ဗုဒ္ဓဘာသာ မြန်မာမှုနယ်ပယ်တွင် ``ငရဲကြီးလိမ့်မယ်´´ ``ငရဲကျတတ်တယ်´´ အစရှိသည်ဖြင့် ``ငရဲ´´ဟူသောဝေါဟာရကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည်။ ထို``ငရဲ´´ဟူသောဝေါဟာရကို မကောင်းသောအဓိပ္ပါယ်၊ မကောင်းသောနေရာဌာန၊ ကြောက်စရာကောင်းသောအကြောင်းအရာအဖြစ် ရည်ညွှန်းပြောဆို သုံးနှုန်းကြသည်။ မှန်၏။ ထို``ငရဲ´´ဟူသောဝေါဟာရ၏အဓိပ္ပါယ်ကို မြန်မာအဘိဓာန်တွင် ``ငရဲ၊ န-မကောင်းမှုပြုလုပ်သူများ နောင်တမလွန်ဘ၀၌ ဆင်းရဲကြီးစွာခံစားရရာအရပ်´´ဟု ဖွင့်ဆိုထားသည်။ အင်္ဂလိပ်ဘာသာအားဖြင့် ``ငရဲ´´ကို ''hell''
ဟုစာလုံးပေါင်းပြီး အဓိပ္ပါယ်အားဖြင့် ``ဆင်းရဲဒုက္ခ(သို့)ဒုက္ခဘုံ´´ဟု ဘာသာပြန်ဆိုသည်။ ထို``ငရဲ´´ဟူသောဝေါဟာရသည် ပါဠိဘာသာ ``နိရယ´´မှ ဘာသာဗေဒနည်းအရ ``နိရယ=နိရယ်=နရဲ=ငရဲ´´ဟု အဆင့်ဆင့်ပြောင်းလဲလာခဲ့ကြောင်း လေ့လာဖတ်ရှုရသည်။
လူ့ပြည်တွင် အပြစ်ကျူးလွန်သူများကျခံရန် အကျဉ်းထောင်များရှိသကဲ့သို့ သတ္တ၀ါများတည်နေရာ ဤကမ္ဘာမြေအတွင်း၌လည်း မကောင်းမှုကျူးလွန်သူများ ကျရောက်ခံစားရန် ငရဲဘုံ,ငရဲထောင်များရှိကြောင်း လေ့လာသိရှိရသည်။ ``ငရဲဘုံ´´ကို နတ္ထိ ဧတ္ထ အဿာဒ သညိတော အယောတိ နိရယော = သာယာခြင်း, ပျော်ရွှင်ခြင်း, ချမ်းသာသုခဟူ၍ မြူမျှမရှိ၊ ၀မ်းနည်းပူဆွေးမှု ဆင်းရဲဒုက္ခတို့နှင့် မွန်းကျပ်ပြည့်နှက်နေသောဘုံဌာနကို ``ငရဲဘုံ´´ဟုခေါ်ဆိုကြောင်း ပါဠိဝိဂြိုဟ်ပြု၍ အကျယ်ဖွင့်ဆိုထားသည်။ ထိုငရဲဘုံ၏တံခါးလေးဘက်တွင် ယမမင်းတို့သည် ရုံးစိုက်ကြပြီး ငရဲသို့ကျရောက်လာသူများကို စစ်ဆေးမေးမြန်းကြသည်။ ယမမင်းသည် တစ်ယောက်မက အလွန်များပြားလှသည်။ ထိုယမမင်းတို့သည် ငရဲကျရောက်လာသူတိုင်းကို စစ်ဆေးမေးမြန်းကြသည်မဟုတ်ဘဲ အမိသတ်ခြင်း၊ အဖသတ်ခြင်း-စသည့် အပြစ်ကြီးမားသူများကို အစစ်အဆေးမရှိ တစ်ခါတည်း ငရဲသို့ချပစ်ပြီး အကုသိုလ်နည်းနည်း အပြစ်နည်းနည်းလုပ်ခဲ့သူများအတွက် ငရဲမှလွတ်လိုလွတ်ငြား စစ်ဆေးမေးမြန်းခြင်းဖြစ်သည်။ ယမမင်းသည် ကြမ်းတမ်းရက်စက်သောသူမဟုတ်ဘဲ အလွန်သဘောထားကြီးပြီး တရားစောင့်သောသူဖြစ်သည်။ ယမမင်းသည် အပြစ်အနည်းငယ်ဖြင့် ငရဲသို့ကျရောက်လာသူများကို ထိုသူများပြုလုပ်ခဲ့သည့် ကုသိုလ်ကောင်းမှုများကို သတိရစေရန် မေးမြန်းလေသည်။ ထိုသို့မေးမြန်း၍မျှ ငရဲသားက သူပြုလုပ်ခဲ့သောကုသိုလ်ကောင်းမှုကို သတိမရသေးလျှင် ``ဤသူသည် လူ့ဘ၀တွင် ကုသိုလ်ကောင်းမှုပြုလုပ်စဉ်က မိမိအား အမျှပေးဝေဖူးသလော´´ဟု စဉ်းစားလေသည်။ စဉ်းစား၍ရလျှင် ထိုကုသိုလ်ကို ငရဲသားအားပြောပြ၍ ငရဲသားက သူပြုလုပ်ခဲ့သောကုသိုလ်ကို ပြန်သတိရသည်နှင့်တပြိုင်နက် ငရဲမှလွတ်စေ၍ နတ်ပြည်သို့ရောက်ရလေသည်။ အကယ်၍ ငရဲသားကလည်း သူပြုလုပ်ခဲ့သောကုသိုလ်ကို သတိမရ၊ ယမမင်းကလည်း ထိုသူ၏ကုသိုလ်ကောင်းမှုကို စဉ်းစား၍မရလျှင် စိတ်မကောင်းစွာ ဆိတ်ဆိတ်နေလေသည်။ ထိုအခါ ငရဲထိန်းတို့သည် ငရဲသားကို ခေါ်ဆောင်သွားကြပြီး ငရဲဘုံ၌ ထိုသူ၏အကုသိုလ်ကံအတိုင်း ညှဉ်းဆဲနှိတ်စက်ခံရလေသည်။ ထိုငရဲထိန်းတို့၏အလုပ်သည် အကုသိုလ်ကံအနည်းငယ်ဖြင့် ငရဲသို့ကျရောက်လာသော ငရဲသားများကို ယမမင်းထံပို့ဆောင်ပေးရခြင်း၊ ငရဲသို့ကျရောက်ပြီးသူများကို အာဏာပါးကွက်သားတို့ကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းပန်းနှိတ်စက်ရိုက်နှက်ရခြင်းအလုပ်တို့ကို လုပ်ရသည်။ ထိုငရဲပြည်မှ ငရဲမီးစသောအန္တရာယ်များသည် ကံကြောင့်ဖြစ်သော ကမ္မပစ္စယဥတုဇရုပ်များဖြစ်သည့်အတွက် ငရဲခံရသူများသာ ပူလောင်ကြပြီး ငရဲထိန်းတို့မှာ ပူလောင်ခြင်းမရှိပေ။
ငရဲဘုံသည် ငရဲကြီးဘုံ၊ ငရဲငယ်ဘုံဟူ၍ နှစ်မျိုးရှိသည်။ ထိုတွင် ငရဲကြီးဘုံသည် (၈)ထပ်ရှိပြီး ထိုငရဲကြီးဘုံကိုခြံရံနေသော ငရဲငယ်ဘုံသည် (၁၂၈)ခုရှိကြောင်း လေ့လာဖတ်ရှုရသည်။ ငရဲကြီးရှစ်ထပ်ဟူသည်မှာ... (၁) သိဉ္ဖိုးငရဲ၊ (၂) ကာဠသုတ်ငရဲ၊ (၃) သံဃာတငရဲ၊ (၄) ရောရုဝငရဲ၊ (၅) မဟာရောရုဝငရဲ၊ (၆) တာပနငရဲ၊ (၇) မဟာတာပနငရဲ၊ (၈) အ၀ီစိငရဲတို့ ဖြစ်ကြသည်။
ထိုတွင် ``သိဉ္ဖိုးငရဲ´´ဟူသည်မှာ ``အဖန်ဖန်အထပ်ထပ် အသက်ရှင်ရာငရဲ´´ဟု အဓိပ္ပါယ်ရသည်။ ထိုသိဉ္ဖိုးငရဲသို့ ကျရောက်လာသောငရဲသားများကို ငရဲထိန်းတို့က အပိုင်းပိုင်းပြတ်အောင် ခုတ်ဖြတ်ကြသည်။ ထိုသို့ခုတ်ဖြတ်သော်လည်း တစ်ခါတည်းသေမသွားဘဲ ထိုငရဲသား၏အကုသိုလ်ကံအလျောက် ထပ်ခါထပ်ခါ အသရှင်လျက် ငရဲထိန်းတို့၏ညှဉ်းဆဲနှိတ်စက်မှုကို ပြင်းစွာခံစားကြရလေသည်။ ထိုသို့ ထပ်ကာထပ်ကာ အသက်ပြန်ရှင်လျက် ညှဉ်းပန်းနှိတ်စက်မှုခံရသောကြောင့် ``သိဉ္ဖိုးငရဲ´´ဟုခေါ်လေသည်။
သစ်တုံးကိုရွေသော လက်သမားများအသုံးပြုကြသည့် မျဉ်းကြိုးကို ပါဠိလို ``ကာဠသုတ္တ´´၊ မြန်မာလို ``ကာဠသုတ်´´ဟုခေါ်သည်။ ထိုကာဠသုတ်ငရဲသို့ကျရောက်လာသော ငရဲသားများကို ငရဲထိန်းတို့သည် (သားကောင်ကို ခွေးများလိုက်သကဲ့သို့) နောက်မှ အတင်းလိုက်ကြသည်။ ထိုသို့ နောက်မှအတင်းလိုက်သဖြင့် မောဟိုက်လဲကျပြီး ဖမ်းမိသောအခါ ငရဲထိန်းတို့သည် ငရဲသားကို (သစ်တုံးကို သစ်ရွေသမားများက ခုတ်ရွေကြသကဲ့သို့) ကျကျနန မျဉ်းကြိုးချပြီး ပက်လက်တစ်မျိုး၊ မှောက်လျက်တစ်မျိုး၊ ၀ဲယာတစ်မျိုး၊ ရှေ့နောက်တစ်မျိုးအားဖြင့် အမျိုးမျိုးခုတ်ရွေကြသည်။ ထိုသို့ခုတ်ရွေသော်လည်း တစ်ခါတည်းသေမသွားဘဲ အကုသိုလ်ကံမကုန်မချင်း ဆင်းရဲဒုက္ခကြီးစွာ ခံစားကြရလေသည်။ ထိုသို့ မျဉ်းကြိုးချ၍ခုတ်ရွေညှဉ်းဆဲခံရသောကြောင့် ``ကာဠသုတ်ငရဲ´´ဟုခေါ်လေသည်။
အပြင်းအထန်ကြိတ်ချေသတ်ဖြတ်ရာဖြစ်သောငရဲကို ``သံဃာတငရဲ´´ဟုခေါ်သည်။ ထိုငရဲ၏အောက်မြေအပြင်မှာ မီးလျှံများထလျက် အထု ၉-ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်လေသည်။ ထိုငရဲသို့ကျရောက်သူများကို ငရဲထိန်းတို့သည် ထိုသံမြေပြင်၌ (ထန်းပင်ငုတ်ကလေးတွေ စိုက်ထားသကဲ့သို့) ခါးအထိအောင်စိုက်ထားသည်။ ထိုအခါ အရှေ့အရပ်မှလာသော သံတောင်ကြီးသည် တဒိန်းဒိန်း တခြိန်းခြိန်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာဖြင့် အနောက်အရပ်သို့သွားလေသည်။ ထို့နောက် တောင်အရပ်မှ သံတောင်ကြီးသည် ထိုနည်းအတိုင်း ကြိတ်ကာကြိတ်ကာဖြင့် မြောက်အရပ်သို့သွားလေသည်။ ထိုသို့ဖြင့် အနောက်အရပ်မှသံတောင်ကြီးက ကြိတ်ကာကြိတ်ကာဖြင့် အရှေ့အရပ်သို့ပြန်သွား၊ မြောက်အရပ်မှသံတောင်ကြီးက ကြိတ်ကာကြိတ်ကာဖြင့် တောင်အရပ်သို့ပြန်သွား။ ဤသို့ဖြင့် အရပ်လေးမျက်နှာမှသံတောင်များသည် ငရဲသားကို ကြိတ်ချေလျက် ငရဲသား၏အကုသိုလ်ကံမကုန်မချင်း ညှဉ်းဆဲနှိတ်စက်ခံရလေသည်။ ထိုသို့ သံတောင်ကြီးများ၏ ကြိတ်ချေညှဉ်းဆဲမှုကိုခံရသောကြောင့် ``သံဃာတငရဲ´´ဟု ခေါ်လေသည်။
``ရောရုဝ´´ဟူသောပါဠိသည် ``ပြင်းစွာငိုကြွေးခြင်း´´ဟူသောအနက်ကိုဟောသည်။ ထိုရောရုဝငရဲတွင် ငရဲမီးတောက်တို့သည် တဟုန်းဟုန်းထလျက်ရှိသည်။ ထိုငရဲသို့ကျရောက်သူတို့အား ငရဲမီးတောက်မီးလျှံတို့သည် ဒွါရ ၉-ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်ပူလောင်ကာ တစာစာအော်ဟစ်ငိုကြွေးကြရရှာလေသည်။ ငရဲသား၏အကုသိုလ်ကံမကုန်မချင်း ဆင်းရဲဒုက္ခကြီးစွာ ခံစားကြရသည်။ ထိုသို့ ငရဲမီးတောက်မီးလျှံများ အလောင်ကျွမ်းခံရသောကြောင့် ထိုရောရုဝငရဲကို ``ဇလရောရုဝ´´ဟုလည်း ခေါ်ဝေါ်သည်။
``မဟာရောရုဝငရဲ´´ကား မီးတောက်မီးလျှံများမဟုတ်ဘဲ မီးခိုးလုံးကြီးများ တစ်ငရဲလုံးဖုံးလွှမ်းနေသော ငရဲဖြစ်လေသည်။ ထိုငရဲသို့ကျရောက်လာသူများကို မီးခိုးလုံးမီးခိုးငွေ့များက ဒွါရ ၉-ပေါက်မှဝင်ရောက်၍ နှူးနှပ်ကြသည်။ ငရဲသူ,ငရဲသားတို့မှာ ဘာမျှမတတ်နိုင်ဘဲ ပူလောင်လွန်းလှသဖြင့် သနားစဖွယ် အော်ဟစ်ငိုကြွေးကာ ဆင်းရဲဒုက္ခခံစားကြရသည်။ အကုသိုလ်ကံမကုန်မချင်း ထိုဆင်းရဲကို ခံကြရသည်။ ထိုငရဲကို ``ဓူမရောရုဝ´´ဟုလည်း ခေါ်ဝေါ်ကြသည်။
``တာပန´´ဟူသောပါဠိသည် ``ပူလောင်စေတတ်´´ဟူသောအနက်ကို ဟောသည်။ ထိုတာပနငရဲသို့ ကျရောက်လာသောငရဲသားများကို ထန်းလုံးလောက်ရှိသော မီးလျှံထနေသည့်သံတင်ကျင်၌ မလှုပ်နိုင်အောင်စိုက်ထားပြီးလျှင် ထိုထန်းလုံးလောက်ရှိသောသံတင်ကျင်မှထွက်သည့် မီးအလျှံတို့က တရှိန်ရှိန်လောင်ကျွမ်းပစ်လေသည်။ ငရဲသား၏အကုသိုလ်ကံမကုန်မချင်း ပူလောင်မှုဆင်းရဲကို ခံစားကြရသည်။ ထိုသို့ ထန်းလုံးလောက်ရှိသည့်သံတံကျင်မှထွက်သော မီးလျှံများလောင်ကျွမ်းခံရသောကြောင့် ``တာပနငရဲ´´ဟုခေါ်လေသည်။
တာပနငရဲထက်သာလွန်၍ပူလောင်သောငရဲကို ``မဟာတာပနငရဲ´´ဟုလည်းကောင်း၊ ``ပတာပနငရဲ´´ဟုလည်းကောင်း ခေါ်သည်။ ထိုငရဲတွင် မီးလျှံထနေသောသံတောင်ကြီးရှိလေသည်။ ထိုသံတောင်၏အောက်ခြေတွင် သံတံကျင်တွေစိုက်ထူထားသည်။ ထိုငရဲသို့ကျရောက်လာသော ငရဲသားများကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍တင်ကြသည်။ သံတောင်ပေါ်သို့ရောက်သောအခါ ထိုငရဲသားတို့၏ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်လာကာ ထိုလေမုန်တိုင်းက တောင်ခြေတွင်ရှိသော သံတံကျင်ပေါ်သို့ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်ဖျားတွင် ကားခနဲစူးဝင်ကြရရှာသည်။ ထိုသို့ ငရဲမီးလျှံများလောင်ကျွမ်းခံရပြီး သံတံကျင်စူးဝင်ကာ ဆင်းရဲကြီးစွာခံစားရသောကြောင့် ``မဟာတာပနငရဲ´´ဟုခေါ်လေသည်။
``အ၀ီစိ´´ကို ``အ+၀ီစိ´´ဟုပုဒ်ခွဲ၍ ``အ=မရှိ၊ ၀ီစိ=အကြား´´ ``အကြားမရှိ´´ဟု အနက်ပြန်ဆိုရမည်။ ထိုအ၀ီစိငရဲတွင် မီးတောက်မီးလျှံများ အကြားအပေါက်မရှိဘဲ တစ်ငရဲလုံး၌ မီးလျှံချင်းဆက်နေလေသည်။ ငရဲသတ္တ၀ါချင်းလည်း အကြားမရှိဘဲ ၀ါးကျည်တောက်အတွင်း၌ မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ ပြည့်ညှပ်နေလေသည်။ ဆင်းရဲဒုက္ခလည်း အကြားမရှိဘဲ ဒုက္ခမှလွတ်ကင်း၍ ချမ်းသားခွင့်လုံးဝမရနိုင်ပေ။ ထိုသို့ မီးလျှံ, သတ္တ၀ါ, ဆင်းရဲဒုက္ခများ အကြားမရှိအောင် ဆက်စပ်နေသောကြောင့် ထိုငရဲကို ``အ၀ီစိငရဲ´´ဟု ခေါ်လေသည်။
ထိုအထက်တွင်ဖော်ပြခဲ့သော ငရဲများသို့ကျရောက်သောသူများကို ငရဲထိန်းတို့သည် ညှဉ်းပန်းနှိတ်စက်မှုအမျိုးမျိုးဖြင့် ညှဉ်းပန်းနှိတ်စက်ကြသည်။ ညှဉ်းပန်းနှိတ်စက်ပုံမှာ... ငရဲထိန်းတို့သည် လောလောပူသောသံငုတ်ဖြင့် ငရဲသား၏ လက်နှစ်ဘက်တို့ကိုလည်းကောင်း၊ ခြေနှစ်ဘက်တို့ကိုလည်းကောင်း၊ ရင်ဘတ်၏အလယ်သို့လည်းကောင်း ထိုးစိုက်ကြသည်။ ငရဲသားသည် ပြင်းထန်သောဝေဒနာကို ခံစားကြရပြီး အကုသိုလ်ကံမကုန်သေးသမျှကာလပတ်လုံး အထိုးအစွခံနေကြရရှာသည်။ ထို့ပြင် ငရဲထိန်းတို့သည် ငရဲသားအား အိပ်စေပြီး ထက်လှသောဓားမတို့ဖြင့် ခုတ်ထစ်၍လည်းကောင်း၊ ဦးခေါင်းကို စောက်ထိုးထား၍ ခြေနှစ်ချောင်းတို့ကိုစွဲကိုင်ကာ ပဲခွပ်ဖြင့်ခုတ်ရွေ၍လည်းကောင်း၊ ရထားလုံးတွင် က၍ ရဲရဲပြောင်ပြောင်တောက်လောင်နေသော မီးလျှံမီးခိုးနှင့်တကွဖြစ်သည့် မြေအပြင်တွင် ပြေးစေ၍လည်းကောင်း၊ ရဲရဲပြောင်ပြောင်တောက်လောင်နေသော မီးလျှံမီးခိုးထနေသည့် မီးကျီးတောင်ကို တက်စေဆင်းစေ၍လည်းကောင်း၊ ခြေနှစ်ချောင်းတို့ကို စွဲကိုင်၍ ရဲရဲပြောင်ပြောင်တောက်လောင်နေသည့် မီးတောက်မီးလျှံထနေသော သံဒယ်အိုးတွင် ပစ်ချ၍သော်လည်းကောင်း အမျိုးမျိုးနှိတ်စက် ညှဉ်းပန်းကြလေသည်။ ငရဲသားသည် သံဒယ်အိုးတွင် ရေမြှုတ်ကဲ့သို့ကျက်၍ အထက်သို့ပေါ်လိုက် အောက်သို့မြုတ်လိုက်နှင့် ပြင်းစွာသောဆင်းရဲဝေဒနာကို အကုသိုလ်ကံမကုန်မချင်း ခံစားကြရလေသည်။
အထက်တွင်ဖော်ပြခဲ့သော ငရဲကြီးရှစ်ထပ်အပြင် ``ဘင်ပုပ်ငရဲ´´စသော ဥဿဒ=ငရဲငယ်များ အများအပြားရှိသေးသည်။ ထိုငရဲငယ်တို့၌လည်း အမျိုးမျိုးသောဆင်းရဲဒုက္ခကို ခံစားကြရသည်။ ထို့ကြောင့် ဤဆင်းရဲဒုက္ခများကို အဖန်ဖန်စဉ်းစားတွေးတော၍ ပြုလုပ်မိခဲ့သော အကုသိုလ်များကို နောင်တတစ်ဖန်ပူပန်မှုများ ဖြစ်မနေကြတော့ဘဲ နောက်ထပ်အကုသိုလ်အမှုများ မပြုလုပ်မိအောင် သတိထားဆင်ခြင်၍ ကုသိုလ်ကောင်းမှုအကျင့်မြတ်များကို ကြိုးစားပွားများ အားထုတ်သင့်ကြပေသည်။ ``မီးကို မလောင်ခင်တား´´ဆိုသည့် စကားအတိုင်း ကာယကံမကောင်းမှု၊ ၀စီကံမကောင်းမှု၊ မနောကံမကောင်းမှု-ဟူသော အကုသိုလ်ဒုစရိုက်တရားများကို မပြုမိ၊ မပြောမိ၊ မကြံမိအောင် ကြိုတင်၍ ကာကွယ်စောင့်ထိန်းသင့်ကြပေသည်။ ``မိုးရွာတုန်းရေခံ´´ ``လသာတုန်းဗိုင်းင်´´ဆိုသည့် စကားအတိုင်း ဗုဒ္ဓသာသနာထွန်းလင်းတောက်ပ၍ ကုသိုလ်နှင့် အကုသိုလ်ကို ခွဲခွဲခြားခြားသိမြင်နိုင်သော ယခုအခါ၌ အကုသိုလ်တရားများကို ပယ်ခွါရှောင်ရှား၍ ကုသိုလ်တရားများကို ကြိုးစားအားထုတ်သင့်ကြပေသည်။ ဆင်းရဲဒုက္ခမျိုးစုံတို့ဖြင့် ပြည့်နှက်နေသောငရဲဘုံသို့ မလားရာက်ကြရန် ဒါနအမှုတို့ကိုပြု၍ သီလတရားများကို လိုက်နာစောင့်ထိန်းကြပြီး ဘာဝနာကောင်းမှုတို့ကို ကြိုးစားပွားများ အားထုတ်သင့်ကြကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
(ကျမ်းကိုး။ ။ တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ``ကိုယ်ကျင့်အဘိဓမ္မာ´´စာအုပ်)
0 ကွန်မန့်ရေးရန်:
Post a Comment