Thursday, August 9, 2012

အာကာသယာဉ် မောင်းမည့် အမျိုးသမီးစက်ရုပ်များ လာတော့မည်



By Popular News Originally
အမျိုးသမီးပုံစံ စက်ရုပ်များအား အာကာသယာဉ်များ အတွက် ပိုမိုအသုံးဝင် အထောက်အကူ ပေးလာနိုင်စေရန် ဖန်တီးနေကြောင်း အမေရိကန်ပြည်ထောင်စု အမျိုးသား အာကာသ အေဂျင်စီက ဆိုသည်။

ယင်းစက်ရုပ်များကို "အိုင်လာ" ဟု အမည်ပေးထားပြီး ဂျာမနီနိုင်ငံ အာကာသ လေကြောင်းဆိုင်ရာ ဗဟိုမှ ယင်းအတွက် ကန်ဒေါ်လာ ၄ ဒသမ ၅၉ သန်းခန့် အကုန်ခံကာ သုတေသနပြုရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။

“လူလိုပြုမူဆောင်ရွက်နိုင်စေဖို့ ကျွန်တော်တို့ ချဉ်းကပ်ဆောင်ရွက်ကြမှာပါ” ဟု ဂျာမနီနိုင်ငံ စက်ရုပ်များ ဆန်းသစ်ပြောင်းလဲရေးဌာနမှ ဒေါက်တာ ဖရန့်ကာချနာက ပြောသည်။

ယခုကြံစည်နေကြသည်မှာ လူသားထိန်းချုပ်သူက မြေပြင်မှ အထူးစီစဉ်ထားသည့် ကွန်ပျူတာမောက်စ်ဖြင့် အာကာသယာဉ်ပေါ်ရှိ စက်ရုပ်အား ထိန်းသိမ်းစေခိုင်းနိုင်စေရန်ပင် ဖြစ်သည်။

ဂျာမနီနိုင်ငံမှ ပုံစံထုတ်သည့် အိုင်လာစက်ရုပ်မှာ ခေတ်မီအမျိုးသမီးများ၏ ဆံပင်ပုံစံ ဦးခေါင်းပါရှိပြီး၊ အမျိုးသမီးခန္ဓာကိုယ် တည်ဆောက်ပုံ အတိုင်း ပြုလုပ်ထားခြင်းဖြစ်သဖြင့် အခြား စက်ရုပ်များနှင့် မတူခြားနားနေခြင်း ဖြစ်သည်။

အမှန်အားဖြင့်မူ စက်ရုပ်များဝယ် လိင်ကွဲပြားခြားနားမှု မရှိပါ။ ပုံသဏ္ဍာန်ကသာ အမျိုးသမီးသဏ္ဍာန် ဆောင်နေခြင်းဖြစ်သည်။

အိုင်လာစက်ရုပ်အတွက် ထိန်းသိမ်းမောင်းနှင်မှု စနစ်အသစ်ကိုလည်း တီထွင်ထားပြီး၊ ယခင် ဖန်တီးခဲ့သမျှ စက်ရုပ်မျိုးဆက်များထက် သာလွန်ကောင်းမွန်အောင် စဉ်ဆက်မပြတ် စီစဉ်နေကြောင်း သိရသည်။

PN-012
ref: fo_news

0 ကွန်မန့်ရေးရန်:

Post a Comment