ကာမဂုဏ်ဟူသည် “အပ္ပဿာဒါကာမာ”ဟု ဟောတော်မူသောအတိုင်း သာယာဖွယ်ကား အလွန်နည်း၏။ တစ်နည်း အာရုံတွေ့ခိုက် စိတ္တက္ခဏတစ်ချက်သာ ရှိ၏။ တစ်နည်း အာရုံတွေ့ခိုက် စိတ္တက္ခတစ်ချက်သာ ရှိ၏။ ထိုတစ်ချက်သော စိတ္ထက္ခဏတွင် နှလုံးသွင်းမှား၍ တပ်မက်ဖွယ်ဟု စွဲယူလိုက်က ကိလေသာကာမဖြစ်၍ ကာမဂုဏ်နယ်အတွင်းသို့ စာရင်းဝင် သွားလေသည်။ ထိုစိတ္တက္ခဏပေါင်းများစွာဖြစ်အောင် ထပ်ကာထပ်ကာ စွဲယူမိက ဥပါဒါန်ဟူသော မဖြစ်မနေ-မရမနေ စွဲလမ်းချက်ကြီးစွာနှင့် အကောင်အထည်ပေါ်တော့သည်။ ၎င်းကိုမှ လောကလူ အများက “ကာမဂုဏ်”ဟု အမည်တပ်ကြတော့သည်။ စင်စစ်အားဖြင့် ကာမဂုဏ်အစစ်မှာ ကိသောကာမ ဖြစ်ခိုက်ကို ဆိုသည်။
မြတ်စွာဘုရားလက်ထက်တော်က
ရဟန်းငယ်တစ်ပါးသည် ယာဂုစာရေးတံ လှူရာ၌ ယာဂုကိုရ၍
ဇရပ်တစ်ခုအတွင်းဝင်ပြီးလျှင် ယာဂုကို သောက်၍ ပြီးသောအခါတွင်
ရေမရှိသောကြောင့် အနီးအနားရှိ အိမ်တစ်အိမ်သို့ သွား၍ ရေအလှူခံလေသည်။
ထိုအိမ်မှ အမျိုးသမီးပျိုတစ်ယောက်က် ရေယူလာ၍ကပ်ရင်း ကိလေသာ ကာမစိတ်ဖြစ်၍
ချစ်ခင်သော အခြင်းအရာ ပြလေ သည်။ ရေကပ်ပြီးသောအခါ “အရှင်ဘုရား-နောက်ကိုလည်း ဘယ်အခါမဆို ရေလိုပါကကြွပါဘုရား”ဟု ပင့်လျှောက်လေသည်။
ကိုယ်တော်ကလေးသည်
ထိုနေ့မှစ၍ ၎င်းအိမ်သို့ ရင်းနှီးစွာ ၀င်ထွက်သွားလာလေသည်။ နောက်တွင်
ယာဂုကပ်သည်။ နောက်ဆွမ်းကိစ္စပါ စီမံပေးသည်။ နောင်တွင် တဖြည်းဖြည်းနှင့်
အလွန်ရင်းနှီး အကျွမ်းဝင်လာသောအခါ အနီး၌ ကပ်၍...
“အရှင်ဘုရား-ဤအိမ်တွင်
မရှိသောပစ္စည်းဆို၍ ဘာမှမရှိပါ၊ အားလုံးပြည့်စုံပါသည်၊ မရှိတာကတော့
စီမံခန့်ခွဲ အုပ်ချုပ်မည့် ယောက်ျားသား လိုပါသည်”
ဟု
စကားခေါ်လေသည်။ ကိုယ်တော်လေးလည်း အမှတ်မဲ့ပင် နေလိုက်သည်။ နောက် ၂-ရက်တစ်ခါ၊
၃-ရက်တစ်ခါ ပြောလေသော် စိတ်ဝင်စားလာသည်နှင့် ပူပန်လာတော့သည်။ ကိလေသာ ဟူသည်
နှလုံးသွင်းမှား၍ ထိုစကားကို လက်ခံစဉ်းစားသည်ကစ၍ ဒုက္ခပေးရန် ကိလေသာ၏
အပူသတ္တိ ပြလာသဖြင့် ကိုယ်တော်မှာ မအိပ်နိုင်-မစားနိုင်အောင် “တဏှာရင့်သန်- ဥပါဒါန်ကြောင့်- ဖောက်ပြန်ယွင်းကွက် - စားအိပ်ပျက်၏”ဟူသောအတိုင်း ဒုက္ခဖြစ်လာလေသည်။
အခြားသော
ကိုယ်တော်များက “ငါ့ရှင်၏ အသားအရေတို့သည် အလွန်ပိန်ကြုံနေသည်၊
ဖက်ရွက်ရော်ကဲ့သို့ သွေးအားနည်းသော လက္ခဏာများ ဖြစ်နေသည်၊
အဘယ်အကြောင်းကြောင့် ဖြစ်သနည်း”ဟု မေးမြန်းကြလေသော် “တပည်တော်သည်
သာသနာတော်မှာ မပျော်တော့ပါ၊ လူထွက်ချင်ပါသည်”ဟု ပြောသောအခါ ထိုရဟန်းတို့က
ဥပဇ္ဈာယ်မှတစ်ဆင့် မြတ်စွာဘုရား၏ အထံတော်သို့ ခေါ်ဆောင်၍ အကျိုးအကြောင်း
လျှောက်ပြကြလေရာ မြတ်စွာဘုရားက ထိုကိုယ်တော်အား...
(သစ္စံ ကိရ တွံ ဘိက္ခူဥက္ကဏ္ဌိတောသိ)
“ချစ်သား ရဟန်း-သင်သည် သာသနာမှာ မပျော်ဆိုသည် မှန်သလား”
(သစ္စံ တန္တေ)
“မှန်ပါသည် ဘုရား”
“ဘိက္ခု၊
ချစ်သား ရဟန်း။ တွံ၊ သင်သည်။ ကသ္မာ၊ အဘယ်ကြောင့်။ မာဒိသဿ၊ ငါကဲ့သို့သော။
အာရဒ္ဓ၀ီရိယဿ၊ အားထုတ်လုံ့လရှိသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနေ၊ အဆုံးအမ၌။
ပဗ္ဗဇိတွာ၊ လိုက်နာလိုကြောင်း ရဟန်းကောင်းပြု၍။ သောတာပန္နောတိဝါ၊ သောတာပန်ဟူ၍
လည်းကောင်း။ သကဒါဂါမီတိဝါ၊ သကဒါဂါမ်ဟူ၍ လည်းကောင်း။ အတ္တာနံ၊ မိမိကိုယ်ကို။
အ၀ဒါပေတွာ၊ မပြောမဆိုနိုင်မူ၍။ ဥက္ကဏ္ဌိဘောတိ၊ သာသနာ၌ မပျော်ဟူ၍။ ၀ဒါပေသိ၊
ပြောဆို၏။ တေ၊ သင်၏။ ကတံ၊ ပြုအပ်သော။ ကမ္မံ၊ အမူသည်။ ဘာရိယံ၊ ၀န်လေးလှစွာ၏”
ဟုမေးတော်မူပြီးသော် “အဘယ်ကြောင့် လူထွက်ချင်ရသနည်း”ဟု မေးတော်မူပြန်သော် “အမျိုးသမီး ဒကာမတစ်ယောက်၏ ပြောကြားသော စကားကြောင့် ဖြစ်ပါကြောင်း” လျှောက်ထားလေသောအခါ မြတ်စွာဘုရားက...
“ချစ်သား
ရဟန်း-ထိုအမျိုးသမီး ဒကာမ၏ အပြုအမူသည် ယခုအခါတွင် အံ့သြဖွယ်ရာ မဟုတ်စွသေး၊
ထိုအမျိုးသမီးသည်ပင်လျှင် ရှေးအခါက ဇမ္ဗူဒီပကျွန်းတွင် လေးအတတ်၌
အထွတ်အထိပ်ရောက်အောင် တတ်မြောက်သော စုဠဓနုဂ္ဂဟပဏ္ဍိတကို ပယ်၍ ထိုခဏ၌
မြင်တွေ့ခါစဖြစ်သော ယောက်ျား တစ်ယောက်၌ ချစ်ခင်တပ်မက်သောကြောင့်
အဖိုးတန်သော ပညာရှိ လင်ယောက်ျားကို အသက်သေအာင် သတ်ဖူးပြီ”
ဟု ဟောတော်မူလေရာ ထိုရဟန်းများစွာတို့၏ တောင်းပန် လျှောက်ထားချက်ကြောင့် အတိတ်ဇာတ်ကို ဟောကြားတော်မူလေသည်။
ရှေးအခါက
တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံတွင် ပညာသင်ကြားကြသော တပည့်တို့တွင်
လေးအတတ်၌ အလွန် ကျွမ်းကျင်စွာ ပစ်နိုင်သဖြင့် အထွတ်အထိပ်ရောက်အောင်
တတ်မြောက်သော စူဠဓနုဂ္ဂဟပဏ္ဍိတခေါ်သော လုလင်အား ဆရာကြီးသည် ပညာဂုဏ်ကို
အားရနှစ်သက်လှသဖြင့် မိမိ၏ သမီးနှင့် ထိမ်းမြှားလက်ထပ်၍ ပေးအပ်လေသည်။
၎င်းတို့
ဇနီးမောင်နှံလည်း တောလမ်းခရီးဖြင့် မိမိနေရာ တိုင်းပြည်သို့ ပြန်အလာတွင်
တောထဲ၌ ရန်မူသော သတ္တ၀ါတစ်ကောင်အား မြှားတစ်ချောင်းဖြင့်
ပစ်ခတ်နှိမ်နှင်းခဲ့ပြီး ခရီးဆက်၍ ထွက်ခဲ့သောအခါ တောအုပ်တစ်ခုတွင်
ပုန်းအောင်းနေသော ခိုးသားငါးရာနှင့် တွေ့၍ တစ်ယောက်လျှင်
မြှားတစ်စင်းစီဖြင့် ၄၉၉-ယောက် သေဆုံးပြီးနောက် မြားကုန်လေသောအခါ သူခိုး
ဗိုလ်ကြီး တစ်ယောက်ကျန်နေသေးသည်နှင့် မြားမကျန်တော့သော စူဠဓနုဂ္ဂဟပဏ္ဍိတမှာ
နပန်းလုံး သတ်ပုတ်ခြင်းဖြင့် ခိုးသူကြီးအား မြေပေါ်သို့ လဲကျစေပြီးလျှင် ၎င်း၏
ဇနီးအား “သန်လျက်(ဓား)ကို ယူခဲ့ပါ”ဟု ဆိုသောအခါ
ထိုဇနီးသည် ယခုခဏမြင်ရသော သူခိုးကြီး အပေါ်၌ ကာမကိလေသာစိတ်ဖြင့်
ချစ်ခင်နှစ်သက်လေသောကြောင့် ခိုသူ၏ လက်၌ သန်လျက်အရိုးကိုထား၍ ပေးလိုက်ရာ
ခိုးသူက သန်လျက်ဖြင့် ခုတ်သတ်လိုက်သောကြောင့် မိဘက ပေးစားထိမ်းမြားလိုက်သော
လင်ဖြစ်သူ စူဠဒနုဂ္ဂဟပဏ္ဍိတ သေလေသည်။
ထို့နောက် ခိုးသူကြီးလည်း ထိုမိန်းမကို ခေါ်၍ သွားလေရာ ခိုးသူကြီးသည် “ဤမိန်းမသည် အခြားသော ယောက်ျားတစ်ယောက်ကို တပ်မက်က ငါ့ကိုလည်းလင်ရင်ကို သတ်သကဲ့သို့ သတ်လတ္တံ့”ဟု
ဆင်ခြင်မိသဖြင့် မြစ်တစ်ခုကို ကူးရန် အရောက်တွင် “ရှင်မ၊
မြစ်ကိုကူးရမည်ဖြစ်၍ ရှေးဦးစွာ ပစ္စည်းဘဏ္ဍာ အထုပ်ကို ယူ၍ တစ်ဖက်ကမ်းမှာ
သွားထားပြီးမှ သင့်ကို တစ်ဖန် လာပြန်ခေါ်အံ့”ဟု ပြောဆိုထားပြီးလျှင်
ပစ္စည်းဥစ္စာထုပ်နှင့် မြစ်ကို ကူးလျက် သွားလေပြီးလျှင်
ဟိုဘက်ကမ်းသို့ရောက်သောအခါ နောက်သို့ပင် ပြန်မကြည့်တော့ဘဲ
ထွက်ခွာသွားလေတော့သည်။
ထိုမိန်းမမှာ
ကာမအာရုံ ကာမဂုဏ်ကို လိုက်စား မှိက်မှားသဖြင့် မိဘပေးစားသော
ပညာရှိလင်ယောက်ျား ဆုံးသည့်အပြင် ခေတ္တခဏမြင်ရုံနှင့် ကာမဂုဏ်အာရုံအဖြစ်
သိမ်းပိုက်မှားပြန်ရကား ပစ္စည်းဥစ္စာနှင့်တကွ လင်ပါဆုံးရူံးသဖြင့်
မိုင်တွေချကာ နေဆဲတွင် မြစ်ကမ်းနား၌ သိကြားမင်းက ခွေးအယောင်ဆောင်၍ သားတစ်
တစ်ခုကို ကိုက်ချီလာပြီး စားမည်ဟုပြင်နေဆဲ မာတလိက ငါးအယောင်ဆောင်၍
ရေစပ်မှပေါ်ပြရာ ခွေးက ငါးကိုကိုက်လိုက်သောအခါ ၀ိသကြုံငှက်က သားတစ်ကို
ချီယူသွားသဖြင့် မြေခွေးမှာ နှစ်ဖက်ဆုံးရူံးရသည်ကို ထိုမိန်းမအား သံဝေဂ
ရစေလေသည်။
မြတ်စွာဘုရားသည်
ဇာတ်ပါဠိတော် ပဉ္စကနိပါတ် စူဠဓနုဂ္ဂဟဇာတ်ကို အကျယ်အားဖြင့်
ဟောတော်မူပြီးလျှင် ထိုအခါ၌ စူဠဓနုဂ္ဂဟပဏ္ဍိတသည် ယခုအခါ ဤရဟန်းငယ်ဖြစ်လာသည်။
လင်သတ်သော မိန်းမသည် ယခုအခါ ဤအမျိုးသမီး ဖြစ်လာသည်။ ခွေးအသွင်ဖြင့်
ထိုမိန်းမကို သတိသံဝေဂရစေသော သိကြားမင်းသည် ယခုအခါ ငါဘုရားဖြစ်လာသည်ဟု
ဇာတ်ကို ပေါင်းတော်မူသည်။
“ချစ်သားရဟန်း၊
ခေတ္တခဏ တွေ့ကာမျှနှင့် နှလုံးသွင်းမှားသောကြောင့် လင်ရင်းကို သတ်လောက်သော
နှလုံးသွင်း မှားချက်သည် မည်မျှဆိုးဝါးသနည်း၊ ထိုမိန်းမသည်ပင် ယခုလဲ
သင့်အား ဖြားယောင်းလေပြီ၊ သင်သည် သတိလွတ်ကင်း၍ အမှတ်မဲ့နေခြင်ငှာ
မထိုက်တော့ပေ၊ ထိုမိန်းမ၏ ရူပါရုံ ကာမဂုဏ်ကို ဖြတ်တောက်၍ ထိုကာမဂုဏ်တို့
မကပ်ရာ ပရမတ် အာရုံကိုသာ ယထာဘူတာကျအောင် ဂရုစိုက် အးထုတ်လေ”ဟု ဟောတော်မူသော အဆုံး၌ ထိုရဟန်းသည် သောတာပန် ဖြစ်လေသည်။ အခြားသော ပုဂ္ဂိုလ်များလည်း သောတာပန်စသည် ဖြစ်ကြလေသည်။
မန်လည်ဆရာတော်၏ မဃဒေ၀လင်္ကာသစ်၌လည်း...
“ထင်ရှားရေးဟို၊
တက္ကသိုလ်က၊ ဆရာ့သမီး၊ ခိုးသူကြီးကို၊ အနီးခဏ၊ မြင်ကာမျှဖြင့်၊
လောဘတပ်လျက်၊ ခိုးမူလက်၌၊ သန်လျက်ရိုးထား၊ ကမ်းလိုက်ငြား၍၊ ယောက်ျားဇာနည်၊
လက်ရုံးရည်နှင့်၊ ဆွေသည်သက်စု၊ စံမတုအောင်၊ ဓနုသိပ္ပ၊ တတ်ခေါင်လှသား၊
မွေးဖဆောင်နှင်း၊ လင်ရင်းကိုသတ်၊ မမြတ်အလို၊ အမြင်တိုခဲ့”... စပ်ဆိုတော်မူသည်။
ယင်းသည် ကာမဂုဏ်သည်“၀တ္ထုကာမ”အားဖြင့် ငါးပါးပြားသော်လည်း ၎င်းအာရုံတို့အပေါ်၌ စွဲငြိ တပ်မက်သော ဆန္ဒရာဂ၊ လောဘတဏှာတို့ နေရာဌာနအားလျော်စွာ “ကိလေသာ ကာမ” အားဖြင့်ကား စွဲယူမူဆန္ဒရာဂ တစ်ခုသာဖြစ်၏။ ထိုဝတ္ထု ကာမဟု ဆိုအပ်သော အာရုံငါးပါးသည် ကိလေသာမဖြစ်သေးသောကြောင့် ...
“၀တ္ထုကာမော ပရိညေယျော ကိလေသာကာမော ပဟာတဗ္ဗော”
ဟု
မဟာနိဒ္ဒေသဌကထာ ၁၀တွင် ဆိုထားရကား အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ဆိုတိုင်း
ကာမဂုဏ် မဖြစ်သေး သဖြင့် ၎င်းတို့ပင်ရင်း သဘောပရမတ်ကို ဉာဏ်ဖြင့် မြင်အောင်
ကြည့်လျှင် ၎င်းကို ပိုင်နိုင်သည်၊ အမှန်ကိုသိသည် ဆိုရ၏။ ကိလေသာ ကာမကိုကား
ပိုင်နိုင်စွာသိရမည့် တရားမဟုတ်၊ ပယ်ရမည့် တရားဟူ၍ အဋ္ဌကထာဆိုသည်။
ထိုစကား
မှန်ပေသည်။ ထိုအဆင်းစသော အာရုံ၌ အဆင်း၏ မူလပရမတ် သဘောကို မမြင်မသိဘဲ
အဆင်းကိုပင် ယောက်ျား, မိန်းမ၊ အဆင်းကိုပင် ခေါင်း, ကိုယ်, ခြေ, လက်၊
အဆင်းကိုပင် ပုဂ္ဂိုလ် သတ္တ၀ါဟု ပညတ်အာရုံအားဖြင့် သတိလွတ်ကာ နှလုံးသွင်း
မှားသောကြောင့် ထိုပညတ်အာရုံနှင့် ဆန္ဒ၊ ရာဂ၊ လောဘ စသော ကိလေသာသည် အခိုင်အမာ
စွဲယူပြီးဖြစ်သဖြင့် မျက်စိအာရုံ ကာမဂုဏ်ဖြစ်လေသည်။ စင်စစ်မှာ
ဝတ္ထုကာမဟူသော အဆင်း၊ အသံစသည်၌ ပရမတ်သဘောကို ပရမတ် အမှန်အတိုင်း ဉာဏ်ဖြင့်
သိမြင်က ၀တ္ထုကာမသည် ကိလေသာ မဟုတ်သော ပရမတ်အာရုံ ဖြစ်သွားလေသည်။
ထို့ကြောင့်
သဠာယတနသံယုတ် တစ်ကျမ်းလုံးတွင် ထို အဆင်း၊ အသံ စသော အာရုံတို့အပေါ်
ပင်ရင်းသဘော ပရမတ်ကိုသာ ရူရပုံကို ဟောတော်မူထားသောကြောင့် အဆင်း၊ အသံ ဟူသော
ဝတ္ထုသည် “ကိလေသာ မဟုတ်ဘဲ ပိုင်ပိုင်သိရမည့် ပရိညေယျ” တရားသာဖြစ်၏။
ထိုအာရုံတို့ အပေါ်တွင် မိမိ၏ နှလုံးသွင်း မမှန်ခြင်းကြောင့် ဖြစ်တတ်သော
ဆန္ဒရာဂ လောဘ ကိလေသာကိုသာ ပယ်ရမည့် “မဟာတဗ္ဗ”တရားဟူ၍ ပြတော်မူသည်။
ထိုကိလေသာ
ကာမကိုသာ ၎င်းကို အကြောင်းပြု၍ သတ္တ၀ါတို့ ဒုက္ခအမျိုးမျိုး တွေ့ကြုံရပုံကို
ညွှန်ပြ၍ မြတ်စွာဘုရားသည် ဤကာမတို့ကြောင့် ဖြစ်ရသော ဒိဋ္ဌဓမ္မ လက်ငင်းဆင်းရဲကို
ပေါ်လွင်အောင် ဟောတော်မူသည်။ စင်စစ်မှာ ပရမတ် အမှန်သဘောသို့ မသက်ဝင်သော
ပညတ်နယ်ကို မလွန်နိုင်သေးသော ပုဂ္ဂိုလ်များအတွက် အပြစ်မြင်အောင် ပြထားသည်။
ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
ဘာသာရေးစာပေများကို ♣☺ မေတ္တာရိပ် ☺♣ မှာလည်း လာရောက်ဖတ်ရူလေ့လာနိုင်ပါသည်။
0 ကွန်မန့်ရေးရန်:
Post a Comment