(ယာစိတကူ ပမာ ကာမာ)၊ ဥပမာ သော်ကာ…
လူတစ်ယောက်သည်
၎င်း၏ မိတ်ဆွေသူဌေးတစ်ဦးထံမှ အထက်တန်းကျသော သူတို့သာလျှင် စီးနင်းသော
ယာဉ်ရထား၊ ပတ္တမြားနားတောင်း၊ ၀တ်ကောင်း စားလှတို့ကို ငှားရမ်း ၀တ်ဆင်လျက်
လူစည်ကားသော ဈေးအတွင်းသို့ လှည့်လည် သွားလာ၍ နေရာ၏။ ထိုသူအား
မြင်ရသူအပေါင်းတို့က အချင်းတို့... ဤယောက်ျားသည် ပစ္စည်းဥစ္စာ
ချမ်းသာလေစွတကား၊ ချမ်းသာသော သူများသည် ဤသို့ပင် ခံစားကြကုန်၏ဟု အံ့သြသော
အနေဖြင့် ချီးမွမ်းကြကုန်၏။
ထိုသို့
လူအပေါင်းတို့ ချီးကျူးနေသည့် နေရာ၌ပင်လျှင် ပစ္စည်း၏ မူလပိုင်ရှင်ဖြစ်သော
သူဌေးသည် လာ၍ ထိုမိမိ ငှားရမ်းလိုက်သော ပစ္စည်းတို့ကို ပရိသတ် အလယ်တွင်
သိမ်းယူလေရာ၏။
ယင်းသို့
သိမ်းယူသဖြင့် အရှက်ရကား တစ်မျိုးတစ်ဖုံ ဖြစ်သွားပေသည်။ ထို့အတူ
ကာမတရားတို့သည် သူတစ်ပါးထံမှ ငှားရမ်းထားသော ပစ္စည်းနှင့်တူသည်ဟု
မြတ်စွာဘုရားဟောတော်မူထားသည်ကို သဘောပေါက်နားလည်သော တပည့်သား သာဝကသည် မိမိ၏
အပိုင်ပစ္စည်း မဟုတ်သော အငှားပစ္စည်း ဖြစ်သည့် ထိုကာမတရားတို့ကို
ရှောင်ရှားစွန့်ပစ်လေရာ၏။
အသီးပြည့်ဝ-ဤကာမ
(ရုက္ခဖလူပမာကာမာ) ဥပမာသော်ကား...
ရွာနိဂုံး၌
မနီးမဝေးသော အရပ်၌ သစ်ပင်ထူထပ်သော တောအုပ်တစ်ခု ရှိလေသည်။
ထိုတောအုပ်အ၀င်ဝ၌ မှည့်သော အသီးနှင့် ပြည့်စုံသော သရက်ပင်တစ်ပင် ရှိလေသည်။
ထိုသရက်ပင်၏ အသီးကား အလွန်ချိုမြိန် ကောင်းမြတ်၏။ သို့ရာတွင်အပင်၏ အောက်၌
ကြွေကျသော အသီးတစ်လုံးမျှမရှိပေ။ ထိုနေရာသို့ သရက်သီးကို လိုချင်၍ တောသို့
ဝင်လာသော ယောက်ျား တစ်ယောက်သည် သရက်သီးကို ရှာရင်း ထိုသရက်ပင်၏ အနီးသို့
ရောက်ရှိလာလေသည်။
ထိုယောက်ျားအား “ဤသရက်ပင်၌ရှိသော
အသီးတို့သည် အလွန်ချိုမြိန်ကောင်းမြတ်သော အသီးတို့ဖြစ်ကုန်၏။ များပြားသော
အသီးလည်းရှိ၏။ မြေ၌ ကြွေကျသော အသီးတစ်လုံး တစ်လေမျှမရှိပေ၊ သို့ရာတွင်
ငါကား သစ်ပင်တက်ရာ၌ ကျွမ်းကျင်၏။ ဤသရက်ပင်သို့ တက်၍ အလိုရှိတိုင်း
ဝမ်းဝအောင် စားပြီးမှ ခါးပိုက်တွင်ထည့်၍ အိမ်သို့ ပြန်ရသော် ကောင်း၏”ဟု အကြံအစည်ဖြစ်သည့်အတိုင်း သရက်ပင်သို့ တက်၍ စားလည်း စားသည်။ ခါးပိုက်သို့လည်း ထည့်လေသည်။
ထို့နောက်ထိုသူကဲ့သို့ပင်
သရက်သီးရှာရန် ထက်စွာသော ဓားတစ်ချောင်းကို ထမ်း၍ ဒုတိယလူသည် လာရာ၏။
ထိုသူလည်း အသီးတို့ဖြင့် ပြည့်၍ ကောင်းမြတ်ချိုမြိန်သော အရသာရှိသည့်
ထိုသရက်ပင်ကို မြင်သည်နှင့် သရက်ပင်ကို ကြည့်၍ “ဤသရက်ပင်သည်
အသီးလည်းပြည့်သည်၊ အရသာလည်း ချိုမြိန် ကောင်းမြတ်သည်။ မြေ၌ ကြွေကျသော
အသီးလည်း မရှိ၊ ငါသည်လည်း သစ်ပင်မတက်တတ်၊ ငါသည် ဤသရက်ပင်ကို အရင်းမှ
ဓားနှင့်ခုတ်လှဲ၍ အသီးတို့ကို အလိုရှိတိုင်း စားလျက် ခါးပိုက်အပြည့်ထည့်၍
အိမ်ယူရသော ကောင်းလေစွ”ဟု အကြံရသည့်အတိုင်း သရက်ပင်ကို အရင်းမှ
ခုတ်ဖြတ်လေသည်။
ယင်းသို့
ခုတ်လှဲသောအခါ ရှေးဦးစွာ သရက်ပင်ပေါ်သို့ တက်နေသောသူသည် အကယ်၍ လျင်မြန်စွာ
မဆင်းသက်ငြားအံ့။ ထိုသစ်ပင်လဲသည်ရှိသော်- လက်ခြေ
အင်္ဂါတစ်ခုခုသော်လည်းကောင်း ကျိုးပြတ်ချွတ်ယွင်း ပျက်စီးရာ၏။ သစ်ပင်လဲလျှင်
ထိုသစ်ပင်လဲခြင်းကြောင့် သေသော်လည်း သေဆုံး ရာ၏။ မသေသော်လည်း သေလောက်သော
ဆင်းရဲသို့ ရောက်ရာ၏။
ထို့အတူ
အာရုံငါးပါး ကာမတရားတို့သည် အသီးပြည့်သော သစ်ပင်နှင့်တူ၏ဟု
မြတ်စွာဘုရားဟော သည်။ ပထမ သရက်ပင်သို့ တက်သော ယောက်ျားသည် သရက်သီးကိုသာ
တပ်မက်စားသောက်နေပါက ကြီးစွာသော ဆင်းရဲနှင့် တွေ့ရမည်ကဲ့သို့ ကာမတရားတို့၌
မစွန့်မခွာတပ်မက်၍သာ နေပါလျှင် သံသရာဝဋ်ဆင်းရဲမှ မထွက်မြောက်နိုင်ဘဲ
ရှိမည်ကို မြင်တော်မူသော မြတ်စွာဘုရားသည် ထိုထိုကာမအာရုံ အလုံးစုံကို
ပယ်ခွာပြတ်ရှင်း လွတ်မြောက်ခြင်းဖြစ်ရန် ဟောတော်မူခြင်းဖြစ်သည်။
(ပဉ္စကနိပါတ် အင်္ဂုတ္တရ ပါဠိတော် ၈၇တွင် “စဉ်းတီးတုံး ဥပမာ၊ လှံတံကျင် ဥပမာ၊ မြွေဦးခေါင်း ဥပမာ”တို့ဖြင့်လည်း ပြသေး၏)။
(ဤကား မဇ္ဈိမပဏ္ဏာသပါဠိတော် ပေါတလိယသုတ် ၂၇တွင် ဟောတော်မူထားချက် ကို မြန်မာပြန်၍ ထည့်လိုက်သည်)။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
ဘာသာရေးစာပေများကို ♣☺ မေတ္တာရိပ် ☺♣ မှာလည်း လာရောက်ဖတ်ရူလေ့လာနိုင်ပါသည်။
0 ကွန်မန့်ရေးရန်:
Post a Comment