Wednesday, June 27, 2012

အကြီးစားအိပ်မက် မက်ခဲ့သော လူတစ်ယောက်အကြောင်း

ဒီနေ့ ကမ္ဘောဇဘဏ်ကို ငွေသွားထုတ်ပါတယ်။ ခရီးထွက်မှာမို့ လိုအပ်တဲ့ငွေ သွားထုတ်တာပါ။ အဲဒီဘဏ်မှာ ကျွန်တော် လူတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ အရင်ကတည်းက ခင်မင်ရင်းနှီးတဲ့သူပါ။ ကျွန်တော်က သူ့အကြောင်းကို စာရေးချင်တယ်။ အင်တာဗျူးလုပ်ချင်တယ်လို့ ပြောလိုက်တော့-
“ကိုကျော်…ကျွန်တော့်အကြောင်းကို သိနေတာပဲ…သိထားတဲ့အတိုင်းပဲရေးလိုက်လေ၊ ဒါပေမယ့် ကျွန်တော့်နံမည်ကိုတော့ ထည့်မရေးစေချင်ဘူး”
“ကိုစန်း…အခုဘာလာလုပ်တာလဲ”
“ငွေလွှဲတွေလာထုတ်တာပါ”
ကိုစန်း (အမည်ရင်းမဟုတ်ပါ)က သူ့လက်ထဲက ငွေလွှဲလက်မှတ်တွေကို
တစ်ရွက်ချင်း ပေါင်းကြည့် နေတယ်။ ကျွန်တော် မသိမသာ လှမ်းကြည့်လိုက်တယ်။ ဟာ…သိန်းပေါင်းများစွာပါလား။ ဖြစ်နိုင်ပါတယ်လေ။ သူက မန္တလေးမြို့မှာ လုပ်ငန်းရှင်ကြီးတစ်ယောက်ပဲလေ။ ဒါလောက်ငွေတွေ နေ့စဉ်အ၀င်အထွက်ရှိနေတာ သူ့အိမ်ကို ကျွန်တော် ၂ ခေါက် ၃ ခေါက်ရောက်ဖူးတော့ သိတာပေါ့။
ကိုစန်းက ငွေတွေပေါင်းပြီး မှတ်စုစာအုပ်ကလေးကို ထုတ်ပြီးဖတ်တယ်။ စာအုပ်ထဲမှာ ရရန်စာရင်း၊ ၀ယ်ရန်စာရင်း၊ ပေးရန်စာရင်း သူ့ရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ စာရင်းလေးပါ။ ရရန်စာရင်းထဲက ရပြီးသားတွေကို နေ့စွဲနဲ့တကွရေးသားနေတယ်။ ၀ယ်ရန်စာရင်းမှာ ၀ယ်ပြီးသားစာရင်းကို နေ့စွဲလေးတွေကို အိပ်ထဲက ပြေစာလေးတွေကြည့်ပြီးလိုက်ဖြည့်နေတယ်။ ပေးရမယ့်စာရင်းကိုလည်း ဒီအတိုင်းပဲ သူလုပ်နေတာကို ကျွန်တော် ငေးမောကြည့်နေမိတယ်။ တော်တော်လေးကြာအောင် သူလုပ်နေပြီးတော့-
“ကိုကျော်…ကျွန်တော်က ငွေများတော့ နဲနဲကြာမယ်။ ကိုကျော်က ဘယ်ကငွေလွှဲရောက်လို့လဲ”
“ကျွန်တော်က ခရီးသွားစရာရှိလို့ပါ။ စုထားတာတွေထဲက လိုသလောက် လာထုတ်တာပါ”
“အင်း…ကိုကျော့် လုပ်ငန်း အခြေအနေကောင်းတယ်မဟုတ်လား”
“မဆိုးပါဘူး….မီးက မှန်နေတော့ ဆီဖိုး မကုန်ဘူးလေ။ အလုပ်ဖြစ်ပါတယ်”
“ကျွန်တော် အကြံပေးမယ်ဗျာ…ကိုကျော်…အော့ဖ်ဆက် ထောင်နိုင်အောင်ကြိုးစား”
“ဖြစ်အောင်ကြိုးစားမှာပေါ့…ကျွန်တော်က ကိုစန်းကို အရမ်းအားကျနေတာ”
“ကိုကျော်က လက်ဖ၀ါးခြေဖ၀ါးက ဒီအခြေအနေရောက်အောင်ကြိုးစားလာတာပဲ တစ်နေ့ ဖြစ်ကို ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”
“ကျွန်တော် မျှော်မှန်းထားတဲ့ ကာလရောက်ရင်ဖြစ်မှာပါ”
ထိုစဉ် ကျွန်တော့်အမည်ကို ငွေထုတ်ရန် ခေါ်သံကြားတာကြောင့် ကိုစန်းကို နှုတ်ဆက်ပြီး ထိုင်ရာမှ ထသွားပါတယ်။ ငွေထုတ်ကောင်တာမှာ ငွေထုတ်ပြီး ငွေစုစာအုပ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ပြန်ယူပြီး ဘဏ်မှ ပြန်လာခဲ့ပါတယ်။
xxxxx
အလုပ်စားပွဲမှာ ထိုင်ပြီး ကိုစန်းအကြောင်းကို ကျွန်တော်တွေးနေမိပါတယ်။
ကိုစန်းရဲ့ဇာတိက မြစ်ဝကျွန်ပေါ်ဒေသ မြို့တစ်မြို့ကပါ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျတော့ မိဘတွေက တော်တော်လေး ဒေါသထွက်တယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြန်မဖြေချင်ဘူး။ သူတို့မြို့က မလေးရှားကို အလုပ်သွားလုပ်တဲ့သူ တွေလို အလုပ်သွားလုပ်ဖို့အတွက် သူ့မှာ လုံလောက်တဲ့ငွေကြေးမရှိဘူး။ သူများတွေလို အိမ်ပေါင်၊ မြေပေါင်ပြီး သွားဖို့လည်း စိတ်မ၀င်စားဘူး။
ဒီမြို့က ထွက်ပြီး တစ်နေရာရာမှာ အလုပ်လုပ်သွားလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ရန်ကုန် သွားရမလား။ မန္တလေးကို သွားရမလား။ သေသေချာချာစဉ်းစားတယ်။ နောက်ဆုံး မန္တလေးမှာ ကျောင်းထိုင်နေတဲံ အသိ ဆရာတော်ကျောင်းကနေ အလုပ်လုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။
မိဘတွေက ရင်းနှီးစားသောက်ဖို့ ငွေ တစ်သိန်းနဲ့ ခရီးစရိတ် အလုံအလောက်ပေးလိုက်တယ်။ မြို့ကနေ ရန်ကုန်ကို ရောက်တယ်။ နောက် အမြန်ရထားစီးပြီး မန္တလေးကို သွားခဲ့တယ်။ မန္တလေးရောက်တော့ ဆရာတော်ကျောင်းကို ရှာဖွေပြီး သွားတယ်။ ဆရာတော်က နေရာထိုင်ခင်း စီစဉ်ပေးတယ်။
တစ်ပတ်လောက်ကြာတော့ ဆရာတော်ရဲ့ စီစဉ်ပေးမှုနဲ့ ဈေးချိုထဲက စာရေးကိရိယာဆိုင်တစ်ဆိုင် မှာ အလုပ်ရတယ်။ စာရေးကိရိယာဆိုင်မှာ (၆)လလောက် အလုပ်လုပ်ပြီးတဲ့အချိန်မှာ လုပ်ငန်းအကြောင်း ကောင်းကောင်းသိသွားတယ်။ အနယ်နယ်အရပ်ရပ်က အသိအကျွမ်းတွေလည်းရလာတယ်။
တစ်ညနေမှာ ပျင်းပျင်းရှိတာနဲ့ ညဈေးတန်းကို လျှောက်လည်ရင်း စာအုပ်တစ်အုပ်ကို ၀ယ်လာတယ်။ အဲဒီစာအုပ်ထဲမှာ ပါတဲ့စာသားလေးကို အရမ်းသဘောကျပြီး ဗလာစာအုပ်တစ်အုပ်ထဲမှာ ကူးရေးလိုက်တယ်။ စာအုပ်ထဲမှာ ပါတဲ့ နည်းစနစ်တွေထဲက “လိုချင်တာတွေကို အတိအကျရေးသား မှတ်တမ်းတင်ထားပါ။ မနက်တစ်ကြိမ် ညတစ်ကြိမ် အသံထုတ်ဖတ်ပါ။ မျက်စိမှိတ်ပြီး လိုချင်တာတွေ ရရှိပိုင်ဆိုင်နေပြီလို့ ၁၀ မိနစ်ခန့် အာရုံပြုပါ။” ဆိုတာကို အတိအကျ လိုက်နာလုပ်ဆောင်ဖို့ ဆုံးဖြတ် ခဲ့တယ်။ နောက် အောက်မှာ ရေသားထားတာကို လက်ရေးလှလှလေးရေးပြီး ပလပ်စတစ်လောင်း လိုက်တယ်။ အလုပ်မသွားခင် အခေါက်ခေါက် အခါဖတ်တယ်။ အလုပ်က ပြန်လာပြီး အခေါက်ခေါက် အခါခါဖတ်တယ်။
သန်းကြွယ်သူဌေးဖြစ်အောင်လုပ်မည်။ ၀င်ငွေကို များသည်ထက် များအောင်လုပ်မည်။ ထွက်ငွေကို နည်းနိုင်သမျှ နည်းအောင်လုပ်မည်။ ပိုင်ဆိုင်မှု၊ ရင်းနှီးမြှုပ်နှံမှု များနိုင်သမျှ များအောင်လုပ်မည်။
စာရေးကိရိယာဆိုင်က အလုပ်ထွက်လိုက်ပြီး ကိုယ်ပိုင်စာရေးကိရိယာဆိုင်လေးကို အခန်းတစ်ခန်းငှားပြီ တည်ထောင်လိုက်တယ်။ သူ့မှာပါလာတဲ့ငွေ တစ်သိန်းဆိုတာက ဘာမှ လုပ်လောက်တာတော့ မဟုတ်ပါဘူး။ အလုပ်လုပ်ရင်း စုဆောင်းထားတာတွေရယ်။ အလုပ်လုပ်ခဲ့တဲ့ စာရေးကိရိယာဆိုင်က အကြွေးပေးတဲ့ ပစ္စည်းလေးနဲ့ ဖွင့်လိုက်တဲ့ဆိုင်ကလေးက သူ့ဘ၀ကို အပြောင်းလဲကြီး ပြောင်းလဲစေခဲ့တယ်။
အဲဒီနောက် ဌာနဆိုင်ရာတွေနဲ့ အဆက်အသွယ်ရလာတယ်။ ရန်ကုန်က စာရေးကိရိယာဆိုင်ကြီး တွေနဲ့ ဆက်သွယ်မိလာတယ်။ သူက မှန်မှန်ကန်ကန် သစ္စာရှိရှိ၊ ကတိတည်တည်နဲ့ အလုပ်လုပ်တော့ လုပ်ငန်းက တဖြည်းဖြည်းနဲ့တိုးတက်လာတယ်။ နေရာကျယ်ပြီး သွားရေးလာရေးလွယ်ကူတဲ့ အိမ်တစ်လုံးကို ငှားလိုက်ပြီး ပြောင်းနေလိုက်တယ်။ အဲဒီနေရာမှာပဲ ဆိုင်ကို ဖွင့်လိုက်တယ်။ စက္ကူဖြတ် စက် ၀ယ်တယ်။ အလုပ်သမား ၁၀ ယောက်လောက် ငှားပြီး လုပ်လိုက်တာ အချိန်တိုအတွင်းမှာပဲ သူ အောင်မြင်သွားတယ်။
လုပ်ရင်းကိုင်ရင်းနဲ့ ဘွဲ့ရ အမျိုးသမီးတစ်ယောက်နဲ့တွေ့ပြီး လက်ထပ်လိုက်တယ်။ လင်မယား နှစ်ယောက်အတွဲညီညီနဲ့ ရှာဖွေစုဆောင်းတယ်။ ပိုလျှံတဲ့ငွေနဲ့ မြေကွက်တွေ လိုက်ဝယ်တယ်။ သားသမီး နှစ်ယောက်ထွန်းကားလာတယ်။ ရန်ကုန်ကို သွားပြီး စက္ကူလုပ်ငန်းကို သွားရောက်လေ့လာ တယ်။ ရန်ကုန်က အပြန်မှာ အော့ဖ်ဆက်တစ်လုံးဝယ်ပြီး ပုံနှိပ်လုပ်ငန်းပါလုပ်တယ်။ လုပ်ငန်းတွေ တရှိန်ထိုးတက်သွားတက်။ စီးပွားရေးမှာ ထိပ်တန်းကို ရောက်သွားတယ်။
xxxxx
တစ်နေ့ စက္ကူထုပ် သွားမှာဖို့ သူပေးထားတဲ့လိပ်စာအတိုင်း ကိုစန်းအိမ်ကို ရောက်သွားတယ်။ တယ်လီဖုန်းဆက်ပြီးပို့ခိုင်းတာကို သူက အိမ်ကို ရောက်ဖူးတယ်ရှိအောင် လာခဲ့ဖို့ အတင်းခေါ်တာနဲ့ ကျွန်တော်ကလည်း လေ့လာချင်တာကြောင့် သွားဖြစ်တာ ဖြစ်ပါတယ်။ သူ့အိမ်နားနောက်တော့ ပုံနှိပ်စက်က အသံတွေ ဂျိုးဂျိုးဂျောင်းဂျောင်းကြားနေရတယ်။ ခြံဝန်းအကျယ်ကြီးတစ်ခုလုံး အပြည့် အဆောက်အဦတွေ ဆောက်ထားတာတွေ့ရတယ်။ အလုပ်သမားတွေကလည်း ဟိုတစ်စု ဒီတစ်စု။ စာအုပ်ချုပ်တဲ့သူကချုပ်နေတယ်။ စာရွက်ကောက်သူကကောက်နေတယ်။ ကျွန်တော်လက်ရှိ အလုပ်လုပ်နေသည့် လူဦးရေကို ခန့်မှန်းလိုက်တယ်။ လူ(၂၅)ယောက်ခန့်ရှိတယ်။
ကိုစန်းက ကျွန်တော့်ကို မြင်တော့ ရုံးခန်းထဲက ထွက်လာတယ်။ ကျွန်တော့်ကို အထဲခေါ်သွားတယ်။ သူ့ရုံးခန်းက အတွင်းကသာမြင်ရပြီး အပြင်က မမြင်ရတဲ့ မှန်များကာရံထားသောရုံးခန်းဖြစ်တယ်။ ကျွန်တော် အထဲကို ၀င်သွားတော့ ကွန်ပျူတာတစ်လုံး၊ တယ်လီဖုန်း (၃)လုံးကို သူ့အလုပ်စားပွဲမှာ တွေ့လိုက်ရတယ်။ သူ့နားမှာ ကောင်လေးတစ်ယောက်က ထိုင်ပြီး စက္ကူကိစ္စ၊ စာအုပ်ကိစ္စတွေ ဖုန်းဆက်နေတာ။ ငွေရေးကြေးရေး ကိစ္စတွေ ဖုန်းဆက်နေတာကို တွေ့ရတယ်။
ကျွန်တော့်ကို ထိုင်ခိုင်းပြီး သူ့တပည့်မလေး တစ်ယောက်ကို ခေါ်ပြီး ကော်ဖီနဲ့မုန့်လုပ်ခိုင်းတယ်။ ကျွန်တော်က သူ့အခြေအနေကို လေ့လာတယ်။ သူက ကျွန်တော်လေ့လာနေတာကို သတိထားမိ ဟန်တူပါတယ်။
အတန်ကြာတော့ ကော်ဖီနဲ့မုန့်ရောက်လာတယ်။
“ကိုကျော်…ကော်ဖီသောက်…မုန့်စား”
ကျွန်တော်က ကော်ဖီကို သောက်ပြီး မုန့်တစ်ခုကို ယူစားလိုက်တယ်။
“ကိုစန်း…ပြောဖူးတယ်လေ…မန္တလေးကို ငွေတစ်သိန်းနဲ့ ရောက်လာတာဆိုတာ ဟုတ်မှဟုတ်ရဲ့လား ဗျာ”
“ကိုကျော်ရယ်…ကျွန်တော် တကယ်ပြောတာပါ။ အံ့သြနေတာလား။ ကော်ဖီကို ကုန်အောင်သောက်၊ မုန့်လည်းစားဦး။ ပြီးရင် ဟိုဘက်လိုက်ပြမယ်”
ကျွန်တော်က ကော်ဖီကို ကမန်းကတန်း မော့သောက်လိုက်တယ်။ ကိုစန်း ခေါ်ရာနောက်ကို ကျွန်တော် လိုက်သွားပါတယ်။
အလွန်ကြီးမားကျယ်ဝန်းတဲ့ အဆောက်အဦထဲကို ရောက်သွားတော့ ကျွန်တော် ပိုပြီးအံ့သြရပါတယ်။ ကျွန်တော် စက္ကူလုပ်ငန်းကို လူတွေ ဒါလောက်အများကြီးနဲ့ အလုပ်လုပ်နေတာကို တစ်ခါမှ မမြင်ဘူး လို့ပါ။ ကျွန်တော်ခန့်မှန်းမိသလောက်ဆိုရင် လူတစ်ရာကျော်မယ်ထင်ပါတယ်။
“ကိုစန်း…အလုပ်သမား ဘယ်လောက်ရှိသလဲဗျ”
“ကျွန်တော့် အလုပ်ရုံမှာ အလုပ်သမား နှစ်ရာကျော်ရှိတယ်”
ကျွန်တော် လုံးဝထင်မှတ်ထားခြင်းမရှိသော အရေအတွက်ပါလား။ သူ့အလုပ်ရုံကို မရောက်ဖူး သေးခင်က ဒီလိုလုပ်ငန်းကြီးတစ်ခုကို ဦးဆောင်လုပ်ကိုင်သူဟု မယူဆခဲ့ပါ။
“ကိုကျော်”
“ပြောပါကိုစန်း”
“ဟောဒီ….အော့ဖ်ဆက် တစ်လုံးကို ကျပ်သိန်း ခုနစ်ရာပေးဝယ်ထားရတာ။ ကျွန်တော့်မှာ ၈ လုံးရှိ တယ်။ ဒါတောင် အလုပ်တွေနဲ့ မနိုင်လို့ နောက်ထပ် ၂ လုံး ထပ်မှာထားတယ်။ ဂျပန်စက်တွေချည်းပဲ”
ကျွန်တော် စိတ်တွက်ဖြင့် တွက်ကြည့်လိုက်တယ်။ စုစုပေါင်း ကျပ် သိန်း ငါးထောင့်ခြောက်ရာပါလား။ စက္ကူထပ်တွေကလည်း ခန်းမကြီးတစ်ဝက်လောက် ထပ်ထားတာဆိုတော့ စုစုပေါင်း တန်ဖိုးကို ခန့်မှန်းလို့ မရနိုင်အောင်ဖြစ်သွာပါတယ်။
“ကိုကျော်…ကျွန်တော့်လုပ်ငန်းကို လက်တွေ့ မြင်ရပြီပဲ။ ဘယ်လို သဘောရလဲ”
ကိုစန်းက သူ့လုပ်ငန်းတွေ လိုက်ပြရင်း စကားပြောတယ်။
“ကျွန်တော်…တစ်ခုမေးမယ်”
“မေးပါ”
“အခုလို ငွေတစ်သိန်းထဲနဲ့ အခုလို သိန်းပေါင်းများစွာတန်ဖိုးရှိတဲ့ လုပ်ငန်းကြီးဖြစ်လာအောင် အချိန်တို အတွင်းဖြစ်လာအောင် ဘယ်လိုလုပ်တာလဲ”
“ကျွန်တော်…သန်းကြွယ်သူဌေးကြီးတွေကို အားကျတယ်ဗျာ။ ကိုယ်တိုင်လည်း သန်းကြွယ်သူဌေးကြီး ဖြစ်အောင်လုပ်မယ်လို့ မန္တလေးကို ရောက်ကတည်းက စိတ်ကူးယဉ်ခဲ့တာ”
“အင်း…”
“ကျွန်တော် ညဈေးက အောင်ဝင်း(စိတ်ပညာ)ရဲ့ စိတ်၏စွမ်းအင် ဆိုတဲ့စာအုပ်ဟောင်းကလေးကို ၀ယ်ဖြစ်ခဲ့ပြီး လိုက်နာ ကျင့်သုံးခဲ့လို့ဗျ”
“ဘယ်လို ကျင့်သုံးတာလဲဗျ”
“ကျွန်တော် အကြမ်းဖျင်းပြောပြရရင်တော့ လိုချင်တာမှန်သမျှ စာအုပ်ထဲမှာချရေး၊ ဘယ်နေ့ဘယ်ရက်မှာ ရရှိပိုင်ဆိုင်ချင်တယ်ဆိုတဲ့နေ့ရက်ပါရေးရမယ်။ ပြီးတော့ နေ့တိုင်းမနက် တစ်ကြိမ်၊ ညတစ်ကြိမ် အသံထွက်ဖတ်တယ်”
“ခင်ဗျား…အဲလိုလုပ်တော့ တကယ်ဖြစ်လာတာလား”
“ချက်ချင်းတော့ သတ်မှတ်တဲ့ရက်အတွင်း မဖြစ်ဖူးဗျ။ ကျွန်တော်...ဇွဲ မလျော့ဘူး။ ကျွန်တော်ရေးထားတဲ့ စာကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်နဲ့ အားမရတော့ဘူး။ သွားလေရာ ယူသွားတယ်။ လူရှင်းရင် ထုတ်ဖတ်တယ်။ ဆိုင်မှာ လူမရှိရင် ဖတ်နေတာပဲ။ နောက်တော့ အလွတ်ရ သွားတယ်။ စာအုပ်ကြည့်စရာမလိုတော့ဘူး။ ဒီတော့ အမြဲတန်း နှုတ်က ရွတ်နေတာ။ ပြောရရင်တော့ ဂါထာရွတ်သလို ရွတ်နေတာ”
“အေးဗျာ…ကျွန်တော်တောင် အားကျလာပြီ”
“ကိုကျော်…ဖြစ်အောင်လုပ်ဗျာ…သူများကို အားမကိုးနဲ့ ကိုယ့်အစွမ်းအစကို ကိုယ်ယုံကြည်အောင် လုပ်၊ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ်ကိုမွေးပြီး လုပ်ပါ”
“ကိုစန်း…အိမ်ကို ကျွန်တော် ရောက်ဖြစ်တာ အရမ်းကို တန်ဖိုးရှိသွားပြီဗျာ”
ကိုစန်းကို နှုတ်ဆက်ပြီး ကျွန်တော် အိမ်ကို ပြန်လာခဲ့ပါတယ်။ ကျွန်တော့် အတွေး၊ ကျွန်တော့်စိတ်ကူးတို့ လန်းဆန်းသစ်လွင်နေပါတော့သည်။
xxxxx
ယခု ကျွန်တော်ရေးပြတဲ့ ကိုစန်းဆိုတဲ့သူဟာ ယခုတိုင် အသက်ထင်ရှားရှိနေပါသေးတယ်။ သူက နံမည်ဖော်ပြီး မရေးပါနဲ့ဆိုလို့ ကျွန်တော် မရေးတာပါ။ လူငယ်တစ်ယောက်ရဲ့ အောင်မြင်မှုကို အံ့မခန်း တွေ့မြင်ခဲ့ရတဲ့အခါ ဆရာကြီး ဦးအောင်သင်းရဲ့ ရေးသားချက်ကို သတိရလိုက်ပါတယ်။
“အားကျမိလျှင် အားထုတ်တတ်မြဲ၊ အားထုတ်လျှင်လည်း အားထွက်လာမြဲ၊ အားထွက်လာလျှင်လည်း အားကျခဲ့မိရာပန်းတိုင်ကို ရောက်တတ်မြဲ…….တစ်ခုရှိသည်က မိမိအားကျမိသည်ကို သင့်၏ မသင့်၏ သတိရှိစွာ ချုင့်ချိန်တတ်မှုသည်လည်း အမှန်လိုအပ်သည်”
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂၆-၆-၂၀၁၂)(၁၉း၀၅)နာရီ

0 ကွန်မန့်ရေးရန်:

Post a Comment