~
အောင်(ဆေး-၁)
မြို့စွန်တစ်နေရာတွင် ကြီးမား လှသော ညောင်ပင်ကြီးတစ်ပင်ရှိ၏။
ထိုညောင်ပင်ကြီးနှင့် မလှမ်း မကမ်းတွင် ကိုယ်ပိုင်ဆေးခန်းတစ်ခု ရှိ၏။
ထိုဆေးခန်းတွင် လမ်းပြကြယ် ဟု ဆိုင်းဘုတ်တပ်ထားသော်လည်း ရပ်ကွက်မှအများပြည်သူက ရွှေ ညောင်ပင်ဆေးခန်းဟု အလွယ်တကူ ခေါ်ကြ၏။
တစ်ညနေတွင် ထိုဆေးခန်းသို့ အငြိမ်းစားရှေ့နေကြီးဦးနှင်းမောင် ရောက်ရှိလာ၏။ ဆေးခန်းပိုင်ရှင် ဒေါက်တာနေမျိုးအောင်နှင့် တူဝရီး သဖွယ်ရင်းနှီးသူဖြစ်၏။
ရှေ့နေကြီးသည် သွေးအားနည်း ရောဂါရှိ၍ မကြာမကြာ အားဆေး ထိုးရ၏။ ဆေးခန်းဝမှ ဒေါက်တာ နေမျိုးအောင်က ဆီးကြိုလိုက်၏။
''မင်္ဂလာပါ အန်ကယ်၊ ဒီနေ့ ဆေးထိုးရင် အန်ကယ်နာမှာ မဟုတ် ဘူး''
''ဘာဖြစ်လို့လဲ ဒေါက်တာ''
''ဒီလိုပါ၊ ခု ဆရာမလေး နွဲ့ ယမင်းရောက်နေတယ်။ သူထိုးပေး မှာ၊ မနေ့ကလို ကျွန်တော်မထိုးဘူး။ ဆရာမလေးက သူနာပြုသင်တန်း ဆင်းကာစလေ။ အတွေ့အကြုံရချင် လို့ ကျွန်တော့်ဆီမှာ အလုပ်လာဝင် နေတာ၊ ဒီနေ့သူထိုးလိမ့်မယ်''
''ဆရာမလေးက ချောလား ဟင်''
''ချောတယ်အန်ကယ်၊ ဒါ ကြောင့်မနာဘူးပြောတာ''
''ဒေါက်တာအပြောနဲ့တင် မနာ တော့ပါဘူး။ ဟဲ-ဟဲ- သြော်...ကြုံ တုန်းငယ်ငယ်က အကြောင်းပြောရ ဦးမယ်၊ ဒေါက်တာအားလား''
''အားပါတယ်၊ ပွဲတော်ရက်ဆို တော့ လူနာပါးပါတယ်၊ ပြောသာ ပြောပါအန်ကယ်''
''ဒီလိုဒေါက်တာ၊ အန်ကယ်က ငယ်ငယ်က ချူချာတယ်။ ခဏ ခဏဖျားတယ်၊ ခဏခဏ ဆေးထိုးရ တယ်။ အန်ကယ် ဇာတိကတောရွာ ကလေး တစ်ရွာမှာ ဆရာဝန်လဲမရှိ ဘူး။ ကွန်ပေါင်ဒါပဲရှိတယ်။ ဆေးထိုး ချင်ရင် ကွန်ပေါင်ဒါဆီပဲသွားရ တယ်''
''လွတ်လပ်ရေးရကာစက ဆရာဝန် ရှားတာကိုး''
''ဟုတ်တယ် ဒေါက်တာ၊ ကွန်ပေါင်ဒါကိုပဲ အားကိုးနေရတယ်၊ ကွန်ပေါင်ဒါ နာမည်က ဆရာခါတဲ့။ နာမည်ရင်းက ဦးခါပေါ့ ဒေါက်တာ''
''နာမည်ကလဲ ထူးဆန်းတယ် နော်''
''ဟုတ်တယ်၊ သူက ဆေးထိုး ရင် မနာအောင်ထိုးတတ်တယ်၊ တင်ပါးကို ပုတ်ပြီးအပ်ကိုဖတ်ခနဲ ရိုက်သွင်းတာ၊ နာမှန်းမသိလိုက်ဘူး''
''ဟုတ်ကဲ့ အန်ကယ်''
''ဒါနဲ့ ရပ်ရွာက တကယ်မနာ တဲ့ ဆရာခါဆိုပြီး နာမည်ပေးထား တယ်''
''နာမည်ကလဲ ကာရံတွေ နဘေတွေနဲ့ပါလား''
''ဟုတ်တယ်ဒေါက်တာ၊ ကျွန် တော်က သူနဲ့ ခဏခဏထိုးရတယ်။ ခုဆေးထိုးတိုင်း သူ့ကို သွားသွား သတိရတယ်။ သူကတော့ကွယ်လွန် သွားရှာပါပြီ''
''ခုခေတ်သစ် ဆရာခါတွေ ပေါ်နေပြီ အန်ကယ်ရဲ့''
''ဟုတ်လား ရှင်းပြပါဦး''
''ဒီလိုပါ၊ ဆေးထိုးရင်နာတော့ လူနာတွေက မလွှဲသာလို့ထိုးရပေမယ့် စိတ်ဖိစီးမှုခံစားရတယ်။ ဒါကို ကျွန် တော်တို့ ဆရာဝန်တွေဘက်ကလဲ မလိုလားဘူး။ သုတေသီတွေကလဲ အမျိုးမျိုးကြံစည်ကြတယ်။ ခု Comerset ဒေသက အင်္ဂလိပ်လူ မျိုးတစ်ဦးက တီထွင်ထားတာ ပြော ပြပါ့မယ်''
''ဟုတ်ကဲ့ ဒေါက်တာ''
''တီထွင်တဲ့ လူနာမည်က Oliver Blackwell တဲ့။ သူ့ပစ္စည်းက ရုတ်တရက်ကြည့်လိုက်ရင် သမားရိုး ကျဆေးထိုးအပ်နဲ့ ဆေးထိုးပိုက်လို ပဲ။ ကွာခြားချက်တော့ရှိတယ်။ ပထမ အပ်က သာမန်ထက်ပိုသေးတယ်။ အဲဒီအပ်နဲ့ ထုံဆေးနည်းနည်းလေး ထိုးသွင်းလိုက်တယ်။ ပြီးတော့မှ ဒုတိယအပ်ဝင်လာတယ်။ ထုံဆေး တန်ခိုးကြောင့် ဒုတိယအပ်က အရွယ် ကြီးပေမယ့် မနာဘူး''
''ကြံကြံဖန်ဖန် ဒေါက်တာ ရယ်''
''သုတေသနဆိုတာ ဒီလိုပဲ အန်ကယ်၊ ဆန်းဆန်းပြားပြားလုပ် ရင်းကနေ အောင်မြင်လာတာပါပဲ၊ တကယ်တော့ နှစ်ခါထိုးတဲ့ သဘော ပဲ။ ပထမအပ်က သေးတယ်။ ဒုတိယအပ်က ကြီးတယ်။ ရောဂါကု မယ့်ဆေးကို ဒုတိယအပ်နဲ့ ထိုးသွင်း တာပေါ့''
''ဟုတ်ကဲ့ ဒေါက်တာ''
''ပထမအပ်က လက်ပေါ်ကို ယင်ကောင်နားလိုက်သလို ခံစားမှုပဲ ရှိမယ်တဲ့၊ မနာတဲ့သဘောပေါ့''
''တီထွင်သူက အဘိုးကြီးလား ဒေါက်တာ''
''မဟုတ်ဘူး၊ ခုမှ ၂၉ နှစ်ပဲရှိ သေးတယ်။ သူက University of Plymouth က ၂ဝဝ၅ ခုနှစ်မှ Industrial Design ဘာသာရပ်နဲ့ဘွဲ့ရ ထားတယ်။ သူကပြောတယ်။ တစ် နှစ်တစ်နှစ်ကို အပ်နဲ့ထိုးရတာက သန်းချီပြီးရှိနေပါတယ်တဲ့။ ထိုးတဲ့ အလုပ်တိုင်းမှာ သူ့ပစ္စည်းကိုသုံးနိုင်ပါ တယ်တဲ့။ ပိုးကင်းပါတယ်တဲ့။ ရှုပ်ထွေးစရာလဲ မရှိပါဘူးတဲ့။ ဝန် ထမ်းတွေအနေနဲ့ ပစ္စည်းတစ်မျိုးပဲ ကိုင်တွယ်ရမှာပါတဲ့''
''ထွင်တဲ့လူက ငယ်ငယ်ပဲရှိ သေးတာကိုး''
''ဟုတ်တယ် အန်ကယ်၊ အရင်ကဆိုရင် ထုံဆေးထိုးရင် အပ်နဲ့ ပထမတစ်ခါထိုးတယ်။ အဲဒါက နာ တယ်။ ပြီးမှ ဒုတိယဆေးကိုထိုးရ တယ်။ နှစ်ခါနာတာပေါ့။ ဆေးရှာရ တာနဲ့ ပြင်ရဆင်ရတာနဲ့ အချိန်လဲ ပိုကုန်တယ်၊ အလုပ်လဲရှုပ်တယ်''
''ခုနည်းက အချိန်ကုန်သက် သာတယ်။ အလုပ်လဲရှင်းတယ် ဒေါက်တာ''
''ဟုတ်တယ်အန်ကယ်၊ ခုသူ့ ပစ္စည်းကို ပိုကောင်းအောင် ပြုပြင်နေ တယ်။ မိသားစု ဆရာဝန်နှစ်ဦးက ဝိုင်းကူတယ်။ ပြီးတော့ တော်ဝင် ဘုရင့်မေ့ဆေးအထူးကုသမားတော်ကြီး များအဖွဲ့ဥက္ကဋ္ဌဟောင်း ဆရာဝန်ကြီး နဲ့လဲ တိုင်ပင်ဆွေးနွေးတယ်''
''ပိုကောင်းတာပေါ့ ဒေါက်တာ ရယ်''
''ပါရဂူတွေက ပြောပါတယ်။ ခု ပစ္စည်းက သုံးရလွယ်ပါတယ်တဲ့။ အကျွမ်းတဝင်ဖြစ်သွားမှာပါတဲ့။ လူနာတွေရဲ့ လိုအပ်ချက်တွေ၊ ဆရာ ဝန်တွေရဲ့လိုအပ်ချက်တွေကိုလဲ ဖြည့် ဆည်းပေးပါလိမ့်မယ်တဲ့''
''ဟုတ်ကဲ့ ဒေါက်တာ''
''London မှာရှိတဲ့ Royal Free Hospital က သားဖွားမေ့ဆေးဆိုင်ရာ ဦးဆောင်ပါရဂူ Dr.Alan Mcglenan ကပြောပါတယ်။ ခုလို နာကျင်မှုကင်း တဲ့ဆေးထိုးအပ်ထွင်တာ လူနာတွေ အတွက်ကောင်းပါတယ်တဲ့။ နာ ကျင်တာကို ဘယ်သူမှ မကြိုက်ပါ ဘူးတဲ့။ မလွဲသာလို့ အထိုးခံရပါ တယ်တဲ့။ တချို့လူနာက သိပ်ကို ကြောက်တတ်၊ စိုးရိမ်တတ်ပါတယ် တဲ့။ တစ်ပတ်မှာ အနည်းဆုံးကြောက်တတ်တဲ့ လူတစ်ယောက်တော့ ကြုံရ ဆုံရပါတယ်တဲ့၊ လူနာဟာ ကြောက် စိတ်ကြောင့် သွေးပေါင်တက်သွား ပါတယ်တဲ့''
''ကျွန်တော်လို လူမျိုးတွေဖြစ် မှာပါ''
''ဖြစ်နိုင်ပါတယ်၊ ကလေးတွေ ကပိုဆိုးတယ် အန်ကယ်။ အသက် သုံးနှစ်နဲ့ ၁၂ နှစ်ကြား ကလေးတွေ မှာ အပ်ကြောက်တဲ့ ရောဂါရလေ့ရှိ ပါတယ်တဲ့''
''ကြောက်လဲ ကြောက်စရာကိုး ဒေါက်တာရယ်''
Needle Phobia လို့ခေါ်တဲ့ အပ်ကြောက်ရောဂါက တကယ် တော့ စိတ်နဲ့ဆိုင်တယ် အန်ကယ်၊ တကယ်နာတာထက် ပိုကြောက်နေ တာ''
''မှန်ပါတယ် ဒေါက်တာ၊ မထိုးခင်ကကြောက်တာပါ။ ထိုးတော့ လဲ ဒါလောက်မနာပါဘူး''
Dr.Mcglennan လဲ တစ်ခါ တစ်လေ ထုံဆေးသုံးရတယ်။ သူက ထုံတာကို လိမ်းပေးတယ်။ လိမ်း လိုက်တော့ ထုံသွားတယ်၊ ထုံမှ ဆေးထိုးတယ်''
''ဟုတ်ကဲ့ ဒေါက်တာ''
''ဒီနည်းက နာတာတော့ သက် သာပါရဲ့၊ အပ်ထိုးတာတော့ ရှိနေ တုန်းပဲ''
''နောင်ဆိုရင်တော့ ထွင်ရင်း ထွင်ရင်းနဲ့ အပ်ပါပျောက်မယ်ထင်တယ်''
''အန်ကယ်ခန့်မှန်းတာ မဆိုး ဘူး၊ ပါရဂူတွေကလဲ တစ်နေ့ကျရင် အပ်ပါလုံးလုံး မသုံးတော့တဲ့အခြေ အနေရောက်ပါလိမ့်မယ်တဲ့''
''ဟုတ်ကဲ့ ဒေါက်တာ''
''အမေရိကန်သုတေသီတွေက Vaccine Patch ဆိုတာကို စမ်းသပ် နေတယ်။ သူတို့ကြွက်ကိုသုံး တယ်။ ရုတ်တရက်ကြည့်ရင် အပ် မပါသလိုပဲ ထင်ရတယ်။ တကယ် က Patch မှာ အင်မတန်သေးငယ်တဲ့ Microscopic Needle တွေ ရာချီပြီး ပါတယ်။ ဒီအပ်သေးသေးကလေး တွေက အရေပြားကို ဖောက်ဝင် တယ်။ တစ်နေ့ကျရင် လူတွေဟာ တုပ်ကွေးကာကွယ်ဆေးကို ကိုယ့်ဘာ သာကိုယ်ထိုးနိုင်မယ့် အခြေအနေ ရောက်ပါလိမ့်မယ်တဲ့''
''ဟုတ်ကဲ့ဒေါက်တာ''
''လွန်ခဲ့တဲ့ နှစ်အတော်ကြာက ဂျပန်သုတေသီတွေက အပ်ထွင်းဖူး သေးတယ်။ အပ်ကသေးသေးလေး၊ Hypodermic Syringe လို့ခေါ်တယ်။ မနာတဲ့အပ်လို့ပြောကြတယ်''
''ဒီအပ်သတင်းက ဆီးချိုရောဂါ လူနာတွေလို လူနာမျိုးအတွက် မင်္ဂလာ သတင်းပဲဒေါက်တာ''
''ဟုတ်တယ် အန်ကယ်၊ ဒီလူ နာမျိုးတွေက တစ်ချိန်လုံးဆေးထိုး နေရတာကိုး''
''ဆေးထိုးအပ်ပေါပေါရရင် ကောင်းမယ် ဒေါက်တာ၊ ဒါမှလွယ် လွယ်ကူကူ ထိုးရမှာ''
'Charity Diabetes UK ဆိုတဲ့ အသင်းကြီးကတော့ ဆေးစာနဲ့ Needle-free Injection Device ရနိုင် ပြီလို့ပြောတယ်''
''ရရင်ကောင်းတာပေါ့ ဒေါက် တာရယ်''
''Insujet Insulin Administration System လို့ခေါ်တဲ့ ဒီစနစ်က မကြာခဏ ဆေးထိုးနေရတဲ့ ဆီးချို လူနာတွေကို ရည်ရွယ်တာတဲ့''
''ဘယ်လိုစီမံတာလဲ ဒေါက် တာ''
''အင်ဆူလင်ကို အပေါက်သေး သေးလေးကနေ ပန်းထုတ်လိုက် တယ်၊ အရှိန်ပြင်းလေ အပ်မလိုဘဲ အရေပြားကို ဖောက်ဝင်သွားတယ်၊ မနာဘူးပေါ့''
''ဟုတ်ကဲ့ ဒေါက်တာ''
Charity Diabetes UK က ပြောရေးဆိုခွင့်ရှိတဲ့ Richard Evan က စောစောက စနစ်ကိုရှင်းပြတယ်။ အဲဒီနည်းနဲ့ထိုးရင် မနာဘူးတဲ့''
''ဟုတ်ကဲ့ ဒေါက်တာ''
''ခု Blackwell တွင်ထားတဲ့ ကရိယာကို သေသေချာချာ စစ်ဆေး နေကြတယ်၊ လူနာတွေမှာ ကျယ် ကျယ်ပြန့်ပြန့်သုံးနိုင်ဖို့တော့ နည်းနည်းစောင့်ရဦးမယ်၊ စမ်းသပ်ခံဦးရေ များများပါတဲ့ စမ်းသပ်မှုမျိုးတွေထပ် လုပ်ရဦးမယ်''
''တီထွင်သူက ဆုရမှာပဲနော်''
''သူက အရင်ကတည်းက ဆု တွေရဖူးပြီးသားပါ၊ တီထွင်ဥာဏ် ကောင်းတယ်၊ ပစ္စည်းမျိုးစုံထွင်ဖူး တယ်။ ခုလဲ ထွင်တုန်းပဲ။ စိုက်ပျိုး ရေးမှာရော၊ လျှပ်စစ်မှာရော၊ ဆေးကု တဲ့အခါမှာ ပစ္စည်းမျိုးစုံပဲ''
''တော်လိုက်တာနော်''
''ဟုတ်တယ် အန်ကယ်''
ထိုစဉ် သူနာပြုဆရာမလေး နွဲ့ ယမင်း ထွက်လာ၏။
''အန်ကယ် ဆေးထိုးမလို့ဆို၊ အဆင်သင့်ဖြစ်ပါပြီ။ ခုတင်ပေါ်ကြွပါအန်ကယ်''
''သြော်- အေး၊ အေး၊ လာပြီ ကွယ်''
ဦးနှင်းမောင် ဆေးထိုးခန်းထဲဝင် သွားသောအခါ ဆိုက်ကယ်တစ်စီး ဆေးခန်းရှေ့ရောက်လာ၏။ ဆိုင်ကယ် ပေါ်တွင် ဒေါက်တာကျော်ဆွေသိန်း ပါလာ၏။
ရွှေဝါရောင် ပိတောက်ပန်းခက် တွေ တအုံတမကြီးပွေ့ကာ ဆင်းလာ ၏။
''ဖိုးကျော်၊ မင်း နွဲ့ယမင်းကို ပေးဖို့မဟုတ်လား။ လုပ်မနေနဲ့ နောက်ကျသွားပြီ''
''ဘာဖြစ်လို့လဲ ဖိုးမျိုးရ၊ ဆရာမ လေးက ဒီနေ့မှ အလုပ်စဆင်းတာ ပဲ''
''ဒီလိုလေ၊ ရှေ့နေကြီးဦးနှင်း မောင်က သူခြံထဲက ပိတောက်တစ် ပင်လုံးပေးမယ်လို့ ကြိုပြောပြီးသွား ပြီကွ၊ ပြန်ပေတော့ မောင်ရင်ရေ''
''ဟိုက်- ဦးသွားပြီကွာ''
ရည်ညွှန်းချက်။ ။ BBC News မှ Hope of a Pain-Free Needel to end Injection Trauma ဆေးပညာဆောင်းပါးကို မှီ ငြမ်းကိုးကားပါသည်။
ညွှန်း - ဈေးကွက်ဂျာနယ် - www.zaygwet.com
0 ကွန်မန့်ရေးရန်:
Post a Comment