Sunday, December 16, 2012

ကျွန်ုပ်နှင့် မြန်မာပြည်မှ ထူးဆန်းထွေလာများ (သရ်ာစာ)







by Ko Htike on Saturday, December 15, 2012 at 4:10am 

တနေ့သ၌ ... ကျွန်ုပ်သည် .. ထူးဆန်းထွေလာ ဖြစ်ရပ်များကို စိတ်ဝင်စားပြီး .. နက်နဲသည့် ရှေးဟောင်း ဂရိ စာပေ ကျမ်းဂန်များထဲမှ နတ်ဘုရားများ အကြောင်း၊ အီဂျစ်က ဆေးစိမ် မံမီများအကြောင်း၊ ဟိန္ဒူအယူအဆများထဲမှ နတ်ဘုရားများအကြောင်း၊ ဗေဒင်နှင့် နက္ခတ္တ ဗေဒ ဘာသာရပ်များအကြောင်း၊ ဖရန်ကန်စတိုင်းကဲ့သို့ ဖုတ်သွင်းလူသားများအကြောင်း ... စသည့် နက်နဲသော ဘာသာရပ်များကို ထဲထဲဝင်ဝင် လေ့လာသူ ဖြစ်သော .. ကိုတတ်ပ .. ထံမှ ထူးဆန်းထွေလာ ဖြစ်ရပ်များ ဆည်းပူးရန် အိမ်မှ ထွက်လာခဲ့သည်။
ကိုတတ်ပ အိမ်သို့ရောက်ရာတွင် တံခါးဝ၌ .. ကျွန်ုပ်မှာ တံခါးခေါက်မည်ဟု စဉ်းစားရုံ ရှိသေးသည် ... အိမ်ထဲမှ .. "ဝင်လာခဲ့ပါ .. သော့ခတ်မထားပါဘူး။ ခင်ဗျားကို စောင့်နေတာ" ဟု ကိုတတ်ပ မှ ပြောသံကို အံသြဖွယ်ရာ ကြားလိုက်ရသည်။

သို့နှင့် တံခါးကို တွန်းဖွင့်လိုက်ပြီး အထဲသို့ ဝင်လိုက်ရာ .. တံခါးဝကို ကျောပေး၍ ဆေးပေါ့လိပ်ကို ဖွာပြီး သတင်းစာ ဖတ်နေသော ကိုတတ်ပ .. ကို သူ၏ အိပ်ခန်းနှင့် ဧည့်ခန်း ပေါင်းစပ်ထားသော အခန်းထောင့်ရှိ နောက်မှီထိုင်ခုံတွင် ထိုင်နေသည်ကို တွေ့ရသည်။
ကျွန်ုပ်မှာ နံနက် အိပ်ယာထကတည်းက သောက်ထားသော လ္ဘက်ရည်နှင့်.. လမ်းတွင် ရေဆာသဖြင့် ဝယ်သောက်ထားသော အအေးများ များနေသဖြင့် အပေါ့သွားလိုသဖြင့် .. အိမ်သာသွားရန် ခွင့်ပြုချက် တောင်းရန် ပါးစပ်ဟမည် ကြံရုံရှိသေး .. ကိုတတ်ပမှ .. လှည့်မကြည့်ဘဲ .. "ခင်ဗျား ညာဘက်ကိုသာ ချိုးဝင်သွားလိုက် .. အဲဒီမှာ အိမ်သာ ရှိတယ်။" ဟု ပြောလိုက်သဖြင့် .. အံသြစိတ်ဖြစ်မိသော်လည်း မေးမနေဘဲ .. အိမ်သာရှိရာကိုသာ အရင်သွားလိုက်သည်။ စိတ်ထဲမှာတော့ ပြန်ထွက်လာမှ ဘယ်လို သိသလဲဟု မေးမည်ဟု ဆုံးဖြတ်လိုက်၏။
"ကဲ လာဗျာ။ ဒီမှာထိုင်" ဟု .. ကိုတတ်ပမှ သူ၏ ရှေ့တွင်ရှိသော ထိုင်ခုံကို ညွှန်ပြ၍ ကျွန်ုပ်ဝင်ထိုင်လိုက်ပြီး ခုနက ကိစ္စကို မေးပြည်ဟု ကြံရုံရှိသေး .. ကိုတတ်ပက ပြုံးပြီး "ခင်ဗျား ရောက်လာတာ ဘယ်လို သိလဲ၊ အိမ်သာ အပေါ့သွားဖို့ ဘယ်လို သိလဲလို့ မေးချင်နေတာ မဟုတ်လား" လို့ ကျွန်ုပ်ကို ပြောလိုက်ရာ .. ကျွန်ုပ်က .. ဘာမှ မပြောဘဲ ဝန်ခံသည့် သဘောနှင့် ခေါင်းညိမ့်ပြ၍သာ တုန့်ပြန်လိုက်သည်။
"ကဲ ဘာမှ မပြောခင် .. ခင်ဗျာ ဗိုက်ဆာလာတယ်မဟုတ်လား။ ခုနကလေးတင် .. ကျွန်တော်တို့ နှစ်ယောက် စားဖို့ လမ်းထိပ်က မာမွတ်ဆိုင်က လ္ဘက်ရည်နဲ့ အတီးဆိုင်က အီကြာကွေးကို လမ်းထဲက ကလေးတစ်ယောက်ကို ဝယ်ခိုင်းထားတာ .. စားဗျာ" .. လို့ဆိုပြီး .. စားပွဲပေါ်က လ္ဘက်ရည် နှစ်ခွက်၊ အီကြာကွေး နှစ်ချောင်း .. လူနှစ်ယောက်စာ ပူပူနွေးနွေး ပြင်ဆင်ထားတာကို ညွန့်ပြရင်း သူ၏ လ္ဘက်ရည်ခွက်ကို ယူကာ တငုံသောက်နေလေ၏။
ကျွန်ုပ်မှာ သိချင်စိတ်ကို မအောင့်အီးနိုင်ဘဲ .. "စားတာက နောက်မှ .. ခင်ဗျား ဒါတွေကို ဘယ်လို သိလဲဆိုတာ ရင်ပြောပြပါ" လို့ ပြောတော့။
ကိုတတ်ပ .. က ... ပြုံးပြီး .. ခင်ဗျား လိမ်ဖယ် လိမ်ဖယ်နဲ့ လမ်းလျှောက်လာတာကို ပြတင်းပေါက်က လှမ်းတွေ့လိုက်ရပြီး .. ခင်ဗျား အိမ်က မဟေသီကလည်း လွန်ခဲ့တဲ့ ၁၅ မိနစ်လောက်က  ... ခင်ဗျား ဒီကိုရောက်ပြီလားလို့ ဖုန်းဆက်လာတယ်။ ခင်ဗျားမှာ .. ဆီးသွားဖို့ မထိန်းနိုင်တဲ့ ရောဂါ ရှိတယ်ဆိုတာရယ် .. ခင်ဗျား လ္ဘက်ရည်ပဲ သောက်ပြီး အိမ်က ထွက်သွားတယ်ဆိုတာရယ် .. ရာသီဥတုက ပူတယ်ဆိုတော့ ခင်ဗျား လမ်းမှာ အအေးဝယ်သောက်လာတဲ့ ပလက်စတိတ် အိတ်ကို ကျွန်တော့် အိမ်ရှေ့က အမှိုက်ပုံထဲ ခင်ဗျား ထည့်လိုက်တာရယ် ပေါင်းရင် .. သိတာပေါ့ဗျာ .. လို့ ပြန်ဖြေပြီး ... ဒါဟာ ထူးဆန်းတာမှ မဟုတ်တာပဲ။ အသေးအမွှား ကိစ္စတွေကို ဂရုစိုက်ကြည့်ရင် သိနေနိုင်တာပဲလေ။
ကဲ ထားပါ။ ခင်ဗျားက ထူးဆန်းထွေလာ ကိစ္စတွေ သိချင်တယ်ဆိုတော့ .. အခု သတင်းတွေထဲက အကြောင်းအရာတွေလောက် .... ခင်ဗျား ဘယ်လို ရောက်လာသလဲ ဆိုတဲ့ ကိစ္စက မထူးဆန်းပါဘူးဗျာ။
ကျွန်ုပ်က .... "ဆိုစမ်းပါဦး .. သတင်းတွေထဲမှာ ဘာတွေ ထူးဆန်းတာတွေ တွေ့လို့လည်း .. ဘာမြူတာ တြိဂံမှာ အမေရိကန် လေယဉ်တင် သင်္ဘော ပျောက်သွားလို့လား။ ပုကန်ပြားပျံကို တွေ့လိုက်ရလို့လား။ ဒါမှ မဟုတ် ထူးဆန်းတဲ့ လူဝင်စားလေး တစ်ယောက် ပေါ်နေတယ်ဆိုတာတွေလားဗျ။ ဒါတွေကို အင်တာနက်မှာ ကျွန်တော် အခုတင် ဖတ်ခဲ့ပါတယ်။ ခင်ဗျားက ဘာတွေ ထူးဆန်းတာ ထပ်တွေ့ထားလို့လဲ။"
ကိုတတ်ပ က ... "ခင်ဗျား အဲဒါကြောင့် ခက်တာ။ ခင်ဗျားက ထူးဆန်းတာတွေကို အဝေးကြီးမှာ လျှောက်ကြည့်နေတယ် .. ကျွန်တော် အခု တထိုင်တည်း တွေ့ရှိထားတဲ့ ထူးဆန်းတဲ့ ဖြစ်ရပ် (၁၀) ခုရှိတယ်။"
ခင်ဗျား သိချင်ရင် ပြောပြရတာပေါ့။ အဲဒီ (၁၀) ချက်က မြန်မာ နိုင်ငံမှာပဲ ရှိတာ ...
၁။ အုပ်ချုပ်ရေး အကြီးဆုံး ရာထူးရှိတဲ့ သမ္မတက စစ်မတိုက်ဖို့ ပြောထားသော်လည်း စစ်ပွဲများမှာ ထူးဆန်းစွာ ဆက်ဖြစ်နေခြင်း
၂။ စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီမှာ ဒေါ်လာ သန်းပေါင်း ထောင်ချီသော လုပ်ငန်းများ မြောက်များစွာကို ပိုင်ဆိုင် လုပ်ကိုင်နေသော်လည်း ထူးဆန်းစွာဖြင့် .. အောက်ခြေ စစ်သားများ ဝင်ငွေ မလောက်င သဖြင့် နည်းမျိုးစုံဖြင့် ဝမ်းရေး ဖြေရှင်းနေရခြင်း
၃။ မြန်မာနိုင်ငံသားတိုင်းတွင် မိဘ (၄) ပါး ထူးဆန်းစွာ ရှိနေခြင်း။ မွေးမိဘ နှစ်ပါး၊ စစ်တပ်က မိဘ တစ်ပါး၊ အစိုးရက မိဘ တစ်ပါးဟူ၍ ထူးဆန်းစွာ မိဘလေးပါး ရှိနေခြင်း
၎။ အဆိုပါ မိဘ ၄ ပါးထဲမှ .. အစိုးရနှင့် စစ်တပ်ဆိုသော မိဘ နှစ်ပါးမှာ .. ထူးဆန်းစွာဖြင့် အနန္တော အနန္တ (၅) ပါးထက် ပို၍ မြင့်မြတ်နေခြင်း (ဥပမာ ... သံဃာတော်များကို ဆုံးမပိုင်ခွင့် ရှိခြင်းကို ကြည့်လျှင် သိနိုင်သည်။)
၅။ လယ်ယာမြေများသည် ထူးဆန်းစွာဖြင့် စစ်တပ်ပိုင်မြေများ ဖြစ်သွားပြီး ... ထူးဆန်းစွာပင် .. မူရင်း လယ်ပိုင်ရှင်များက ထွန်ယက်စိုက်ပျိုးရပြီး .. စစ်တပ်ကို လယ်ငှားခ ပေးနေရခြင်း
၆။ စစ်တပ် အကြီးအကဲများအားလုံးသည် မိမိတို့ တရားဝင် လစာ၊ ခံစားခွင့်နှင့် ဝင်ငွေထက် ပိုသော ငွေကြေးများ ရှိနေကြပြီး ..  ထူးဆန်းစွာ ချမ်းသာနေကြခြင်း
၇။ ဝန်ကြီးဌာနများမှာ သိန်းပေါင်း ထောင်သောင်းချီသော ငွေကြေး အလွဲသုံးစားမှုများ ရှိသည်ဟု တရားဝင်ကြေငြာထားသော်လည်း အဆိုပါ ငွေကြေး အလွဲသုံးစား လုပ်သူများမှာ ကိုယ်ပျောက် ဝိဇ္ဇာများဖြစ်နေကြသဖြင့် ထူးဆန်းစွာပင် တရားခံကို ရှာဖွေ မတွေ့နိုင်ခြင်း
၈။ လွန်ခဲ့သည့် ရက်ပိုင်းကမှ ဖြစ်ခဲ့သော သံဃာတွေကို အကြမ်းဖက် ဖြိုခွင်းရန် အမိန့်ပေးသူသည်လည်း ကိုယ်ပျောက်ဝိဇ္ဇာ တစ်ယောက် ဖြစ်နေသဖြင့် ထူးဆန်းစွာ ရှာဖွေ မတွေ့ရှိနိုင်ခြင်း
၉။ မြန်မာပြည်တွင် အင်မတန် ကောင်းမွန်သော ပညာရေး စနစ်ကို အနှစ် ၂၀ ကျော် နေ့မအား၊ ညမနား တည်တောင်ခဲ့ကြသော်လည်း .. တည်ထောင်သူ ဗိုလ်ချုပ်ကြီးများ၏ သား သမီး၊ မြေးမြစ်များမှာ ထူးဆန်းစွာပင် အနစ်နာခံ၍ ပြည်ပတွင် သွားရောက် ပညာ သင်ယူနေကြခြင်း
၁၀။ ကျန်းမာရေး စောင့်ရှောက်မှုသည်လည်း နိုင်ငံတကာ အဆင့်မှီ ဆေးရုံကြီးများနှင့် နိုင်ငံတော်၏ ထောက်ပံ့မှု အပြည့်အဝရှိသော်လည်း စစ်ဗိုလ်ကြီးများ နေမကောင်းဖြစ်လျှင် .. ထူးဆန်းစွာပင် နိုင်ငံခြား တိုင်းပြည်များတွင် ဆေးကုသမှု ခံယူနေကြ့ခင်း
"ဒါတွေကိုမှာ ထူးဆန်းတယ် မခေါ်ရင် ဘယ်အရာကို ထူးဆန်းတယ် ခေါ်မလဲ။ ဒီလောက် ထူးဆန်းမှုများတဲ့ မြန်မာပြည်ကြီးအတွက် ထူးဆန်းစွာနဲ့ ... တိုးတက်မှု အများဆုံး၊ အချမ်းသာဆုံး နိုင်ငံအဖြစ် ကမ္ဘာက အသိအမှတ်မပြုကြတာ .. ကမ္ဘာနိုင်ငံတွေက မနာလိုမှု ဘယ်လောက် ကြီးနေကြသလဲဆိုတာကိုပါ .. ထူးဆန်းစွာ တွေ့လိုက်ရတာပဲ မဟုတ်လား" .... လို့ ... ကိုတတ်ပက ပြောပြီး ကုလားဆိုင်က လ္ဘက်ရည်ခွက်ထဲ တရုတ်ကြီးရောင်းတဲ့ အီကြာကွေးနဲ့ တို့ပြီး .. စားလိုက်ပါတော့တယ်။
"ကျွန်ုပ်ကိုတောင် .. ဝန်ကြီးဌာနတွေက ထူးဆန်းစွာ ပျောက်ဆုံးသွားသော ငွေတွေကို ပြန်ရှာပေးဖို့ ... လွှတ်တော်က ကမ်းလှမ်းထားသေးတယ်။ ခင်ဗျားအားရင် .. လိုက်ခဲ့ဗျာ ... ဒီနေ့ ဝန်ကြီးဌာန တစ်ခုမှာ ထူးဆန်းတဲ့ ငွေပျောက် ကိစ္စ သွားစုံစမ်းဖို့ ရှိတယ်။ နေ့လည် ၂ နာရီ အရောက်သွားရမှာ ... " လို့ အီကြာကွေး ဝါးရင်း ကျွန်ုပ်ကို ဖိတ်ခေါ်နေပါတော့တယ်။
ကျွန်ုပ်လည်း ဘာမှ ပြန်မပြောနိုင်ပဲ .. သူနဲ့ အတူ လိုက်ဖို့သင့်၊ မသင့် တွေးရင်း .. နံရံမှာ ချိတ်ထားတဲ့ တရုတ်ပြည်လုပ် တိုင်ကပ်နာရီကို လှမ်းကြည့်မိလိုက်တယ်။
လေးစားစွာဖြင့်
(ကိုထိုက်)
ကိုတတ်ပ နှင့် ထူးဆန်းသော ငွေပျောက်မှု အပိုင်း (၂) မျှော် .

0 ကွန်မန့်ရေးရန်:

Post a Comment