Wednesday, June 27, 2012

ကိုရီးယားနိုင်ငံကပြန်ရောက်ပြီး ဂရိတ်ဦးဘိုးစိန်ပွဲမှာ သမားစဉ်အတိုင်းကပြခဲ့တဲ့ မို့မို့မြင့်အောင်



မို့မို့မြင့်အောင်က Coreana အလှကုန်ပစ္စည်း ကိုယ်စားလှယ်တွေ၊ ကံစမ်းမဲပေါက်သူတွေနဲ့ တတိယအကြိမ် ကိုရီးယားခရီးစဉ်ကို ဇွန်လ၁၂ရက်နေ့က သွားခဲ့ပြီး ဇွန်လ ၁၈ရက်နေ့က ပြန်ရောက်ခဲ့ပါတယ်။ ခရီးသွားရတာ ပင်ပန်းပေမယ့် ကိုယ့်ကိုချစ်ခင်တဲ့ ကိုယ်စားလှယ်ကြီးတွေ၊ ကံစမ်းမဲ ပေါက်သူတွေကြောင့် ဘယ်လောက် ပင်ပန်းပင်ပန်း သူတို့ကိုချစ်တဲ့  သံယောဇဉ်ကြောင့် ဒီခရီးစဉ်ကို လိုက်ပါသွား ဖြစ်တာဖြစ်ကြောင်း၊ နေရာအနှံ့တော်တော် အစုံသွားခဲ့ရပြီး KBS ရုပ်သံဌာနကိုလည်း ဝင်ရောက်လေ့လာဖြစ်ခဲ့ကြောင်း ပြောပါတယ်။ ကိုရီးယားခရီးစဉ်နဲ့ပတ်သက်ပြီး မို့မို့မြင့်အောင်က ”တောင်ကိုရီးယားနဲ့မြောက်ကိုရီးယား
၂ဖက်စလုံးကို မြင်နေရတဲ့ နေရာ ကိုလည်း ရောက်ခဲ့တယ်။ KBS ရုပ်သံဌာနလည်း ရောက်တယ်။ ပြဇာတ်ကတဲ့နေရာလည်း ရောက်တယ်။ အစ်မတို့ရောက်တဲ့အချိန်က KBSမှာ ကလေးတွေ ဒီမှာ ‘ဂီတ တံခါးလေး ဖွင့်ပါဦး’လိုပုံစံနဲ့သီချင်းတွေဆိုနေကြတယ်။ သူတို့က အုပ်စုလိုက်တွေ ပြိုင်နေကြတယ်။ တစ်ယောက်ချင်းက ၂ယောက်လောက်ပဲ ပြိုင်ကြတယ်။ သူတို့ က တော်တော့်ကိုတော်ကြတယ်။ ဒါပေမဲ့ ဒီကလေးတွေက ပိုတော်ကြတာပေါ့။ ပထမရက်က ကြည့်တဲ့ပြဇာတ်က စကားမပြောဘဲနဲ့ ရယ်ရတာပေါ့။ ၃နာရီလောက် က ပြဇာတ်ထဲမှာ အချိန်အလကားဖြစ်သွားတော့ နည်းနည်းလေးပျင်းစရာ ကောင်းတယ်။ အချိန်လေးပုပ်သွားတာပေါ့။ ခုတစ်ခေါက်က လူတွေကျန်ခဲ့လို့ ရှာနေရ တယ်။တစ်နေရာသွားရင် ဘယ်နှနာရီ အရောက်ပြန်လာဆို ပြန်မလာဘူး။ ရှာနေရ တယ်။ ခရီးစဉ်က ကွက်တိလုပ်ထားတာလေ။ Coreanaက သူတို့ရှင်းပြရင် မပြည့်စုံမှာ စိုးလို့ ဂိုက်နဲ့သွားရင်ပိုပြီး ပြည့်စုံလို့ ဂိုက်ပါခေါ်သွားတာ။ အစ်မတူမလည်း ပါလာတယ်။ သူတောင်တောင်ပေါ်မှာ လျှောက်အကြည့်ကောင်းလို့ ကျန်ခဲ့သေးတယ်။ စိတ်ဆိုး လို့ထားဖြစ်ခဲ့တယ်။ ကျန်ရစ်ခဲ့ကျတော့ တချို့ခရီးစဉ်က ၂ခု၊၃ခုလောက် ဖျက်လိုက်ရတယ်။ ငါးဈေးကို မသွားလိုက်ရဘူး။ တစ်ယောက်ဆိုလည်း ဟောင်ကောင်မှာ ကျန်ခဲ့တယ်။ ဟောင်ကောင်ကနေ ထိုင်းကိုလေယာဉ်ပျံ စီးရမှာဆိုတော့ အချိန်ရသလောက်ဝယ်ဖို့ကိုအချိန် မရတော့ဘူး။ ဟောင်ကောင်မှာ အချိန်တွေ ပုပ်သွားတယ်။ လူကျန်လို့ရှာနေ ရတာနဲ့ ဘာမှ သိပ်မဝယ်ဖြစ်ခဲ့ဘူး။ ‘ဆောင်းဦးရွက်ကြွေ ချစ်သက်သေ’မှာ အွန်စောတို့၊ဂျွန်စောတို့ ရိုက်တဲ့ကမ်းစပ်နေရာကို ရောက်ခဲ့တယ်။ ရထား ဘူတာလေးတွေကိုလည်း ရောက်ခဲ့တယ်”လို့ပြောပါတယ်။ မို့မို့မြင့်အောင်က ဂရိတ်ဦးဘိုးစိန်ရဲ့ နှစ်၁၃ဝပြည့်ပွဲမှာ ပါဝင် ဖျော်ဖြေခဲ့ပါတယ်။ ဒီပွဲမှာ မို့မို့မြင့်အောင်က ပရိသတ်ကို   ရှေးခေတ်က  သမားစဉ်အတိုင်း ပြင်ဆင်ခြယ်သထားတာကိုပဲ မြင်ဖူးစေချင်တဲ့အတွက် အဲဒီလိုပြင်ဆင်ဖို့လည်း စီစဉ်ခဲ့ကြောင်း၊ မြေ ဝိုင်းအကကိုကမယ့် မို့မို့ မြင့်အောင်က မြေဝိုင်းအကသီချင်းကိုလည်း ကိုယ်တိုင်ဝင်ဆိုထားခဲ့တယ်လို့ပြောပါတယ်။
”မြေဝိုင်းအကက သိပ်တော့ မခက်ပါဘူး။ မင်းသားနဲ့အတွဲညီတဲ့ အခန်းတွေပဲသတိထားရမယ်။ မြေဝိုင်းသီချင်းလည်း ကိုယ်တိုင်ဆိုထားတယ်။ ပထမပေးထားတဲ့ သီချင်း က တော်တော်အော်ရတယ်။ ဒါပေမဲ့အစ်မက ရအောင်ကျင့်တယ်။ မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့အကျင့် ရှိတယ်လေ။ ဒါပေမဲ့ မြေဝိုင်းသီချင်းအစစ် မဟုတ်လို့ သီချင်းပြောင်းလိုက်တယ်။ ကိုမိုးမင်းကလည်း မမို့ကိုယ်တိုင် ဆိုမယ်ဆိုတော့ သူလည်းဝင်ဆိုထားတယ်။ သီချင်းကတစ်ပိုဒ်ပါပဲ။ နှာသံနဲ့မေးရိုက်တဲ့ အသံလေးတွေ ပါတယ်”လို့ ပြောပြီး သဘင့်ဦးသျှောင်ဖြစ်တဲ့ ဂရိတ်ဦးဘိုးစိန်ရဲ့ပွဲမှာ သမားစဉ်နဲ့အားဖြည့်ထားခဲ့တဲ့ အကြောင်း၊ အမေဒေါ်ကြည်ကြည်ဋ္ဌေးရဲ့ ကျေးဇူးကိုလည်း ဆပ်တဲ့ အနေနဲ့ ကခဲ့ကြောင်းကို မို့မို့ မြင့်အောင်က ပြောပါတယ်။
ခိုင်ဝေလွင်

0 ကွန်မန့်ရေးရန်:

Post a Comment