Friday, June 22, 2012

ဦးရဲထွဋ်သို့ အိတ်ဖွင့်ပေးစာ.....



ဦးရဲထွဋ်ခင်ဗျား...ကျွန်တော်နဲ့ခင်ဗျားဟာလူချင်းသိဖို့နေနေသာသာ တွေ့ဖူးကြတဲ့သူတွေတောင် မဟုတ်လို့ အခုရေးတဲ့စာဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့စာ မဟုတ်ပါဘူး။

အင်တာဗျူးတစ်ခုမှာ ခင်ဗျားဖြေခဲ့တဲ့ အပေါ် ကျွန်တော့် အမြင်ကို ရိုးသားစွာ တင်ပြခြင်းလေးပါ။
နေဦးပြောရဦးမယ်။

အစပိုင်းက ကျွန်တော်နဲ့ခင်ဗျားမသိဘူးလို့ပြောခဲ့ပေမယ့် ခင်ဗျားကတော့ ကျွန်တော့်နာမည်ကို သိကောင်းသိနေမှာပါ။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ရေးတဲ့ စာတွေ ကာတွန်းတွေရဲ့(၇၀) ရာခိုင်နှုန်းလောက် ဟာ ခင်ဗျားတို့ အဖွဲ့ရဲ့ သုတ်သင်ချေမှုန်းခြင်းခံခဲ့ရပါတယ်။ ဒီတော့ ဒီကလောင်အမည်လောက်ကတော့ ခင်ဗျားသိနေမှာပါ။

ခင်ဗျားတို့အတွက် နာမည်ပျက်စာရင်းဝင်ခဲ့တဲ့ ကျွန်တော်ကတော့ မလိမ်တမ်းပြောရရင် အရင်က ခင်ဗျားကို မသိပါဘူး။ နောက်ပိုင်း ဒီမိုကရေစီကို လိုလား သယောင်ယောင် ပြောတာတွေ ရေးတာတွေကြောင့် “ဒီလူဟာ စာပေ စိစစ်ရေးမှာ တာဝန်ယူနေရပေမယ့် မဆိုးရှာလောက်ဘူး”လို့ ထင်ယောင် ထင်မှားဖြစ်သွားခဲ့မိပါသေးတယ်။

အခုတော့ ခင်ဗျားဖြေတဲ့ အင်တာဗျူး ကိုဖတ်ပြီး ခင်ဗျားဟာ အတွေးအခေါ်ပိုင်းမှာ အင်မတန် ချွတ်ခြုံကျနေတဲ့ ဗျူရိုကရေစီသမားပါလားလို့ သိလိုက်ရပါတယ်။

ဘာတဲ့ ခင်ဗျားဖြေထားတာ “NLD ဟာ ပါတီအများထဲက ပါတီတခုသာဖြစ်ကြောင်း ၊ သူတို့ USDP ပါတီရဲ့ အမျိုးသမီး အမတ်တယောက်လိုပဲ ဒေါ်စုဟာ သာမန် အမတ်တယောက် သာ ဖြစ်ကြောင်း၊ ဒါကြောင့် သာမန် ပါတီတခုရဲ့ အမတ်တယောက်ကို နိုင်ငံပိုင် STATE Media က အထူးတလည် အရေးထားပြီး ဖော်ပြနေဖို့ မလိုဘူးတဲ့” ဟုတ်စ။


ဒီမယ်ဦးရဲထွဋ်ခင်ဗျား - ဒေါ်အောင်ဆန်းစုကြည်ဟာ သာမာန်အမျိုးသမီး သာမာန်ခေါင်းဆောင် မဟုတ်ပါဘူး။
ကျွန်တော်တို့ရဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးပါ၊ ခင်ဗျားတို့ USDP ပါတီက အမျိုးသမီး အမတ်တွေမှာ အမျိုးသားခေါင်းဆောင်တစ်ဦးဦးရဲ့ သားသမီး တစ်ယောက်တလေများ ယောင်လို့မျှ ပါပါလေစခင်ဗျာ။

ဒါက သမိုင်းရဲ့မျိုးရိုး ဂုဏ်ကို ထင်သာမြင်သာ အရင်ပြောလိုက်တာ၊ အရည်အချင်းပိုင်းကတော့
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြောမနေတော့ပါဘူး၊ပြောဖို့မှ မလိုတောတဲ့ဟာ၊မြန်မာသာမက တကမ္ဘာလုံးက သိပြီးသား၊ဒီနေရာမှာ ကြုံလို့ ခင်ဗျား ဗဟုသုတရအောင်ပြောပြရဦးမယ်၊ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ကျွန်တော် မိတ်ဆွေတစ်ယောက်နိုင်ငံခြားသွားတော့ ဘယ်နိုင်ငံ ကလဲလို့မေးတော့ မြန်မာနိုင်ငံတို့ ဗမာနိုင်ငံတို့ အမျိုးစုံအောင်ပြောပေမယ့် ဘယ်သူမှ မသိကြဘူး တဲ့။

နောက်တော့မှ ကျွန်တော့်မိတ်ဆွေက သူမှာပါလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို ထုတ်ပြလိုက်တယ်တဲ့၊အဲဒီမှာမှ ဟာကနဲ ဖြစ်သွားပြီး သူတို့ဒီအမျိုးသမီးကို သိတဲ့အကြောင်းပြောပြီး တလေးတစား ဆက်ဆံခြင်းခံလိုက်ရပါတယ် တဲ့.။

ဒါဟာဒေါ်အောင်ဆန်းစုကြည်ရဲ့ဂုဏ်သိက္ခာနဲ့ တည်ကြည်ရဲ့ရင့်မှုကို ကမ္ဘာက သိတဲ့သဘောပါ။ ခုလည်းကြည့်လေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာခရီးစဉ်တွေကို..၊ကြိုလိုက် ဆိုလိုက်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပရိသတ်တွေ၊ လူမျိုးပေါင်းကို စုံနေတာပဲ။

ခင်ဗျားပြောသလို “USDP ပါတီရဲ့ အမျိုးသမီး အမတ်တယောက်လို့ပဲ ”ထင်ရင် ခင်ဗျားရဲ့ USDP ပါတီရဲ့ အမျိုးသမီး အမတ်(တစ်ယောက်ထဲမဟုတ်ဘူးနော်) တစ်ဖွဲ့လုံးကို နိုင်ငံခြားလွှတ် ကြည့်လိုက်ပါ၊ ကယ်ရီသယ်တဲ့ လေယာဉ်ကွင်း လုပ်သားကတောင် လှည့်ကြည့်မှာ မဟုတ်ဘူး။

ဒီလောက်ဆို ကျွန်တော်တို့ အမေစုရဲ့ကမ္ဘာ့လူအများရဲ့ လေးစားကြည်ညိုမှုကို တွေးမိလိုက်ရောပေါ့၊ ဘယ်လိုလဲ ဦးရဲထွဋ်..တူမလား၊ နောက်ထပ် ခင်ဗျားဖြေထားတာ ရှိသေးတယ်..“ဒေါ်စုဟာ နိုင်ငံတကာက
ခေါင်းဆောင်ဟု ၊ ပြည်တွင်းတွင် လူထုခေါင်းဆောင်ဟု ကိုယ်ထင်၇ာကို ဆွဲပြီး တွေးနေတာ ဖြစ်ကြောင်း ၊ အမှန်မှာ ဒေါ်စုဟာသာမန်ပါတီ တစ်ခုက သာမန် အမတ် တယောက်သာ ဖြစ်ကြောင်း” ပြန်လည်ဖြေကြားသွားပါတယ်။

သြော်ဦးရဲထွဋ် ဦးရဲထွဋ်..ကျွတ်..ကျွတ်...ကျွတ်..၊ခင်ဗျားဟာ ငါတို့အဖွဲ့ကလွဲပြီး ကျန်ပြည်သူတွေဟာ အလကား အရည်အချင်းမရှိတဲ့ ငတုံးတွေ ဆိုတဲ့ အတွေးဟာ ပျောက်ပဲ မပျောက်နိုင်သေးပါလား။

အဲဒီလို အယူအဆမှားတွေကြောင့် ကျွန်တော်တို့နိုင်ငံကြီး စုတ်ပြတ်သတ်သွားတာ ခင်ဗျားပြန် မဆန်းစစ်မိသေးပါလား ၊နိုင်ငံရေးဆိုတာ စစ်ရေးနဲ့ မတူဘူးခင်ဗျ ၊ နိုင်ငံရေးမှာ လူထုခေါင်းဆောင် ဆိုတာ ပြည်သူက သူတို့ချစ်မှ ကြည်ညိုမှ ယုံကြည်မှ တခဲနက် သတ်မှတ်ကြတာ၊ စစ်ေ၇းမှာကတော့ (အရင်ကဆို) တိုက်(၄)တိုက်နဲ့ပြည့်စုံလို့ အဆင့်မြင့်ရာထူးတွေ ရသွားတဲ့ သူတွေ ရှိဖူးတယ် ဆိုတာ ခင်ဗျား သိမှာပါ။

ခင်ဗျားသိပါတယ်၊(ခင်ဗျားတောင် ပါချင်ပါဖူးခဲ့မှာပါ)၊တိုက်(၄)တိုက်ဆိုတာ လူကြီးကို ဖိနပ် တိုက်ပေးတယ်၊ လူကြီးကို အချိန်မှန်ဆေးတိုက်ပေးတယ်၊ လူကြီးကို ခါးပတ်ခေါင်းတွေ ပြောင်နေအောင်တိုက်ပေးတယ်၊ပြီးတော့ အရက်အချိန်မှန်တိုက်ပေးတယ်၊အဲဒီတိုက်(၄)တိုက်လေ၊ခုခေတ် မဟုတ်ဘူးနော်၊ ခင်ဗျားတို့ ခေတ် ကဟာတွေပြောရတာ..။

တော်ပြီ တော်ပြီ၊ ခင်ဗျားကို ဒီစာတွေရေးရတာ ကိုယ့်အတွေး ကိုယ်အရေးကိုနှမြောတယ်၊
ဆက်မရေးချင်တော့ဘူး၊ ခင်ဗျားကို အကြံလေးတစ်ခုပဲပေးချင်တယ်၊ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း များများဖတ်ပါ၊ များများနားထောင်ပါ။

အဲဒီအခါ ခင်ဗျားတို့ အဖေတွေ..အဘတွေပြောခဲ့တာနဲ့ (လူထုအပေါ်ထားတဲ့စေတနာချင်း) ဘယ်လောက်ကွာတယ် ဆိုတာ သိလာရလိမ့်မယ်၊ ခင်ဗျားကြားဖူး ခဲ့တဲ့ ခင်ဗျားရဲ့ အကြီး အကဲတွေရဲ့လျှာဖျားက မိန့်ခွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နှလုံးသားက လာတဲ့ မိန့်ခွန်း တန်ဘိုးချင်း ကွာခြားပုံတွေကို...။

ဟာဂျူလီ(ကသာ)

0 ကွန်မန့်ရေးရန်:

Post a Comment