နတ်သားလေး နေလှိုင်း
(၇)
ပါဠိတော်
“ကောစ ဘိက္ခဝေ ကာမာနံ အာဒီနဝေါ။ လ။ ကာမဟေတု ကာမနိဒါနံ ကာမာဓိကရဏံ ကာမာန မေ၀ ဟေတု”
မြန်မာပြန်
“ရဟန်းတို့-ကာမဂုဏ်တို့၏အပြစ်သည်
အဘယ်နည်း၊ ရဟန်းတို့--လောက၌ အမျိုးသားသည် လက်ဆစ်ချိုး
ရေတွက်ခြင်းအတတ်ဖြင့်ဖြစ်စေ၊ ဂဏန်းသင်္ချာအတတ်ဖြင့်ဖြစ်စေ၊ လယ်လုပ်ခြင်း,
ကုန်သွယ်ခြင်းဖြင့်ဖြစ်စေ၊ မင်းမူထမ်းခြင်းဖြင့်ဖြစ်စေ၊ အခြားတစ်ပါးသော
အတတ်ဖြင့်ဖြစ်စေ၊ အတတ်ပညာ တစ်မျိုးမျိုးဖြင့် အသက်မွေးဝမ်းကျောင်းရှာရာ၌
အအေးကို ရင်ဆိုင်ရလျက်၊ အပူကိုရင်ဆိုင်ရလျက်၊
မှက်-ခြင်-ယင်-လေပူ-နေပူ-မြွေ-ကင်းတို့၏ အတွေ့အထိကို ခံရလျက်၊ ငတ်မွတ်ခြင်း
နှိပ်စက်၍ အသက်ကို အသေခံရလျက် အသက်မွေးရ၏။ ဤသည်ကား ကာမဂုဏ်အရင်းခံ၊
ကာမဂုဏ်လျှင် တည်ရာရှိသော ကာမဂုဏ်တို့ကြောင့်သာလျှင် ဖြစ်သော မျက်မှောက်
လက်ငင်း ဆင်းရဲသည့် ကာမဂုဏ်၏ အပြစ်ပေတည်း”
အဓိပ္ပာယ်ရှင်းလင်းချက်
“လောက၌
သတ္တ၀ါတစ်ခုဖြစ်လာလျှင် အာရုံငါးပါး၊ ကာမဂုဏ်တရားအတွက် အနည်းနည်းအဖုံဖုံ
ရှာရဖွေရ အသက်မွေးဝမ်းကျောင်းမူပြုရ၏။ ဂဏန်းသင်္ချာအတတ်ကို သင်၍ ၎င်း အတတ်နှင့်
အသက်မွေးရန် အလုပ်လုပ်ရ၏။ လယ်လုပ်ခြင်း၊ ကုန်ကူးသန်းရောင်းဝယ်ခြင်း၊
နွားအငှာကျောင်းရခြင်း၊ အခစားလုပ်ရခြင်း၊ လက်နက်ကိုင်အမူထမ်းရခြင်း
စသောအားဖြင့် ရေလမ်း၊ ကုန်းလမ်း၊ လေလမ်း ရှောင်နေ၍မရ၊ ချမ်းသည် ပူသည်
ငြင်းနေ၍မဖြစ်၊ မြွေ, ကင်း စသည် ကြောက်နေ၍ မပြီး၊ လေပူ-နေပူမခံနိုင်ဆို၍
မနေရ။ ထမင်းဆာသည်၊ ရေငတ်သည်ဟု ရပ်နေ၍လည်းမဖြစ်။ အသက်ကိုပင် အသေခံ၍
နေ့စဉ်လူပ်ရှား သွားလာပြုလုပ်နေသမျှသည် ထိုခေတ္တသာယာ ဖွယ်ဖြစ်သည့် အာရုံဝတ္ထု
တိုက်ဆိုင်မူအတွက် မျက်မှောက်ဘ၀ ဆင်းရဲရသည့် ကာမဂုဏ်တို့၏ အပြစ်ဟူ၍
ဘုရားဟောသည်။
“ကိစ္ဆော မနုဿ ပဋိလာဘော၊ ကိစ္ဆံမစ္စာနာဇီဝိတံ”
ဓမ္မပဒတွင် ဧရကပတ္တ နဂါးမင်းအား ဘုရားက…
“မနုဿပဋိလာဘော၊
လူ့အဖြစ်ကို ရခြင်းသည် ကိစ္ဆော၊ ငြိုငြင်ပင်ပန်းဆင်းရဲ၏။ မစ္စာနံ၊
သတ္တ၀ါတို့၏ ဇီဝိတံ၊ အသက်တာရှည်နေနိုင်အောင် ပြုစုလုပ်ကျွေးရခြင်းသည်။
ကိစ္ဆံ၊ ငြိုငြင်ပင်ပန်းဆင်းရဲလှ၏”
ဟု ဟောသည်၊ ငယ်စဉ်ကတည်းက အတတ်ပညာ သင်ရ၏။
အလုပ်လုပ်ဖို့ဖြစ်၏။ အဘယ်ကြောင့် အလုပ်လုပ်သနည်း။ အာရုံငါးပါး ကာမဂုဏ်
အတွက်လုပ်သည်။ ဤကာမဂုဏ်အတွက် ရှာဖွေရသည်မှာ ကာမဂုဏ်အတွက်သာ ဖြစ်သည့်အပြင်
မတရားစီးပွားရှာခြင်းသည် အကုသိုလ်နှင့် ရင်းနှီးခြင်းသည် ပို၍ ဆိုးပေသည်။
ဆက်လက်၍ မြတ်စွာဘုရားသည်...
(၈)
“တဿစ ဘိက္ခဝေ ကုလပုတ္တဿ ဧ၀ံ ဥဋ္ဌ-ဟတော ဃဋတော ၀ါယမတော။ လ။ ကာမဟေတု ကာမနိဒါနံ ကာမဓိကရဏံ ကာမာန မေ၀ဟေတု”
မြန်မာပြန်
ရဟန်းတို့-ကာမဂုဏ်တို့အတွက်
ပစ္စည်းဥစ္စာရှာဖွေသော အမျိုးသားသည် ဤသို့ ထကြွလုံ့လ ၀ီရိယတို့နှင့်
စေ့ဆော်အားထုတ်ရှာဖွေပါလျက် မပြည့်စုံငြားအံ့။ ငါ၏ ထကြွလုံ့လ
ဝီရိယနှင့်ရှာဖွေမူသည် အချင်းနှီးပင်ဖြစ်၏။ ငါကြိုးပမ်းသမျှ
အကျိုးမဲ့ပါတကားဟု ပူဆွေး၏။ ပင်ပန်း၏၊ ငိုကြွေး၏၊
ရင်ဘတ်စည်တီးဆိုမြည်တမ်း၏၊ တွေဝေခြင်းဖြစ်၏။ ဤသည်လည်း ကာမဂုဏ်တို့
အကြောင်းအရင်းခံကြောင့် မျက်မှောက် လက်ငင်း ဆင်းရဲရသော ကာမဂုဏ်တို့၏
အပြစ်ပေတည်း”
အဓိပ္ပာယ်ရှင်းလင်းချက်
ပစ္စည်းဥစ္စာဟူသည်
ကြံစည်တိုင်း၊ ရှာဖွေတိုင်း မိမိတို့အလိုရှိသလို ဖြစ်သည်မဟုတ်၊
ရှာဖွေ၍မရလာ မဖြစ်လာပါကလည်း မိမိကြိုးပမ်းသမျှ လုပ်အားစိုက်၍
ပြုလုပ်ထားရသမျှအတွက် အားအင်ကုန်ခန်း စိတ်ညှိုးနွမ်း၍ ပင်ပန်းခြင်း၊
ပူဆွေးခြင်း၊ ယူကျုံးမရ ငိုကြွေးခြင်း၊ မြည်တမ်းရေရွတ်ခြင်း၊ ရင်ဘတ်စည်တီး
စသော သောက ဒုက္ခတို့ကို ရင်ဆိုင်ကြုံတွေ့တတ်ကြလေသည်။
“ဥစ္စာဟူသည် မျက်လှည့်မျိုး”ဟု
သူဟောင်းတို့ ဆိုရိုးစကားအရ ရှာဖွေတိုင်းလည်း မရ၊ ပြုလုပ်တိုင်းလည်း မဖြစ်
သင်္ခါရ သဘာဝ အနတ္တသဘောဟူ၍ ရှာဖွေပြုလုပ်သူက မသိသော်လည်း ၎င်းတို့ကား
အနတ္တနယ်သားတို့ ဖြစ်၍ မစိုးမပိုင် မနိုင်ချေ။
“နတိ စိန္တာမယာဘောဂါ”
“ဘောဂါ၊ ဥစ္စာပစ္စည်းမျိုးသည်။ နစိန္တာမယာ၊ ကြံစည်လုပ်ကိုင်တိုင်း မပြီးရသတည်း”
ဟု နီတိဆိုရိုးမျိုးလည်း ရှိပေသည်။
ဤကဲ့သို့ လုံ့လကြိုးကုတ် အားထုတ်ရှာဖွေပါသော်လည်း အလိုရှိသလို
ကိစ္စမပြီးချေက “ငါကိုယ်က ကံမကောင်းလို့”ဟူ၍ မမြင်နိုင်သော အတိတ်ကံကို
လုံးဝပုံချလိုက်လေသည်။ ထိုကံဟူသည် အတိတ်ဘ၀က မိမိပြုလုပ်ခဲ့ဖူးသည့်
ကောင်းမူကံ(ကုသိုလ်) မကောင်းမူကံ(အကုသိုလ်) တို့ကို ပြန်လည်
သိရှိနိုင်သည်လည်း မဟုတ်၍ အတိအကျမသိရဘဲ စိတ်ပြေရုံမျှသာရှိ၏။ အချို့တို့ကား
ထိုကုသိုလ်ကံ အကုသိုလ်ကံဟုပင် မသိဘဲ “အနက်အဓိပ္ပာယ် ကင်းသည့်ကံ” ဟူသော
စကားတစ်လုံးသာမှတ်ပြီး ယူမှားလေရာ ထိုအယူအဆကြောင့် မှားယွင်းသော
မိစ္ဆာနယ်ဘက်ရောက်သွားလေသည်။
“ကံဟူမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့် သုခပွားရန်၊ ဤလူဌာန်၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည့်။”
ဟု မဃဒေ၀ လင်္ကာသစ်တွင်
မန်လည်ဆရာတော်ဆိုထားသည်။ ဆိုလိုရင်းမှာ လူဖြစ်ရန်၊ နတ်ဖြစ်ရန်၊
သတ္တ၀ါဖြစ်ရန်မှာ အတိတ်က သင်္ခါရကံကြောင့် ဖြစ်လာရသည်မှာ အထင်အရှားပင်
ပဋိစ္စသမုပ္ပာဒ်က ပြသည်။ ကံဟူသည် သတ္တ၀ါတစ်မျိုးမျိုးဖြစ်အောင်
ပြုလုပ်ပေးမူဖြစ်၍ သတ္တ၀ါတစ်ခုဖြစ်မူ၌ အရင်းခံမူလ အမှန်ပင်။ ထိုကံက
“သင်္ခါရပစ္စယာ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာ ယတန၊ ဖဿ-ဝေဒနာ” ခန္ဓာငါးပါး
ဒုက္ခသစ္စာတရားဖြစ်အောင် ပြုလုပ်ပေးလိုက်ပြီးသောအခါ ထိုဖြစ်ရာဘ၀၌
ဥစ္စာပစ္စည်းရမူ၊ ဘေးရန်ကင်းမူ၊ အသက်ရှည်မူ စသည်ကား ဉာဏ်-၀ီရိယတို့နှင့်
ယှဉ်တွဲပြုပြင်ပါမှ ဖြစ်မည့် အကြောင်းကို ဖွဲ့ဆိုထားခြင်းဖြစ်လေသည်။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်
0 ကွန်မန့်ရေးရန်:
Post a Comment