Monday, December 3, 2012

ခေတ္တူ ပမ ပေတ



ရာဇဂြိုဟ်ပြည်တွင် ချမ်းသာသော များစွာသော ဥစ္စာရှိသော သူဌေးကြီးတစ်ယောက် ရှိလေသည်။ ထိုသူဌေးကြီးတွင် သားတစ်ယောက်ရှိလေသည်။ အလွန်ချစ်အပ်သော တစ်ယောက်တည်းသော သားဖြစ်ခြင်းကြောင့် မည်သည့် အတတ်ပညာမှ မသင်စေဘဲ “ငါတို့သားသည် တစ်နေ့လျှင် ငွေတစ်ထောင်မျှ နေ့စဉ်သုံးဖြုန်းစေကာမူ နှစ်ပေါင်းတစ်ရာ ပြည့်သော်လည်း ငါတို့ဥစ္စာပစ္စည်းမကုန်နိုင်။ အတတ်ပညာ သင်ခြင်းဖြင့် ကိုယ်ပင်ပန်း စိတ်ညှိုးနွမ်းခြင်းဖြစ်မည်”ဟု ယူဆကြလျက် ပျော်သလိုသာ နေစေလေသည်။ အရွယ်ရောက်လတ်သော ရုပ်ဆင်းအင်္ဂါ လှပတင့်တယ်သော အရွယ်ကောင်း အမျိုးသမီးတစ်ယောက်နှင့် အိမ်ထောင်ချပေးလေသည်။ ထိုသူဌေးသား ဇနီးမောင်နှံတို့သည်-

(ဓမ္မေစိတ္တ မတ္တမ္ပိ အနုပ္ပါဒေတွာ)
“တရားဆို၍ စိတ်နှင့်မျှ အာရုံမပြု မဖြစ်စေမူ၍”

(သမဏ ဗြဟ္မဏ ဂုရုဇနေသု အနာဒရော)
“ရဟန်း လေးစားအပ်သော လူကြီး သူကြီးတို့ကိုလည်း မရိုသေ”

(ဓုတ္တဇန ပရိဝုတော)
“အရက်သမား၊ ကစားသမားတို့ ခြံရံလျက်”

(ရဇ္ဇမာနော ပဉ္စကာမ ဂုဏေရတော)
“အာရုံငါးပါး ကာမဂုဏ်တရား၌သာ ငြိကပ်ပျော်မွေ့နေ၏”

ကာလကြာသော် မိဘတို့ သေလေ၍ အရက်သောက်ခြင်း၊ အပျော်အပါး ပွဲလမ်းသဘင် ခင်းကျင်းခြင်း၊ ကစားမျိုးစုံသော မိမိထင်သလို ဖြုန်းတီးမူကြောင့် ဥစ္စာပစ္စည်းတို့ ကုန်ခန်းလာလေသည်။ နောက်အခါတွင် ကြွေးရှင်တို့၏ ပူမူကြောင့် လယ်ယာ၊ ခြံ စသည်တို့အပြင် နေအိမ်ပါရောင်း၍ ပေးဆပ်လိုက်ရပြီး ခွက်လက်စွဲကာ အားထားရာမဲ့၍ တောင်းစားရလေသည်။

တစ်နေ့သောအခါ ခိုးသူအဖွဲ့တစ်ခုသည် ၎င်းနေသော ဇရပ်သို့ ရောက်ကြလျက် ခိုးရန်၊ တိုက်ရန် တိုင်ပင်ကြပြီးလျှင် ထိုသူအား “သင်သည် လက်ခြေတို့ ကောင်းလျက် လက်ခြေချွတ်ယွင်းသောသူကဲ့သို့ တောင်းစား၍ နေခြင်းသည်မသင့်လျော်၊ ငါတို့နှင့်လိုက်၍ ခိုးသော အမူပြုလျှင် သင်ချမ်းသာစွာ အသက်မွေးနိုင်မည်။ ခိုးသော အတတ်ပညာကို ငါတို့ သင်ပေးမည်။ ငါတို့၏ စကားကိုသာ နာေးထာင်၍ လုပ်ရမည်”ဟု ဆိုသော် “ကောင်းပါပြီ” ၀န်ခံ၍ ခိုးသူတို့နှင့် လိုက်သွားပြီး “သင်က ဤအိမ်ခြံစည်းရိုးမှ လက်ရိုက်တင်းပုတ်ကိုင်၍ စောင့်နေပါ။ တွေ့သမျှလူကို ရိုတ်သတ်လေ”ဟု မှာထား၍ ခိုသူတို့သည် အိမ်ပေါ်သို့ တက်၍ ခိုးကြလေသည်။

အိမ်ရှင်တို့ နိုး၍ အော်သောအခါ သူခိုးတို့သည် ထိုမှ ဤမှ ပြေးသွားကြလျက် လွတ်မြောက်ကြသော်လည်း သူဌေးသားမှာ မပြေးတတ်သဖြင့် တင်းပုတ်နှင့်တကွ ဖမ်းမိ၍ ဘုရင်ထံ ပို့အပ်ကြလေသည်။ ဘုရင်လည်း ခိုးသူတို့၏ သွားရာလမ်းအတိုင်း လက်ပြန်ကြိုးတုပ် သုသာန်ထုတ် လမ်းဆုံ လမ်းခွသို့ ရောက်တိုင်း အဆူးပါသော ကြိမ်တံပြားနှင့်ရိုက်၊ သုသာန်ရောက်က လက်ဝါး ကမ်းစင်တင် မလူပ်နိုင်အောင် သံမယ်နဖြင့်ရိုက်၊ လက် ကိုဖြတ်၊ နှာခေါင်းကို ဖြတ်၊ နားရွက်ကိုဖြတ် နောက်ဆုံးတွင်မှ ဦးခေါင်းကို ဖြတ်၍ သတ်ရန် အမိန့်ချမှတ်သည့် အတိုင်း နောက်ဆုံးတွင် သတ်လိုက်လေတော့သည်။

(ပေတ၀တ္ထု အဋ္ဌကထာ -၃)

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

ဘာသာရေးစာပေများကို  ♣☺ မေတ္တာရိပ် ☺♣ မှာလည်း လာရောက်ဖတ်ရူလေ့လာနိုင်ပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment