တစ်ညနေ ဆေးခန်းဖွင့်ချိန်မှာ “ဆရာ ကျွန်မသားလေး သံစူးမိလို့ မေးခိုင်ကာကွယ်ဆေး ထိုးချင်လို့ပါ”၊ နောက်တစ်ယောက်ကျတော့ “ကျွန်တော့်သားလေး သံပြားရှလို့ မေးခိုင်ကာကွယ်ဆေးထိုးပေးပါ ဆရာ” တစ်ညနေတည်းမှာပင် လူနာ ၄-၅ ဦးလောက်က ခြစ်မိ၊ ရှမိ၊ ထိုးမိ၊ ခလုတ်တိုက်မိဖြစ်ကာ မေးခိုင်ရောဂါကာကွယ်ဆေးကို အသည်းအသန် ကြောက်လန့်တကြား လာထိုးနေကြသဖြင့် ထူးဆန်းသလို ရှိနေပါသည်။ ဘာကြောင့် မေးခိုင်ကာကွယ်ဆေးထိုးတဲ့ လူနာတွေထပ်နေရတာပါပဲ။
လူနာတွေထဲကပဲ စုံစမ်းကြည့်တော့ ပြီးခဲ့တဲ့အပတ်က ရပ်ကွက်ထဲက ကလေးတစ်ယောက် မေးခိုင်ပိုးဝင်ပြီး ကွယ်လွန်သွားတာ တွေ့မြင်ကြပြီး ကြောက်လန့်တကြား လာထိုးကြတာ ကိုး။ ရပ်ကွက်ထဲမှာ ဒီလိုပါပဲ။ အကြောင်းတစ်ခုခုကြောင့် ဆုံးပါးသွားပြီဆိုလျှင် အသုဘအိမ် သတင်းဝိုင်းကနေပြီး ကြားကြ၊ သိကြပြီး ကြောက်လန့်ကြပါသည်။ ခလုတ်ထိမှ အမိတကြပါသည်။ အရင်ကဆိုလျှင် ဂရုမပြုကြ။ အလေးမထားကြ။ တစ်ယောက်ယောက် သေပြီဆိုလျှင် ကိုယ့်အလှည့်ရောက်မှာ တွေးပူကြပြီ။ ဂရုစိုက်ကြပြီ။ ကြာတော့လည်း ပြန်မေ့ပျောက်သွားကြတာပါပဲ။
မကြာခင်က သေဆုံးသွားသူကလေးမှာ နောက်ဖေးကပြင်ကနေပြီး အောက်သို့ခုန်ချရာ ညာခြေဖဝါးတွင် တံတားပြင်တုန်းက ကျန်ခဲ့သည့် သစ်သားချောင်းမှာစိုက်နေသော သုံးလက်မ သံချောင်းတစ်ချောင်း ခြေဖဝါးထဲ စူးဝင်သွားပါသည်။ ၉ နှစ်သား ထိုကလေးမှာ နှစ်ရက်ကြာမှ ဆေးခန်းတစ်ခုသို့ သွားရောက်ပြသခဲ့ပါသည်။ မေးခိုင်ကာကွယ်ဆေး တစ်လုံး ထိုးပေးလိုက်သည်ဆိုပဲ။ အမေကလည်း စိုးရိမ်လှပါသည်။ မေးခိုင်ပိုး မဝင်အောင်ဆိုပြီး ဖယောင်းစက်ကို သံစူးသည့် အပေါက်တည့်တည့်ထဲကို အစက်ချ ထည့်ပါတော့သည်။ နောက်နှစ်ရက်ကြာတော့ ကျွန်တော့်ဆေးခန်းရောက်လာပါသည်။
ကလေးက အပြင်းဖျားနေပြီ။ ပါးစပ်ဟခိုင်းတော့ တင်းခံနေပြီး ဖြဲ၍မရ၊ ဟ၍မရ ဖြစ်နေပါပြီ။ အခြေအနေကဆိုးပြီ။ ဆေးရုံကို ချက်ချင်းတင်ရန် ပြောရပါတော့သည်။ ဆေးရုံကိုရောက်ပါသည်။ သို့သော် ကွယ်လွန်သွားပါသည်။ ရောဂါကျွမ်းနေပြီလေ။ မေးခိုင်ပိုးဆိုသည်မှာ ဘက်တီးရီးယားပိုးပါ။ သဘာဝအတိုင်း မြေကြီး၊ လူ၏အူလမ်းကြောင်း၊ အိမ်မွေးတိရစ္ဆာန်တို့တွင် နေထိုင်ကြပါသည်။ ထိုပိုးသည် ခပ်နက်နက် စူးဝင်စိုက်ဝင်ခြင်းမှာလည်းကောင်း၊ ညစ်ပတ်ပိုးဝင်နေသည့် ပွန်းရှဒဏ်ရာများမှလည်းကောင်း ခန္ဓာကိုယ်ထဲဝင်ပြီး ပေါက်ဖွားကြပါသည်။
မြေကြီးပေါ်တွင် ပိုးကောင်လိုက်နေနိုင်ရန် အခွင့်အလမ်း နည်းပါးလျှင် အိတ်အတွင်း နေထိုင်ခြင်း (Spore) ဖြင့် နှစ်ပေါင်းများစွာ မြေပေါ်တွင် အသက်ရှင်နေနိုင်ပါသည်။ စူးဝင်ဒဏ်ရာနက်လျှင် ပိုးကောင်ပို၍ ပွားနိုင်ပါသည်။ အကြောင်းမှာ မေးခိုင်ပိုးသည် လေမဲ့အသက်ရှည်နေနိုင်သော ဘက်တီးရီးယား ဖြစ်ပါသည်။ ၎င်းအကောင်မှ အဆိပ်တစ်မျိုးထွက်ရှိပြီး အာရုံကြော (လှုပ်ရှားမှုနှင့်ဆိုင်သောနာ့ဗ်) (Motor Nerve) ကို ထိခိုက်ပါသည်။ တောင့်တင်းခြင်း၊ တက်ခြင်းဖြစ်ပါတော့သည်။ ဒဏ်ရာရပြီး အဖြစ်မြန်လေ အခြေအနေဆိုးလေပင်။
နဖူးပေါ်ရှိ ကြွက်သား၊ ပါးစပ်ထောင့်တွင်ရှိ ကြွက်သားများ တင်းတောင့်ပြီး ပါးစပ်မဟနိုင် မေးခိုင်သွားပါတော့သည်။ တက်တတ်ပါသည်။ ဆူညံသံကြားလျှင် ပို၍တက်ပါတော့သည်။ လူနာသည် အသက်ရှူကျပ်ခြင်း၊ စားထားသော အစာနှင့်ရေများ အဆုတ်ထဲဝင်ပြီး နမိုးနီးယားဖြစ်ခြင်း (Aspiration Pneumonia)၊ အားကုန်မောပန်းခြင်းကြောင့် သေဆုံးကြပါသည်။
ဘယ်လိုကာကွယ်မလဲ
၁။ ဒဏ်ရာကို သန့်ရှင်းစွာဆေးကြောပါ။
၂။ ပင်နီဆီလင် သို့မဟုတ် Erithromycin ပိုးသတ်ဆေးသောက်ရန်၊ ထိုးရန် ဆရာဝန်ထံပြသပါ။
၃။ မေးခိုင်ကာကွယ်ဆေးထိုးပါ။ ဒဏ်ရာရရချင်းတစ်ခါ၊ တစ်ခါတစ်ရံ ခြောက်လကြာ တစ်ခါထိုးပါ။
၎။ မြုံနေသော ဒဏ်ရာကို လစ်လျူရှုမထားဘဲ နီးစပ်ရာ ဆေးကုခန်းတွင် ကုသမှုခံယူပါ။
Ref: Good Health
0 ကွန်မန့်ရေးရန်:
Post a Comment