Wednesday, December 5, 2012

မြန်မာ့ စီးပွားရေး သတင်းများ နိုဝင်ဘာ ၂၀၊ ၂၀၁၂


မြန်မာ့ စီးပွားရေး သတင်းများ နိုဝင်ဘာ ၂၀၊ ၂၀၁၂

မည့်သည့်နေရာတွင်မဆို ကား ဝယ်ယူနိုင်ခွင့်မူ ရောင်းဝယ်သူများ လိုလား

ပြည်တွင်းတွင် အမှန်တကယ် အသုံးပြုသူများ အတွက် မည်သည့်နေရာ ဒေသတွင်မဆို

မော်တော်ယာဉ် ဝယ်ယူနိုင်ခွင့်မူ ချပေးသင့်ကြောင်း မော်တော်ယာဉ်တင်သွင်းသည့် ကုမ္ပဏီကြီးများက ဆိုသည်။

“ကားတစီးပဲ လိုချင်ချင်၊ နှစ်စီးပဲ လိုချင်ချင် ပြည်ပကို လှမ်းမှာရတာ ဝယ်ယူ သုံးစွဲသူတွေအတွက် အခက်အခဲ အတားအဆီး ဖြစ်စေပါတယ်။ အမှန်တကယ် သုံးစွဲလိုသူတွေအတွက် ဘယ်နေရာ၊ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ဝယ်ယူနိုင်ခွင့်မူကို ချပေးသင့်ပါတယ်” ဟု ရွှေယမုံ ကားအရောင်းပြခန်းမှ မန်းနေးဂျင်းဒါရိုက်တာ ဦးထွန်းအေး က ပြောသည်။

လက်ရှိအချိန်အထိ ပြည်တွင်းရှိ အရောင်းပြခန်းများတွင် ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး ယာဉ်သွင်းခွင့် အထူးပါမစ်စလစ် ပါရှိသူများကိုသာ ရောင်းချခွင့် ပေးထားသည်။

“ပါမစ်ဆိုတာလည်း မရှိသင့်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် လူတဦးချင်း ကားတင်သွင်းခွင့်ကို လျှောက်ခွင့်
ပေးထားပြီးပြီ။ အဲဒီလူတွေက ကိုယ်တိုင် ဘဏ်စာရင်း ဖွင့်တာ၊ ပြည်ပကုမ္ပဏီတွေဆီ လှမ်းဝယ်ဖို့ နိုင်ငံတကာကနေ သင်္ဘောနဲ့သယ်ယူတာ၊ ပြည်တွင်း အကောက်ခွန်ကိစ္စတွေကို တဦးချင်း လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ကိစ္စတွေကို လုပ်ဆောင်ဖို့ဆိုတာ အတော်လက်ဝင်မယ့် ကိစ္စတွေပါ” ဟု ကမာရွတ်မြို့နယ်၊ ရွာမကျောင်းလမ်းပေါ်ရှိ ကားအရောင်းပြခန်း ဖွင့်လှစ် ရောင်းချနေသူ လုပ်ငန်းရှင် တဦးက ပြောသည်။

ပါမစ်စနစ်ကြောင့် ပါမစ်ဖြင့် ကိုယ်တိုင်သုံးစွဲရန် ဝယ်ယူသူများအတွက် အခက်အခဲ ရှိသည်ဟု ဆိုသည်။

“ပြည်ပနိုင်ငံတွေမှာလို အရောင်းပြခန်းတွေမှာ ကားကို အလွယ်တကူ ဝယ်ယူနိုင်တဲ့ အနေအထား မရောက်သေး ပါဘူး။ အလွယ်တကူ ဝယ်ယူနိုင်တဲ့ အနေအထား ရောက်သင့် နေပါပြီ” ဟု ရန်ကုန်-အင်းစိန်လမ်းမပေါ်ရှိ ကား အရောင်းပြခန်း တခုမှ အရောင်းမန်နေဂျာတဦး က ဆိုသည်။

ထို့အပြင် တဦးချင်း ဝယ်ယူခွင့် လျှောက်ထားရသည့် ကိစ္စများကြောင့် ကြားတဆင့်ခံ ပွဲစားများ ပေါ်ပေါက်လာခဲ့ ရပြီး နောက်ဆက်တွဲပြဿနာများလည်း ရှိလာသည်ဟု ဆိုသည်။

“ကြားတဆင့်ခံ ပွဲစားတွေကြောင့် ကားသုံးစွဲသူတွေက တိုက်ရိုက်နာမည်ပေါက် မဟုတ်ဘဲ ပါမစ်လျှောက်ပြီး
ရောင်းစားတဲ့ ကုမ္ပဏီတွေဆီကပဲ ပြန်ဝယ်သုံးကြရတာ များတယ်။ ကားဝယ်သူရဲ့ တိုက်ရိုက်နာမည်ပေါက် မဟုတ်တဲ့အတွက် ကားတိုက်မှု ရာဇဝတ်မှုတွေ ဖြစ်ခဲ့ရင် ကားပိုင်ရှင်ကို လိုက်ရှာရတာ ခက်ခဲနိုင်တယ်။ သက်တမ်းတိုးမယ့် နေရာမှာလည်း ကားပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး ပြဿနာတွေ ရှုတ်ထွေးလာနိုင်တယ်” ဟု ရှေ့နေ ဦးလှမျိုး က သုံးသပ်ပြောကြားသည်။




နယ်စပ်ကုန်သွယ်ရေး တရားဝင်ထက် တရားမဝင်က ပိုများ

တရားမဝင် ကုန်သွယ်မှုများကြောင့် နယ်စပ်ကုန်သွယ်ရေး ကုန်သွယ်မှုများ သိသာစွာ တိုးတက်မှု မရှိခဲ့ကြောင်း မူဆယ် ကုန်သည်များအသင်း၌ သြဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်သည့် တရားမဝင် ရောင်းဝယ်မှု လျော့နည်း ပပျောက်ရေး ညှိနှိုင်း အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး တဦးက ပြောကြားလိုက်ခြင်းဖြစ်သည်။

“၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ဇူလိုင်လကုန် အထိ ၄ လ အတွင်း မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းရဲ့ သွင်းကုန် တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃၆ သန်းဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ဖော်ပြထားတဲ့ စာရင်းအရ ပို့ကုန်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၅၂ဝ ဖြစ်နေခဲ့ပါတယ်။ ဒီနှစ်ခုရဲ့ ကွာခြားချက် အမေရိကန် ဒေါ်လာ ၄၈၄ သန်းဟာ တရားမဝင် တင်သွင်းပါ။ တရားမဝင် လမ်းကြောင်းက သွားနေခြင်းက တရားဝင် လမ်းကြောင်းထက် ၁၄ ဆ ကျော် တင်သွင်းမှု ရှိနေပါတယ်” ဟု ထိုအရာရှိက ဆိုသည်။

ယခင်က တင်ပို့ခွင့်မရှိသော ဆန်၊ နှမ်းနီ၊ နှမ်းနက်၊ ဆန်ကွဲများ တင်ပို့ခွင့်များနှင့် မော်တော်ယာဉ် အမျိုးမျိုးနှင့် အပိုပစ္စည်း တင်သွင်းခွင့်ပြုခြင်းကို ယခင်နှစ်က စတင် ဖြေလျှော့ပေးခဲ့သော်လည်း ကုန်သွယ်မှုပမာဏ သိသာစွာ တိုးတက်မှု မရှိခဲ့ဟု ဆိုသည်။

“တရားမဝင် ကုန်သွယ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကို အသုံးချပြီး သူတို့တွေရဲ့ ထုတ်ကုန်သစ်တွေကို လက်တည့်စမ်းသပ်တာမျိုး၊ ဘေးဥပါဒ် ဖြစ်စေနိုင်တဲ့ အစားအသောက်တွေ ရောင်းချတာမျိုးတွေ၊ အရင်း နည်းနည်းနဲ့ အမြတ်အစွန်းများတဲ့ ကုန်တွေကို အမြန်ထုတ်လုပ် ရောင်းချတာမျိုးတွေလည်း ရှိခဲ့ပါတယ်” ဟု မူဆယ် - နမ်းခမ်း ကုန်သည်များအသင်းက တာဝန်ရှိသူ တဦးက ပြောသည်။

၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အတွင်း နယ်စပ်စခန်းများအလိုက် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာဖြင့် မြန်မာ-တရုတ် နယ်စပ်တွင် မူဆယ်စခန်းမှ ၂၇၆၈.၈၈ သန်း၊ လွယ်ဂျယ်စခန်းမှ ၃.၄၆၉ သန်း၊ ချင်းရွှေဟော်စခန်းမှ ၇၃.၃၁ဝ သန်း၊ ကန်ပိုက်တီးစခန်းမှ ၁၃၆.၂၆ဝ သန်း၊ မြန်မာ-ထိုင်း နယ်စပ်တွင် တာချီလိတ်စခန်းမှ ၄၅.၈၇၈ သန်း၊ မြဝတီစခန်းမှ ၂၄.၅၂၅ သန်း၊ ကော့သောင်းစခန်းမှ ၁၂၁.၉ဝ၉ သန်းနှင့် မြိတ်စခန်းမှ ၁၃၄.၉၉၂ သန်းဖိုး ရှိခဲ့သည်။ထိုကာလ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စစ်တွေစခန်းမှ အမေရိကန်ဒေါ်လာ ၁၅.၃၃၆ သန်း၊ မောင်တော စခန်းမှ ၈.၅၂၄သန်း၊ မြန်မာ-အိန္ဒိယ နယ်စပ်တွင် တမူးစခန်းမှ ၇.၁၇ဝသန်း၊ ရိဒ်ခေါဒါစခန်းမှ ၈.၂၃၉ သန်းဖိုးတို့ ရှိခဲ့ကြောင်း သိရှိရသည်။




ထားဝယ် အထူးစီးပွာရေးဇုန် ဦးစားပေး စီမံကိန်းများ ၂၀၁၅ အပြီး လုပ်မည်

ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးတွင် အဓိက ဦးစားပေး စီမံကိန်းများကို ၂၀၁၅ တွင် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ ယမန်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့၌ ကျင်းပသော အာဆီယံ-တရုတ် အစည်းအဝေးအတွင်း ပြင်ပ၌ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်းလတ်တို့ သီးခြားတွေ့ဆုံပြီး ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေး ကြသည်။ စီးပွားရေးဇုန်နှင့် ဆက်စပ်လျက်ရှိသော စီမံကိန်းများအနက် ထိုင်းနိုင်ငံမှ ပူးပေါင်းဆောင်ရွက်ရန်ရှိသည့် လမ်းများ၊ လျှပ်စစ်စက်ရုံ၊ ရေပေးဝေရေး၊ ရေဆိုးစွန့်စနစ်၊ ရထားလမ်း အပါအဝင် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းအတွက် နှစ်နိုင်ငံပူတွဲကော်မတီ အစည်းအဝေးကို ယခုနှစ် ဒီဇင်ဘာတွင် ထပ်မံကျင်းမည် ဖြစ်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment