Tuesday, September 4, 2012

ပါရမီ အဓိပတိ(အ၀ါ)ယာဉ်လိုင်းမှ ယာဉ်တစ်စီး အရှိန်ပြင်းမောင်းနှင်ကာ ကမ္ဘာအေးဘုရားရှေ့တွင် လမ်းဘေးရှိ ယာဉ်နှစ်စီး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးအား ၀င်တိုက်မိပြီး ကလေးမှာပွဲချင်းပြီး သေဆုံး



ပါရမီ အဓိပတိ(အ၀ါ)ယာဉ်လိုင်းမှ ယာဉ်တစ်စီး အရှိန်ပြင်းမောင်းနှင်ကာ ကမ္ဘာအေးဘုရားရှေ့ ဂမုန်းပွင့်ကုန်တိုက်အနီးတွင် လမ်းဘေးရှိ ယာဉ်နှစ်စီး၊ အမျိုးသမီးတစ်ဦးနှင့် အသက် ၅ နှစ်ခန့်အရွယ် ကလေးတစ်ဦးအား ၀င်တိုက်မိပြီး ကလေးမှ ပွဲချင်းပြီး သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာလ ၁ ရက် နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်ပွားပုံမှာ စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၅နာရီအချိန်ခန့်တွင် ကမ္ဘာအေးဘုရားလမ်းအတိုင်း ချော်တွင်းကုန်းဘက်မှ ကမ္ဘာအေးဘက်သို့ မောင်းနှင်လာသော အဓိပတိ (အ၀ါ)ယာဉ်အမှတ် ၉ခ/---သည် ဂမုန်းပွင့်ကုန်တိုက်အကျော်တွင် လမ်းဘေးတွင်ရပ်ထားသော အငှားယာဉ်တစ်စီးကို ၀င်တိုက်မိခဲ့ကြောင်း၊ ထို့နောက် လမ်းဘေးတွင် လမ်းလျှောက်နေသောအမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးကို ဆက်လက်တိုက်မိခဲ့ကြောင်းနှင့် ဆက်လက်၍ လမ်းဘေးတွင်ရပ်ထားသော NISSAN BLUEBIRD ကိုယ်ပိုင်ယာဉ်အား တိုက်မိပြီး အရှိန်သတ်သွားခဲ့ကြောင်း၊ ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း သိရသည်။ ယာဉ်တိုက်မှုကြောင့် အငှားယာဉ်၏ ဘယ်ဘက်အခြမ်း ကားကိုယ်ထည် ထိခိုက်သွားခဲ့ကြောင်း၊ အမျိုးသမီးမှာမူ ဒဏ်ရာများရရှိခဲ့ကာ မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းနှင့် ကလေးမှာ ယင်းနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ ကိုယ်ပိုင်ယာဉ်မှာမူ ယာဉ်တစ်စီးလုံးနီးပါး ပျက်စီးသွားခဲ့ရကြောင်း သိရသည်။

"ကားတိုက်တဲ့အချိန်က မိုးရွာနေပါတယ်။ အပြင်မှာ ၀ုန်းကနဲဆို အသံကြားလို့ထွက်ကြည့်လိုက်တော့ အဓိပတိကားက အမျိုးသမီးတစ်ဦး၊ ကလေးတစ်ဦး၊ အငှားယာဉ်နဲ့ ကျွန်မတို့အဘိုးကားကို ၀င်တိုက်ထားတာ တွေ့ရတယ်။ ကလေးနဲ့ အမျိုးသမီးက ကားအောက်ကို ရောက်သွားပြီး  ကလေးကတော့ ပွဲချင်းပြီးဆုံသွားတယ်။ အမျိုးသမီးကိုတော့ မြောက်ဥက္ကလာပဆေးရုံကို ပို့လိုက်တယ်။ ကျွန်မအဘိုးကားကတော့တစ်ခုလုံး ပျက်စီးပြီး ဘာမှလုပ်လို့မရတော့ဘူး။ ကားကို ကရိန်းနဲ့မသွားတယ်"ဟု ကမ္ဘာအေးဘုရားရှေ့ရှိ ၀င်းမြန်မာ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။  

"ကျွန်မက ကားတိုက်ခံရတဲ့ အမျိုးသမီးကို ဆေးရုံကိုလိုက်ပို့ပေးခဲ့တာပါ။ သူက ဒဏ်ရာ အနည်းလောက်ပဲရပြီး ကျွန်မတို့လိုက်ပေးခဲ့တဲ့ အချိန်အထိတော့ စိုးရိမ်စရာမရှိဘူး။ ဆေးရုံရောက်တော့ သူ့ကို ဓာတ်မှန်တွေ ဘာတွေရိုက်တယ်။ ဒါပေမဲ့သူက ယာဉ်တိုက်မှု ဖြစ်စဉ် ကို လုံးဝမမှတ်မိဘူးလို့ ပြောတယ်။ နောက်တော့ သူ့မိသားစုလာလို့ ကျွန်မတို့ပြန်လာခဲ့တယ်"ဟု ဆေးရုံပို့ဆောင်ပေးခဲ့သူတစ်ဦးက ပြောပြခဲ့သည်။

"ကျွန်တော်က ဂမုန်းပွင့်မှာ ခရီးသည်ချပေးပြီး ပြန်အထွက်မှာ ကားကိုလမ်းဘေးမှာ ခဏရပ်ထားတာပါ။ အဲဒီအချိန်မှာ အဓိပတိက ၀င်တိုက်သွားတာ။ အဓိပတိယာဉ်က အခြားကားတစ်စီးနဲ့ ခရီးသည် ရဖို့အတွက် ပြိုင်မောင်းလာပြီး ကားမှတ်တိုင်ကို ၀င်ရပ်တဲ့အချိန်မှာ အရှိန်မထိန်းနိုင်ဘဲ တိုက်မိသွားတာလို့ ထင်တယ်"ဟု အဓိပတိယာဉ် အတိုက်ခံရသည့် အငှားယာဉ်၏ ယာဉ်မောင်းကိုထွန်းနိုင်က စက်တင်ဘာ လ၂ရက်နေ့၊ နေ့လည်ပိုင်းတွင် ပြောပြခဲ့သည်။

By Eleven Media Group

0 ကွန်မန့်ရေးရန်:

Post a Comment