Monday, December 3, 2012

ပညာမဲ့ငြား၊ လူ့ငနွားကို၊ မင်းကားချီးမြင့်၊ စေခိုင်းလင့်မူ


ပညာမဲ့ငြား၊ လူ့ငနွားကို၊
မင်းကားချီးမြင့်၊ စေခိုင်းလင့်မူ၊
ပျောက်လွင့်ချွေရံ၊ နဋ္ဌံ စီးပွား၊
သေငြားငရဲ၊ ကျ မလွဲသည်၊
မှတ်စွဲသုံးဂုဏ် ကင်းသတည်း။
အထက်ဖော်ပြပါ ကဗျာသည် အရှင်ပဏ္ဍိတမထေရ် စီရင်ရေးသားခဲ့သော စာဏကျနီတိ-၌ လာသော ကဗျာ ဖြစ်ပါသည်။ စာဏကျနီတိ။ဂါထာ-၈၆-တွင် တွေ့နိုင်ပါသည်။ ဆိုလိုရင်း အဓိပ္ပါယ်မှာ- ပညာမရှိသော သူတို့ကို မင်း(တိုင်းပြည်အုပ်ချုပ်သောသူ)တို့က မင်းရေးအမှု၌ စေခိုင်းခဲ့ပါလျှင် ၁။ ပျောက်လွင့်ချွေရံ= အချွေအရံများ ဆုံးရှုံးရခြင်း။ ၂။ နဋ္ဌံစီးပွား=တိုင်းပြည်၏စီးပွားရေး၊ နိုင်ငံတော်၏ ဘဏ္ဍာရေးများ ပျက်စီးဆုံးရှုံးရခြင်း။ ၃။ သေငြားငရဲ=သေလွန်သောအခါ ငရဲဘုံ အပါယ်ဆင်းရဲစသည်တို့ ခံစားရခြင်း။ ဟူသော အကျိုးတရားများ ရရှိနိုင်ကြောင်း ဆိုထားခြင်းဖြစ်ပါသည်။
             မှန်ပါသည်။ သီရိဓမ္မာသောကမင်းကြီးသည် သံဃာတော်များ ဥပုသ်မပြုကြဟု ကြားသိရသဖြင့် အကြောင်းရင်းကို မေးမြန်းစုံစမ်းကာ သာသနာတော်တိုးတတ်ရေး ကို ဆောင်ရွက်ရန်အတွက် ပညာမရှိသောအမတ်တို့ကို စေခိုင်းမိသဖြင့် ပညာမရှိသော မူးကြီးမတ်ရာသေနာပတိများက သံဃာတော်များကို သတ်ဖြတ်ခြင်းအမှုကြီး ကျူးလွန်ခဲ့ဖူးပါသည်။ ထိုအမတ်ကြီးများသည် သံဃာတော်အစစ်များနှင့် သံဃာတော်အတုအယောင်များ ရောထွေးနေသဖြင့် သံဃာတော်အစစ်များက သံဃာတော်အတု အရောင်များနှင့်ရောနှောကာ ဥပုသ်မပြုနိုင်သောကြောင့် ဥပုသ်မပြုခြင်းကို စုံစမ်းဆင်ခြင်လျက် သံဃာတော်အတုများ ဖယ်ရှားရမည့်အစား မဖယ်ရှားဘဲ သံဃာတော်အတု များကို သတ်ဖြတ်သည့်ကံကြီးကို ရဲရဲဝင့်ဝင့်ကျူးလွန်ခဲ့ကြသည်။ သီရိဓမ္မာသောကမင်းကြီးလည်း ထိုကံကြီးကျူးလွန်ပြီးသောအခါမှ နောင်တကြီးစွာ ရခဲ့ရှာလေသည်။
           အခြားသော တိုင်ပြည်အတွက်အရေးကြီးသော ကိစ္စရပ်တို့၌လည်း ပညာမရှိသော အမတ်ကြီးများကို စေခိုင်းမိခဲ့သဖြင့် အကျိုးစီးပွားဖြစ်ထွန်းရမည့်အစား အကျိုးမဲ့သာ ဖြစ်ထွန်းခဲ့ရသည်များကို တွေဖူးကြုံဖူးကြလိမ့်မည်ဟုထင်ပါသည်။ အကျယ်တ၀င့် ရှင်းလင်းရန်လိုမည်မထင်တော့ပါပေ။
           ထိုသို့ ပညာမရှိသောသူများကို တိုင်းပြည်ရေးရာ မင်းရေးအမှုတို့၌ စေခိုင်းမိခဲ့သော တိုင်ပြည်အုပ်ချုပ်သူ ရှင်ဘုရင်တို့မှာ ““ပျောက်လွင့်ချွေရံ”” ဆိုသည့်အတိုင်း ပညာရှိသော အားကိုးအားထားပြုလောက်သော မှုးကြီးမတ်ရာ အချွေအရံပရိသတ်များ ဆုံးရှုံးရခြင်း။  ““နဋ္ဌံစီးပွား”” ဆိုသည့်အတိုင်း တိုင်းပြည်၏ စီးပွားရေး ပျက်စီးရခြင်း။ တို့သာမက နောက်ဆုံးတွင် ““သေငြားငရဲ”” ဆိုသည့်အတိုင်း သေလွန်သောအခါ အပါယ်ငရဲသို့ပါ ကျရောက်နိုင်ခြင်း ဟူသော အကျိုးများ ခံစားရရှိနိုင်ပါ ကြောင်း တင်ပြအပ်ပါသည်။

မှတ်ချက်။       ။စာဖတ်သူတို့၏ မှတ်ချက်စကားများကို စောင့်စားမျှော်လင့်နေလျက်။
ဂျူလိုင်ဟန်

0 ကွန်မန့်ရေးရန်:

Post a Comment