Sunday, December 16, 2012

အသည်းအစားထိုးကုသခြင်း အတိတ်၊ ပစ္စုပန်၊ အနာဂတ် (အပိုင်း ၁)



by ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han) on Saturday, December 15, 2012 at 1:27am ·

အပိုင်း(၁)
            ဆေးပညာသမိုင်းသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် စိန်ခေါ်မှု၊စိတ်ကူးယဉ်မှု၊ အိပ်မက် များ၊ လက်တွေ့ဖြစ်ရပ်များနှင့် ပြည့်နှက်လျက်ရှိသည်။မနေ့က စိတ်ကူးယဉ်သမျှ သည်နေ့မှာ လက်တွေ့ စမ်းသပ်ပြီး မနက်ဖန်ဆိုလျှင် ထိုစမ်းသပ်မှုမှာ ပုံမှန်လုပ်ရိုးလုပ်စဉ် တစ်ခုဖြစ်သွားသည်အထိပင် တိုးတက်ပြောင်းလဲမှုများက မြန်ဆန်လှသည်။
ကုသမှု အသစ်အဆန်းများ၊ဆေးဝါးအသစ်အဆန်းများ၊ရောဂါရှာဖွေရေးနည်းလမ်းအသစ်အဆန်းများ စသည်တို့မှာ ပေါ်ပေါက်လာသည့်အချိန် မသိသာသော်ပြား သူတို့တွေ မပေါ်ပေါက်ခင်ကဆုံးရှုံးခဲ့ရသည့် လူသားမျိုးနွယ်အင်အားမှာ စိုးရိမ်ဖွယ်ကောင်းလောက်အောင်ပင် များလှသည်။ မည်မျှ ဆေးကုထုံး အသစ်အဆန်းတွေ ပေါ်ပေါက်နေသည်ဖြစ်စေ မလွန်ဆန်နိုင်သည့် သင်္ခါရသဘောအရ လူသားတို့မှာ အိုရဆဲ၊ နာရဆဲ၊ သေရဆဲသာဖြစ်ပါသည်။ သို့တစေ ဆေးပညာရှင်များအနေဖြင့် တိုး၍တိုး၍သာ သုတေသသနများကို ပြုလုပ်နေကြဆဲဖြစ်ပါသည်။
            လွန်ခဲ့သည့် မျိုးဆက်တစ်ခုကျော်ခန့်ကဆိုလျှင် နောက်ဆုံးအဆင့်အသည်းပျက်စီးနေသူလူနာများ
အတွက် ကုသမှုဆိုသည်မှာမရှိသလောက်ကိုရှားသည်။အသည်းရောဂါလူနာတွေ တစတစ ယိုယွင်းလာသည်ကို မျက်စိရှေ့မှာသာမြင်နေရသည်။ ဘာမှလုပ်ပေးနိုင်စွမ်းလည်းမရှိ။ အသည်းပျက်စီး၊ အသည်းခြောက်ရာမှ အစာအိမ်ထဲက သွေးတွေယိုစီး၊ရေဖျဉ်းစွဲ၊ ၀မ်းဗိုက်ဖုံးမြှေးရောင်ရမ်းပြီး သွေးဆိပ်တက်၊အသားတွေဝါထိန်၊ သတိလစ်မေ့မျော၊
တကိုယ်လုံး သွေးတွေယိုစီး၊ နောက်ဆုံးမှာ တကိုယ်လုံးမှ ကိုယ်အဂါင်္တွေပျက်စီးရသည့် အဆင့်များကို သိလျက်နှင့် ထိုင်ကြည့်နေကြရသလိုဖြစ်ပါသည်။
            ၁၉၈၃ခုနှစ်မှာ အသည်းပျက်စီးရောဂါလူနာများအတွက် မျှော်လင့်ချက်ရောင်ခြည်သမ်းလာသည်။အသည်းအစားထိုးလုပ်ငန်းကို ပထမဆုံး စမ်းသပ်အောင်မြင်လာသည့်အခါ အသည်းအစားထိုးခြင်းသည် အသည်းပျက်စီးလူနာများအတွက် ရွေးချယ်စရာ၊မျှော်လင့်စရာ ကုထုံးတစ်ခုဖြစ်လာလေသည်။၂၀၁၂ခုနှစ်တွင် Lasker-DeBakey ဆေးလက်တွေ့သုတေသနဆု ချီးမြှင့်ခြင်းခံရသည့် သောမတ်စတား (ပီတာစဘတ်တက္ကသိုလ်)နှင့် ရွိုင်ကလိန်း (ကမ်းဘရစ်ရှ်တက္ကသိုလ်) တို့နှစ်ဦးမှာ အသည်းရောဂါ လူနာများ၏ ပျောက်ဆုံးနေသည့်အနာဂတ်ကို ပုံဖော်ပေးကြသူများဟု ဆိုရပါမည်။
            အမှန်တော့ လူသားများတွင် ကိုယ်အင်္ဂါအစိတ်အပိုင်းများ အစားထိုးကုသသည့် လုပ်ငန်းမှာ ၁၉၅၄ ခုနှစ်ကတည်းကစခဲ့သည်ဆိုရမည်။ တစ်ချိန်တည်းမွေးသည့် ရုပ်ဆင်တူညီအစ်ကိုနှစ်ယောက် အကြား ကျောက်ကပ်အစားထိုးကုသခဲ့သည့် ကုသမှုတစ်ခုဖြစ်ပါသည်။ ခန္ဓာကိုယ်ထဲက ပြင်ပမှ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုကို ထည့်သွင်းမည်ဆိုလျှင် မလွဲမသွေကြုံရမည့် ပြသနာတစ်ရပ်က ကိုယ်ခံစွမ်းအားအင်အားစုများမှ ပြင်ပကိုယ်အင်္ဂါကို တိုက်ထုတ်သည့် ကိစ္စဖြစ်သည်။ Immunological reaction ခေါ်ပါသည်။ သည်တော့ ပြင်ပမှခက်ခက်ခဲခဲထည့်ထားရသည့် ကိုယ်အင်္ဂါအသစ်ကို ကိုယ်တွင်းကိုယ်ခံစွမ်းအားများမှ မဖျက်စီးပစ်နိုင်စေရန် ကိုယ်ခံစွမ်းအားများကို ဖိနှိမ်ထားသည့်
ဆေးများကို တိုက်ကျွေးရသည်။ ကျောက်ကပ်အစားထိုးသည့် နေရာမှာ ထိုပြသနာက အတော့်ကို ကြီးမားသည်။
အသည်းအစားထိုးသည့်နေရာမှာတော့ ထိုပြသနာက ကျောက်ကပ်အစားထိုးတာလောက် မကြီးမား။
            ခွေးနှင့်ဝက်များမှာ အသည်းအစားထိုးစမ်းသပ်မှုများကို ၁၉၅၀ပြည့်လွန်နှစ်များမှာ ကြီးကြီးကျယ်ကျယ်ပြုလုပ်ခဲ့ကြသည်။ သည်နေရာမှာ ကျောက်ကပ်အစားထိုးခြင်းနှင့် မတူညီသည့် ထူးခြားချက်တစ်ခုထပ်တွေ့ရပြန်သည်။ကျောက်ကပ်အစားထိုးခြင်းဟူသည်က များသောအားဖြင့် နဂိုကျောက်ကပ်များကို ခွဲထုတ်လိုက်ခြင်းမရှိပဲ ၀မ်းဗိုက်အောက်ပိုင်း တစ်နေရာရာမှာ ပြင်ပမှ ကျောက်ကပ်ကို ထည့်သွင်းလိုက်ခြင်းဖြစ်သည်။ Auxiliary transplantation ဟုခေါ်သည်။ အသည်းမှာကျတော့  နဂိုပျက်စီးနေသည့်အသည်းကို မထုတ်လို့မရ။ ထိုအသည်း ဟောင်းကြီးကို ထုတ်ပစ်ပြီးသူ့နေရာမှာ အသည်းအသစ်ကို အစားထိုးထည့်သွင်းမှ အဆင်ပြေသည်။ ၄င်းအသည်း
အစားထိုးခြင်းနည်းလမ်းကို Orthotopic liver transplantation ခေါ်သည်။
            ၁၉၆၀ပြည့်လွန်နှစ်များတွင်  သောမတ်နှင့် ကလိန်းတို့ပညာရှင်နှစ်ဦးသည် လူသားတွင် အသည်းအစားထိုး နိုင်ရေးအတွက် ကြိုးပမ်း ခဲ့ကြသည်။ ၁၉၆၃တွင် သောမတ်သည် ပထမဆုံးသော လူသားတွင် အသည်းအစားထိုးခြင်းလုပ်ငန်းကိုစတင်ပြုလုပ်သည်။အသည်းရောဂါရှင်သုံးနှစ်အရွယ်လူနာကောင်လေးမှာ မွေးရာပါ သည်းခြေပြွန် ကျဉ်းသည့်ရောဂါရှင် ကလေးဖြစ်သည်။ထိုလူနာမှာ ခွဲစိတ်ကုတင်ပေါ်တွင်ပင် သွေးထွက်လွန်ပြီး ဆုံးသည်။ နောက်ထပ်လူနာ ၅ ဦးမှာ ဆက်လက်စမ်းသပ်ခွဲစိတ်သော်လည်း ၂၃ရက်ထက် အသက်ပိုရှည်သည့်သူ တစ်ဦးမှ မ၇ှိ။
            ထိုစဉ်ကာလများက အသည်းအစားထိုးလုပ်ငန်း၏ အဓိကပြသနာမှာ ကိုယ်ခံစွမ်းအားပြသနာ မဟုတ်သေး။ ခွဲစိတ်ကုသမှုဆိုင်ရာ လိုအပ်ချက်ပြသနာသာလျှင်ဖြစ်သည်။ သွေးကြောများကို ဘယ်လိုပြန်ဆက်ရသည်ဆိုတာကိုနားမလည်ကြသေး။ သည်တော့ အသည်းအစား ထိုးပြီးပြီဆိုရင် သွေးကြောများပိတ်ပြီး သွေးမလျှောက်သဖြင့် အသည်းအစားထိုးပြီးကာစ အသည်းအသစ်ပျက်စီးသည်။ သွေးဆိပ်တက်ပိုးဝင်ပြီး တခြား ကိုယ်အင်္ဂါအစိတ်အပိုင်းတွေပါ ပျက်စီးကုန်သည်။ တကိုယ်လုံးမှာ သွေးတွေယိုစီးသည်။ ကိုယ်ခံစွမ်းအားကို ခုနှိမ်သည့် ဆေးဆိုလို့ထိုစဉ်အခါက Azathioprine နှင့် ပရက်နီစလုံး ဟူသည့်ဆေးနှစ်မျိုးသာရှိခဲ့သည်။

0 ကွန်မန့်ရေးရန်:

Post a Comment