာ... ဘာ... ဘာဖိုင်တွေတုန်းဟင်””
““ထုံးစံအတိုင်း ဆန္ဒပြခွင့်တောင်းခံစာတွေပါ အဘ””
““ဟင့်.... ””
မျက်ဝန်းထဲမှာ မျက်ရည်တစ်စ တွဲခိုသွားသည်။ ““ပြည်သူ့ဆန္ဒ... ပြည်သူ့ဆန္ဒ... ပြည်သူ့ဆန္ဒ””ဟူ၍ အတတ်နိုင်ဆုံး နှလုံးသွင်းထားလိုက်၏။
စိတ်ငြိမ်စပြုကာမှ အရာရှိကြီးကို အချက်ပြလိုက်သည်။
““ဖတ်””
““တစ်ခုက ၀န်ကြီးဖြုတ်ချရေး””
““..... ””
““တစ်ခုက မီဒီယာသမားအရေး””
““..... ””
““တစ်ခုက လယ်သမားအရေး””
““..... ””
““တစ်ခုက စီမံကိန်းရပ်တန့်ရေး””
““..... ””
““တစ်ခုက စက်ရုံတည်ဆောက်မှုရပ်တန့်ရေး””
““..... ””
““တစ်ခုက ကျုးကျော်သူများအရေး””
““..... ””
““တစ်ခုက ရခိုင်အရေး””
““တစ်ခုက ကချင်အရေး””
““တစ်ခုက ကုလားအရေး””
““တစ်ခုက တရုတ်အရေး””
““တော်.... ပါ... တော့.... ကွယ်။ တိုင်းပြည်အခြေအနေမှန်ကို အဘသိပါပြီကွယ်... ဟင့်””
၎။
““အဘ””
အံစာတုံးပုံရုံးခန်းတံခါးဝမှာ ရိုရိုကျိုးကျိုးလေးရပ်ရင်း ခပ်တိုးတိုးခေါ်လာပြန်သည်။ အဘဆိုတဲ့ ထိုအရာရှိရဲ့ အာလုပ်သံကြီးကိုကြားတိုင်း သူ့နဖူးပေါ်က ချွေးတစ်စက် ပလောက်ခနဲကျသွားမြဲ။
ဒီအရာရှိကို အလုပ်ဖြုတ်ဖို့တောင် စဉ်းစားမိတဲ့အထိ သူကြောက်နေမိသည်။ သို့သော်လည်း ငယ်ဆရာ ငယ်တပည့်ဖြစ်နေတာမို့ မလုပ်ရက်။
““၀င်ခဲ့.... ဆန္ဒပြပြန်ပီလား””
““ဟုတ်... တစ်ခုက ဘုန်းကြီးအရေးပါ””
““တစ်ခုက ရပ်ကွက်လူကြီးကို မကျေနပ်တာပါ””
““တစ်ခုက သမ္မတကြီးကို ထောက်ခံတာပါ””
““ငှင်... နာ့ကို ထောက်ခံတာတောင် ဆန္ဒပြကြသေးတာလား””
““ဟုတ်... ဒီမိုကရေစီဖက်ရှင်ပါအဘ””
““ငှင်... ဖက်ရှင်... ””
၅။
““အဘ.... ””
““ဟေ့ကောင်... မင်း ငါ့ရုံးခန်းနားကို တစ်လက်မမှကပ်မလာနဲ့။ ရုံးအရိပ်တောင်မနင်းနဲ့ကွာ။ သွား... ထွက်သွား.... ””
““ဂျာ... ””
၆။
ရုံးတက်ချိန်တွင် နိုင်ငံတော်အကြီးအကဲရုံးက ၀န်ထမ်းများအားလုံး ပျာယာခတ်နေကြသည်။ မျက်စိမျက်နှာပျက်ပျက်ဖြင့် ရေးကြီးသုတ်ပြာ သွားလာနေကြသည်။
အရာရှိကြီးများ၏ မျက်နှာတွင်လည်း သွေးမရှိတော့။ လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ဆူပူမာန်မဲခံနေရသည်။ ခုမှရုံးရောက်လာကြသူများက စောရောက်နေသူများကို
မေးနေသည်။
““ဘာဖြစ်တာလဲဟဲ့””
““သမ္မတကြီးပျောက်သွားလို့ဟဲ့””
““ဟယ်... ဒုက္ခပါဘဲ””
တံခါးပေါက်ကို မှီငိုသူကငိုကြသည်။ ရင်ဘတ်စည်တီးသူက တီးကြသည်။ ရှာသူကရှာကြဆဲ။ သို့သော်လည်း နေ့လည်စာစားချိန်အထိ ရှာမတွေ့ကြ။
ကာကွယ်ရေးဖက်မှ အရာရှိများသာမက လွှတ်တော်နှစ်ရပ်မှ လူကြီးမင်းများလည်း ပီးပေါ်.. ပီးပေါ် အော်၍ ရောက်လာကြသည်။ အားလုံး၏မျက်နှာများငယ်နေကြသည်။
သူတို့အားလုံး သမ္မတကိုချစ်ကြ၏။
၇။
““တွေ့ပီ... တွေ့ပီ... သူဘဲ.. သူဘဲ””
နေ့လည်စာစားချိန်မရောက်ခင်မှာ ရုံးထဲသို့ အမောတကောပြေးဝင်လာသော ရုံးပြာတာလေး၏ အော်သံကြောင့် အားလုံး လှုပ်ရှားသွားကြသည်။
““ဘယ်မှာလဲ.. ဘယ်မှာလဲ... ဒို့သမ္မတကြီး ဘယ်မလဲဟဲ့””
““ဘယ်မှာမှမဟုတ်ဘူး။ ရုံးရှေ့ကိုရောက်လာတော့မယ်။ သူ့အိမ်တော်ကနေ လမ်းလျှောက်ထွက်လာတာ””
““ဟင်... ””
ရှိသမျှလူအားလုံး ရုံးရှေ့လမ်းမကြီးပေါ် ပြေးထွက်သွားကြသည်။ လှမ်းကြည့်လိုက်တော့ ခပ်ဝေးဝေးမှာ လမ်းမအလယ်ခေါင်က တစ်ယောက်တည်းလမ်းလျှောက်လာနေသော
သူ့ကိုတွေ့လိုက်ကြရ၏။
““ဟုတ်တယ်.. အဲဒါ သူပဲ။ နဖူးလေးက နေရောင်အောက်မှာ လက်ခနဲလက်ခနဲတွေ့တယ်မလား။ သူပါပဲ””
ဝမ်းသာအားရနှင့် တစ်ယောက်ကိုတစ်ယောက်ပြေးဖက်ကြသည်။ အရာရှိကြီးများ၊ လူကြီးမင်းများ သက်ပြင်းချကြ၏။
တဖြည်းဖြည်းနှင့် သူ နီးကပ်လာချေပြီ။
နေပူကျဲတဲတွင် သူနေထိုင်သော အိမ်တော်မှ ရုံးခန်းအထိ တစ်ယောက်တည်းလမ်းလျှောက်လာနေသော သူ့ကို အားလုံးတွေ့နေရပါပြီ။
သူ့လက်ထဲမှာ ကတ်ထူပြားတစ်ခုကို မြှောက်ကိုင်ထား၏။ ထိုကဒ်ထူပြားပေါ်မှာ ဆော့ပင်ဖြင့် ခုလိုရေးသားထားသည်ကို မြင်လိုက်ကြရလေသည်။
““ဆန္ဒပြမှုများ အမြန်ဆုံးရပ်၊
သမ္မတကိုနှိပ်စက်ခြင်း ကင်းဝေးကြပါစေ၊
ပြည်သူများဖြစ်ချင်တာ ဖြစ်စေရမည်၊
ဆန္ဒပြမှုများ ရပ်တန့်ရေး... တို့အရေး...... တို့အရေး... တို့အရေး...... ””
(အပြုသဘောဖြင့် စာပြောင်ရေးသားခြင်းဖြစ်ပါသည်။ လွန်တာရှိဝန္ဒာမိပါ)Face bookမှကူးယူဖော်ပြပါသည်။

0 ကွန်မန့်ရေးရန်:
Post a Comment