Saturday, December 15, 2012

နေပြည်တော် ကားပြပွဲတွင် ကုန်ပစ္စည်း၏ ၃၀ ရာခိုင်နှုန်းကို ပေးချေရုံဖြင့် လက်ဝယ်ပိုင်ဆိုင် နိုင်မည်

ဒီဇင်ဘာ ၁၂ ရက်နေ့ နေပြည်တော် ကုန်စည်ပြပွဲနှင့် ကားပြပွဲတွင် ခင်းကျင်းပြသထားသော မော်တော်ကားများကို တွေ့ရစဉ်။

မြဝတီ | ဒီဇင်ဘာ ၁၃ရက်၊ ၂၀၁၂

ဒီဇင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ (၅)ရက်တိုင် နေ့စဉ်နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပြသရောင်းချပေးမည်ဖြစ်ပြီး ကမ္ဘောဇဘဏ် လီမိတက်၏ Authorize Dealer ရရှိထားသော ကုမ္ပဏီများမှ မော်တော်ကားအပါအဝင် ဝယ်ယူမည့် ကုန်ပစ္စည်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို လက်ငင်းပေးချေရုံမျှဖြင့် လက်ဝယ်ပိုင်ဆိုင်နိုင်မည် . . .

နေပြည်တော် ကုန်စည် ပြပွဲနှင့် ကားပြပွဲဖွင့်ပွဲ အခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင် အဆိုပါ ပြပွဲကျင်းပမည့် ဥပ္ပါတ သန္တိစေတီတော် ဘုရားပွဲတော် ကျင်းပသည့်ကွင်းအဝင် မုခ်ဦး၌ ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော် ကောင်စီဝင်များ ဖြစ်ကြသည့် ဦးသန်းဌေးနှင့် ဗိုလ်မှူးကြီး မြင့်အောင်သန်း၊ ပိုင်အောင်ထရေးဒင်း ကုမ္ပဏီ လီမိတက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးနိုင်စိုး၊ ကမ္ဘောဇဘဏ် လီမိတက် နေပြည်တော်တာဝန်ခံ ဦးဇော်ဝင်းနှင့် ဟက်ပီးဝေါလ် ကုမ္ပဏီ လီမိတက်မှ ဒါရိုက်တာ ဒေါက်တာ ဒေါ်နွေးနွေးအောင်တို့က ပြပွဲကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နေပြည်တော် ကောင်စီဝင် များနှင့် တက်ရောက်လာကြ သူများသည် ပြပွဲတွင် ခင်းကျင်းပြသ ထားသည့် ပြခန်းများကို လှည့်လည် ကြည့်ရှု အားပေးကြသည်။

ကုန်စည် ပြပွဲတွင် ပြခန်းပေါင်း ၃၀၀ ကျော်ပါဝင်ပြီး စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများ၊ အဝတ်အထည်နှင့် အသုံးအဆောင်များ၊ ကျန်းမာရေး အထောက်အကူ ပစ္စည်များကို ပြသရောင်းချ ပေးမည်ဖြစ်သည်။

ကားပြပွဲတွင် ပြခန်းပေါင်း ၅၀ကျော် ပါဝင်ပြီး လူစီးကားများ၊ ခရီးသည်တင်ယာဉ်ကြီးများ၊ လုပ်ငန်းသုံး ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်သုံး စက်ဆီ၊ ချောဆီများကို ပြသရောင်းချပေးမည်ဖြစ်သည်။

ပြပွဲကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ (၅)ရက်တိုင် နေ့စဉ်နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပြသရောင်းချ ပေးမည်ဖြစ်ပြီး ကမ္ဘောဇဘဏ် လီမိတက်၏ Authorize Dealer ရရှိ ထားသော ကုမ္ပဏီများမှ မော်တော်ကားအပါအဝင် ဝယ်ယူမည့် ကုန်ပစ္စည်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို လက်ငင်းပေးချေရုံမျှဖြင့် လက်ဝယ်ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးရရှိမည် ဖြစ်ကြောင်း သိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment