Thursday, August 9, 2012

ထွင်းဖောက်မြင်နိုင်သည့် ပလတ်စတစ် ဆိုလာပြားကို သိပ္ပံပညာရှင်များ တီထွင်




By Internet Journal Originally
လူတို့၏ သာမာန်မျက်စိဖြင့် ၇၀ ရာခိုင်နှုန်း ခန့်ဖောက်ထွင်း တွေ့မြင်နိုင်ပြီး နေရောင်ခြည်ကို စုပ်ယူကာ စွမ်းအင်ပြန်လည် ထုတ်ပေးနိုင်သည့် ဆိုလာဆဲလ်သစ် တစ်မျိုးကို ကယ်လီဖိုးနီးယား တက္ကသိုလ်၊ လော့စ်အိန်ဂျလိစ်အသင်းမှ သုတေသီများက တီထွင်ဖန်တီးခဲ့ကြကြောင်း သိရသည်။

သုတေသီများက အဆိုပါ ဆိုလာဆဲလ်ကို အနီအောက်ရောင်ခြည်အား လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်သည့် photo-active ပလတ်စတစ်မှ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ထွင်းဖောက်မြင်နိုင်သည့် ၎င်းဆိုလာဆဲလ်ကို အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်သည့် အီလက်ထရွန်နစ် ပစ္စည်းများ၊ စမတ် ပြတင်းပေါက်များ၊ အဆောက်အအုံများတွင် တပ်ဆင်အသုံးပြုသည့် စွမ်းအင်ထုတ်ပေးနိုင်သော ပစ္စည်းများနှင့် အခြားအသုံးချမှုများတွင် အစိတ်အပိုင်းတစ်ခုအဖြစ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ Yang Yang က ပြောကြားခဲ့သည်။

အဆိုပါ ဆဲလ်သစ်များသည် အလေးချိန် အလွန်ပေါ့ပါးပြီး ကွေးဆန့်နိုင်သည့် အရည်အသွေးရှိသည့်အပြင် ကုန်ကျစရိတ် နည်းပါးစွာဖြင့် အမြောက်အမြား ထုတ်လုပ်နိုင်ကြောင်း သိရသည်။

အနီအောက်ရောင်ခြည်ကို တုံ့ပြန်နိုင်သည့် မော်လီကျူးများကို အလွန်ပါးလွှာသည့် ငွေရောင်ကော်ပြားများဖြင့် ဖုံးအုပ်ထုတ်လုပ်ထားသည့် အဆိုပါ ထွင်းဖောက်မြင်နိုင်သည့် ဆဲလ်များကို လော့စ်အိန်ဂျလိစ် သုတေသီအသင်းနှင့်အတူ ကယ်လီဖိုးနီးယား စက်မှုနှင့် အသုံးချ သိပ္ပံကျောင်း၊ ကယ်လီဖိုးနီးယား တက္ကသိုလ်၏ ဓာတုဗေဒနှင့် ဇီဝဓာတုဌာနတို့ ပူးပေါင်း၍ သရုပ်ပြ ထုတ်လုပ်ခဲ့ကြသည်။

ထွင်းဖောက်မြင်တွေ့နိုင်သည့် ဆိုလာဆဲလ်သစ်များကို တီထွင်ဖန်တီးမှုနှင့် ပတ်သက်ပြီး ၎င်းတို့ ဆက်လက်ထုတ်လုပ်မည့် ကုန်သစ်များအတွက် စိတ်လှုပ်ရှားမိကြောင်း Nano Systems Sciences မှ ဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေးမှူးဖြစ်သူ Paul S.Weiss က ပြောကြားခဲ့ကြောင်း သိရသည်။

-ဟေမာ

0 ကွန်မန့်ရေးရန်:

Post a Comment