Monday, June 18, 2012

Dead dry fetus သန္ဓေသားခြောက်


သန္ဓေသားခြောက် မွေးတာကို ဆေးပညာအရ ဘယ်လိုခေါ်ပြီး အလွယ်နည်း နဲ့ အင်္ဂလိပ် လိုပြောရင် ဘယ်လိုပြောရမလဲ။ နောက်ပြီး ဘယ်လိုကြောင်းတွေကြောင့် သားခြောက်အဖြစ်ပြောင်းလဲသွားပါသလဲ။ သူတို့မှာ ဝိဥာဉ်ရှိနေတယ် ဆိုတာရော ကြားဖူးပါသလား။ ကျေးဇူးပြုပြီး ဘလော့ မှာ ဆောင်းပါးလေး ရေးပေးပါအုံးနော်။

“သန္ဓေသားခြောက်” ဆိုတာ ငယ်ငယ်ကတည်းက ကြားဘူးတယ်။ ဆေးကျောင်းရောက်တော့ မသင်ရဘူး။ ကျောင်းပြီးလို့ လက်တွေ့နယ်မှာလဲ ကိုယ်တိုင် မတွေ့ဘူးဘူး။ ကြိုးစားဖြေဘို့ရာ လေ့လာမှုနယ်ကို ချဲ့ပါတယ်။ အင်္ဂလိပ်လိုစာနဲ့ ရိုက်ရှာတာလဲ မတွေ့ပြန်ပါ။ ဒါဖြင့် မြန်မာပြည်မှာသာ ရှိတာလား။ ပြောနေကြတာလား။

မြန်မာလိုရေးပြီး (အင်တာနက်) မှာတင်တာ နည်းနည်းပါးပါး တွေ့ရတယ်။


1. လူခြောက်ကလေး (အမိဝမ်းမှာကတည်းက သေနေသောရုပ်ကလပ်ကို ထိုကလေး မသေခင်က စွဲလမ်းသောကြောင့် ရုပ်ကလပ်မှာ စုတည်စိတ် ကပ်ငြိပြီး ဖြစ်ပေါ်လာသောပြိတ္တာ တစ်မျိုးလို့ထင်ပါတယ်။)
2. လူခြောက် ဟူသည် ဘုံဘဝတမျိုးမှ သတ္တဝါမဟုတ်ပါ၊ ခန္ဓာငါးပါးရှိသည့် လူ့ဘဝ၌ပင် ဇလာဗုဇ ပဋိသန္ဓေ နေကြသူများ ဖြစ်ပါသည်။
3. လူခြောက်သည် အသက်ရှင်ခြင်း၊ အာဟာရမှီဝဲခြင်း၊ ကျင်လည်လှုပ်ရှားခြင်း မရှိ၊ ၄င်းအား မှီတွယ်စွဲဝင်နေသော ဝေမာနိက ပေတ၊ ဂန္ဓဗ္ဗ၏ သဘောသဘာဝ အတိုင်းသာလျှင် ဖြစ်ကြောင်း မှတ်သားသင့်ပါသည်။ အမိဝမ်းတွင်းတွင် သေဆုံးပြီး ဝေမာနိကပေတ ဂန္ဓဗ္ဗ မဖြစ်၊ သို့မဟုတ် မှီတွယ် စွဲကပ်မှု မရှိ၍ မထူးမခြား အသေအတိုင်း မွေး၍ စွန့်ပစ်ရသော လူခြောက်များလည်း ရှိသေးကြောင်း သိရပါသည်။

အင်္ဂလိပ်လို တင်တာတွေထဲမှာ သန္ဓေသားကို အခြောက်မှုံ့လုပ်ပြီး ဆေးဖေါ်တာတွေကိုသာ တွေ့ရပါတယ်။
• ၇-၅-၂ဝ၁၂ Thousands of pills filled with powdered human baby ပျက်စီးသွားတဲ့ လူ့သန္ဓေသားနဲ့ လုပ်ထားတဲ့ ဆေးတောင့် ထောင်ပေါင်းများစွာ
• ၇-၅-၂ဝ၁၂ Koreans busted for stamina pills made from dead babies ကိုရီးယားမှာ ပျက်စီးသွားတဲ့ လူ့သန္ဓေသားနဲ့ လုပ်ထားတဲ့ အားဆေးတွေ ဖမ်းဆီးရမိ
• ၇-၅-၂ဝ၁၂ China makes “medicinal” pills from aborted babies တရုပ်ပြည်မှာ ပျက်စီးသွားတဲ့ လူ့သန္ဓေသားနဲ့ ဆေးတွေထုတ်လုပ်
• ၈-၅-၂ဝ၁၂ Aborted Human Babies Used as Cure-All Medicine in Asian Countries အာရှနိုင်ငံတွေမှာ ပျက်စီးသွားတဲ့ လူ့သန္ဓေသားနဲ့ လုပ်ထားတဲ့ ရောဂါမှန်သမျှ ပျောက်မဲ့ဆေးဖေါ်စပ်

ကျွန်တော်တို့လူမျိုးတွေ ပြောကြတဲ့ သန္ဓေသားခြောက်၊ လူခြောက်လေးမွေးတယ်ဆိုတာ ဘာဖြစ်မလဲ မှန်းဆကြည့်ပါမယ်။ ကိုယ်ဝန်ပျက်တယ်ဆိုတာ ကလေး၊ သန္ဓေသားမထွက်ခင် သွေးအရင်ဆင်းတယ်။ ကိုယ်ဝန်ရင့်ရင် ရင့်သလို သွေးဆင်းတာ များတယ်။ အများအားဖြင့် ကိုယ်ဝန်နုချိန်မှာ ပျက်ရင်၊ ဖျက်ရင် သွေးလို့သာ ထင်ရ၊ မြင်ရမယ်။ နဲနဲ သတိထားကြည့်မှ (တစ်ရှူး) လို့ ခေါ်တဲ့ အသားစလေးတွေ တွေ့မယ်။ မှန်ဘီလူးနဲ့ စစ်မှသာ (တစ်ရှူး) က သန္ဓေသား နဲ့ အချင်းခွဲသိနိုင်တယ်။ တချို့မှာ ကိုယ်ဝန်ပျက်တာ သိတောင်မသိဘဲ ဖြစ်တယ်။ ရာသီသွေး နဲနဲပိုဆင်းတာမျိုးသာရှိတယ်။

ကလေး အသေမွေးတာကို Stillbirth (SB) ခေါ်တယ်။ ပုံမှန်ဆိုရင် အထဲမှာ ကလေးသေသွားရင် မအေရဲ့ သားအိမ်က ညှစ်လာပြီး ကလေးကို မွေးထုတ်မယ်။ Stillbirth အများစုဟာ နေ့စေ့လစေ့ဖြစ်တယ်။ ၁၅-၃၅% သော ကလေး အသေမွေးသူတွေမှာ အကြောင်းရင်းရှာမရပါ။ ကိုယ်ဝန် ၂ဝ ပါတ် (၅ လ) အတွင်း ပျက်ရင် ကိုယ်ဝန်ပျက်တယ်လို့ ခေါ်တယ်။ ၂ဝ ပါတ်ထက် ရင့်နေတာကနေ အသက်မရှင်တဲ့ကလေးမွေးရင် Stillbirth ခေါ်တယ်။ အနောက်နိုင်ငံတွေမှာ ကိုယ်ဝန် ၁၁၅ ကနေ ၂ဝဝ မှာ ၁ ယောက် ကလေး အသေမွေးတယ်။ ကလေးအသေမွေးတာ လျှော့ကျလာတယ်။ တကမ္ဘာလုံးကို တွက်ချက်ရင် ၁၉၉၅ တုံးက ၂၂့၁% ရှိခဲ့ရာကနေ ၂ဝဝ၉ မှာ ၁၈့၉% အထိကျလာတယ်။

Stillbirth ဖြစ်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိတယ်။ အများဆုံးတွေက -
1. Placenta problems အချင်း မူမမှန်ဖြစ်ခြင်းများ၊
2. Birth defects ကလေးအင်္ဂါချို့ယွင်းချက်ပါနေခြင်း၊ ဥပမာ Pulmonary hypoplasia ရောဂါ၊
3. Growth Restriction ကလေးဖွံ့ထွားမှု ကန့်သတ်သွားခြင်း၊ ဥပမာ ကလေး သေးလွန်းခြင်း၊ အောက်စီဂျင်မဝခြင်း၊
4. Bacterial infections မိခင်ဖြစ်ဖြစ် ကလေးကိုဖြစ်ဖြစ် ပိုးဝင်ခြင်း၊

တခြားအကြောင်းတွေက -
1. Chromosome abnormalities (ခရိုမိုဇုမ်း) မမှန်ခြင်း၊
2. Injuries ထိခိုက်ဒဏ်ရာရခြင်း၊
3. Maternal diseases မိခင်မှာ ဆီးချို၊ သွေးတိုး၊ အတက်ရောဂါ၊
4. Umbilical cord problems ချက်ကြိုးမူမမှန်ဖြစ်ခြင်းများ၊
5. Sudden severe blood loss ရုတ်ရက်သွေးယိုခြင်း၊ placental abruptions အတွင်းထဲ အချင်းကွာကျခြင်း၊
6. Cardiac arrest မိခင် နှလုံးခုန်ရပ်ရာကနေ ကလေး နှလုံးခုန်ရပ်သွားခြင်း၊
7. Postdate pregnancy နေ့စေ့ပေမဲ့ မမွေးခြင်း၊
8. Rh disease မအေနဲ့ ကလေး (အာရ်အိတ်ခ်ျ) မတူဖြစ်နေခြင်း၊
9. Radiation poisoning ဓါတ်ရောင်ခြည်သင့်ခြင်း၊

Coffin birth ခေါ်တာလဲ ရှိသေးတယ်။ ဆေးစာနဲ့ဆို Postmortem fetal extrusion လို့ တိတိကျကျ ခေါ်တယ်။ ကိုယ်ဝန်ဆောင် မိခင်တယောက် သေဆုံးပြီး ပုတ်ပွနေချိန်မှာ ဗိုက်ထဲမှာ ဖိအားဖြစ်လာလို့ ကလေးအသေ ဗဂျိုင်းနားကနေ မွေးလာတာမျိုး ဖြစ်တယ်။ ကလေးအသေက အဲလိုပုတ်ပွနေတာ မဟုတ်ဘူး။

(Postmortem changes လူသေရင် ဘယ်လိုဖြစ်လာသလဲ) အထဲမှာ ဒီလိုရေးထားပါတယ်။ “Mummification (မမ်မီ) ဖြစ်စဉ်ဆိုတာ လေဝင်-လေထွက်ကောင်းနေမယ်၊ ပတ်ဝန်းကျင်က ခြောက်သွေ့ပြီး နွေးနေမယ်ဆိုရင် သေဆုံးပြီး ၁ ပါတ် အကြာမှာ (မမ်မီ) ဖြစ်စဉ် အစောဆုံးဖြစ်နိုင်တယ်။ ဒီအတိုင်းထားရင် ၃-၆ ပါတ်မှာ ပြည့်စုံသွားမယ်။ ပေါ်နေတဲ့ လက်ချောင်းတွေ၊ ခြေချောင်းတွေမှာ သိသာတယ်။ ရှေးဟောင်း အီဂျစ်မှာ တမင်တကာ Embalming the body လုပ်ပေးရတာမျိုးသဘော အလိုလို ဖြစ်လာတာမျိုးကို ပြောတာဖြစ်တယ်။ မြန်မာပြည်မှာ အဲလိုဖြစ်တော့ ကွယ်လွန် (ပျံလွန်) ပြီးတော့ တန်ခိုးပိုကြီးစေတယ်။” ဒါကြောင့် အသေမွေးလာတဲ့ကလေးဟာလဲ အဲလိုအခြေအနေတွေနဲ့ ကိုက်ညီနေရင် အခြောက်ကလေး ဖြစ်နေနိုင်တယ်လို့ ယူဆပါတယ်။

ချုပ်ရေးရရင် ဆေးပညာမှာ သန္ဓေသားခြောက်ကို လေ့လာထားတာ၊ သုတေသနလုပ်တာ မရှိသလောက်ပါ။ သိလာတာ ရှိရင်တော့ ရေးပါမယ်။ ဝိဥာဉ်အကြောင်းအရာ ဆေးပညာနဲ့ လက်လှမ်းမမီပါ။

• Postmortem changes လူသေရင် ဘယ်လိုဖြစ်လာသလဲ http://dts-medicaleducation.blogspot.in/2012/04/postmortem-changes.html

Dr. တင့်ဆွေ
၁၈-၆-၂ဝ၁၂

0 ကွန်မန့်ရေးရန်:

Post a Comment