Thursday, August 9, 2012

မြန်နှုန်းမြင့် လေဆာကြောင့် ကင်ဆာရောဂါကို ရှာဖွေတွေ့ရှိနိုင်ပြီး ကင်ဆာကျိတ်ကို ဖျက်ဆီးနိုင်





By Good Health
Tenessee တက္ကသိုလ်မှ သုတေသီတွေက လေဆာရဲ့ စွမ်းအင်ကြောင့် ကင်ဆာကျိတ်တွေကို ဘယ်လောက် အတိုင်းအတာထိ ရှာဖွေနိုင်ပြီး ကင်ဆာကျိတ်တွေကို ဖျက်ဆီးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

သူတို့ရဲ့ နည်းပညာအသစ်ကို အသုံးပြုထားတဲ့ Femtosecond လေဆာရဲ့ မြန်နှုန်းဟာ တစ်စက္ကန့်ရဲ့ ကုဋေပုံ တစ်ပုံနှုန်းနဲ့ ဖြတ်သန်းနိုင်ပါတယ်။ မြန်နှုန်းမြင့်တာကြောင့် မိမိပစ်မှတ်ထားတဲ့ အစိတ်အပိုင်းကို အမြန်ဆုံးရောက်ရှိသွားကာ ကင်ဆာဆဲလ်တွေကို ထိထိရောက်ရောက် ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ကင်ဆာအကျိတ်ရှိတဲ့ နေရာကို ပစ်မှတ်တွေ့ရှိသွားတာကြောင့် လေဆာရောင်ခြည်မှ ကျုမာကျိတ်တွေကို လောင်ကျွမ်းနိုင်ပါတယ်။

ယခုနည်းပညာဟာ လက်ရှိအသုံးပြုနေတဲ့ နည်းပညာထက် ပိုမိုတိကျမှုရှိပြီး ပြင်ပလူနာအနေနဲ့လည်း ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

ဒီနည်းပညာဟာ ဦးနှောက်ကင်ဆာရှိသူတွေအတွက် အထူးကောင်းမွန်ပါတယ်။ ဦးခေါင်းခွံလိုမျိုး ပါးလွှာတဲ့ အရိုးတွေကို မခွဲမစိတ်ရဘဲ ထိုးဖောက်ဝင်ရောက်နိုင်တာမို့ ကင်ဆာကျိတ်တွေကို ထိရောက်စွာကုသနိုင်တယ်လို့ ဆိုပါတယ်။

ယခင်က အသုံးပြုခဲ့တဲ့ လေဆာတွေဟာ ယခု နည်းပညာလောက် မြန်နှုန်း မမြင့်တဲ့အတွက် လေဆာကြောင့်တစ်သျှူးတွေ လောင်ကျွမ်းမှု ဖြစ်နိုင်တယ်လို့ သိရပါတယ်။

သုတေသနပြုသူတွေက သူတို့ရဲ့ နည်းပညာကို ဈေးကွက်ထဲမှာ မကြာခင်မှာ ဖြန့်ချိတော့မယ်လို့ ဆိုပါတယ်။



ဒေါက်တာခင်မိုးမိုး

0 ကွန်မန့်ရေးရန်:

Post a Comment