Monday, December 10, 2012

ပဋိပက္ခများနှင့် PR နည်းနာ (The Voice 8-49 Editorial) *


x



by The Voice Weekly on Friday, December 7, 2012 at 2:12am ·

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးသည် များစွာ မြန်ဆန် သွက်လက်သည့် အတွက် နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူများ အထူး အံ့အားသင့်လျှက် ရှိပါသည်။ ထို့အပြင် မူလက မြန်မာနိုင်ငံနှင့် မနီးယိုးစွဲ စနစ်ဖြင့် ကျင့်သုံး အုပ်ချုပ်သော ဒေသတွင်း နိုင်ငံများကလည်း တအံ့တသြ ငေးမော ကြည့်နေရသည့် အခြေအနေ လည်း ဖြစ်ပါသည်။ အထူးသဖြင့် ယခင် အစိုးရ လက်ထက်က နိုင်ငံပိုင် သတင်းစာများတွင် ကိုလိုနီနယ်ချဲ့ လက်သစ်ဟု သမုတ်ခံရသည့် အမေရိကန် ပြည်ထောင်စုနှင့် အချိန်တို အတွင်း သင့်မြတ် ချစ်ကြည်သည့် ဆက်ဆံရေး ပြန်လည် ထူထောင် နိုင်ခြင်းမှာ ဒီမိုကရေစီ အပြောင်းအလဲ ကာလ၏ အထင်ရှားဆုံး အောင်မြင်မှု မှတ်တိုင် ဖြစ်ပါသည်။ 

သို့သော် အပြောင်းအလဲတို့ မည်သည် အကောင်းချည်း မလာတတ်ဘဲ အခက်အခဲနှင့် ပြဿနာ များလည်း အတူ ပါလာတတ် ပါသည်။ ထို အခက်အခဲနှင့် ပြဿနာများကို ချဉ်းကပ် ဖြေရှင်းပုံ ဖြေရှင်းနည်း အပေါ် မူတည်ကာ အပြောင်းအလဲတို့ ညင်သာ ချောမွေ့မှု အတိုင်းအတာ ကွာခြား သွားတတ်ပါသည်။
အပြောင်းအလဲမြန်နှုန်းသည် ကြိုတင်ပြင်ဆင်မှု အားနည်းသူများ အပေါ် ကြီးစွာသော ရိုက်ခတ်မှု ရှိတတ် ပါသည်။ ထို့အတူ ဒီမိုကရေစီ၏ အခြေခံ စရိုက်လက္ခဏာ တစ်ခုဖြစ်သည့် ပွင့်လင်းမြင်သာမှု အားနည်း လျှင်လည်း ရိုက်ခတ်မှု ကြီးတတ်ပါသည်။ ထို့အပြင် လူထု ဆက်ဆံရေး နည်းနာကို ပရော်ဖက်ရှင်နယ် ကျကျ လေ့လာ တတ်မြောက်ထား သည့် အရပ်သား ပညာရှင်များ ဆုံးဖြတ်ချက် ချသူ သမ္မတ အနီးတွင် မရှိလျှင်လည်း ရိုက်ခတ်မှု ပြင်းထန် တတ်ပါသည်။ ယခင် အစိုးရ လက်ထက်တွင် လူထု ဆက်ဆံရေး (Public Relation-PR) နည်းနာများကို ပညာရှင်အဆင့် တတ်မြောက်ဖို့ မဆိုထားနှင့် PR ကို နားလည်သူပင် မရှိခဲ့သောကြောင့် ပြည်တွင်းတွင် အမှန်တကယ် ဖြစ်ပျက်နေပြီး တစ်နိုင်ငံလုံးနှင့် တစ်ကမ္ဘာလုံးက သိရှိထားပြီးသော ကိစ္စများကို မဖြစ်ကြောင်း၊ မရှိကြောင်း မျက်စိမှိတ် ငြင်းဆိုခြင်းကြောင့် အစိုးရနှင့် နိုင်ငံ၏ ပုံရိပ် ကျဆင်း ခဲ့ရသည့် ကြီးမားသည့် သာဓကများ ရှိခဲ့ပြီး ဖြစ်ပါသည်။ လူထု ဆက်ဆံရေး နည်းနာ အမှန်တကယ် ကျွမ်းကျင်ပါက ကြီးသော အမှုငယ်၊ ငယ်သော အမှုသေးကာ သေးသောအမှု ပပျောက် သွားစေနိုင်သည် အထိ အစွမ်းထက်ထက် အသုံးချ နိုင်ပါသည်။ ထို့အတူ  ငယ်သောအမှု ပိုကြီးကာ ကြီးသောအမှု ဆိုးရွား သွားစေရန်လည်း လူထု ဆက်ဆံရေး နည်းနာဖြင့် ဆောင်ရွက် နိုင်ပါသည်။ မကြာသေးခင်က ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော  ပဋိပက္ခနှင့် လက်ပံတောင်းတောင် အရေးကိစ္စ တို့က ထင်ရှားသော ဥပမာများ ဖြစ်ပါသည်။
များစွာ အရေးကြီးသည့် အချက်မှာ ပြဿနာကို ပြဿနာအဖြစ် မှန်မှန်ကန်ကန် ရှုမြင်ပြီး ပြဿနာနှင့် ပတ်သက်သမျှ ပွင့်လင်းမြင်သာမှု ရှိရှိ သတင်းထုတ်ပြန်ရန်နှင့် သမ္မတထံ အစီအရင်ခံသူများ သည်လည်း ပြဿနာ ကို အရင်းအတိုင်း၊ အမှန်အတိုင်း ရိုးသားမှု ရှိရှိ အသိပေး တင်ပြရန် ဖြစ်ပါသည်။ ထိုအခြေအနေနှင့် ဆန့်ကျင်ဘက် တုန့်ပြန်မိပါက ထိပ်တိုက် ရင်ဆိုင်ကာ တစ်ဖက်နှင့် တစ်ဖက် ချေမှုန်း တိုက်ခိုက်ရေး ဘက်သို့ ဦးတည် သွားတတ်ပါသည်။
ပြီးခဲ့သည့် လက်ပံတောင်း အရေးကိစ္စတွင် ရုန်းရင်းဆန်ခတ်မှု မရှိ၊ အဓိကရုဏ်း ပုံစံ မဖြစ်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည့် ရဟန်းသံဃာများနှင့် ဒေသခံ ပြည်သူလူထု အပေါ် ဥပဒေနှင့် မညီဘဲ အကြမ်းဖက် ဖြိုခွင်း ခဲ့ခြင်းမှာ ပြဿနာကို ချဉ်းကပ် ကိုင်တွယ်ပုံ လုံးဝ မှားယွင်း သွားခဲ့ခြင်း ဖြစ်ပါသည်။ ထိုမှားယွင်းမှုကို နောက်ဆက်တွဲ ဖြေရှင်း ရာတွင်လည်းလူထု ဆက်ဆံရေး နည်းနာ မတတ်ကျွမ်းသူများက ဥပဒေ နှင့်အညီ ဆောင်ရွက်ကြောင်း အသိပေးခြင်း သက်သက်သာ ဖြစ်သည့်အတွက် လူထု၏ ဒေါသကို ပို၍ နှိုးဆွ ပေးလိုက်သကဲ့သို့သာ ဖြစ်သွားခဲ့ပါသည်။ လူထု ဆက်ဆံရေး နည်းနာ၏ သီအိုရီ သဘောအရ ကိုင်တွယ် ဖြေရှင်းမှု မှားယွင်းသွားခြင်းကို ပြင်ဆင်ရန် မလွယ်ကူပါက နစ်နာသူများ ရှေ့မှောက်တွင် တာဝန်အရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဦးက တရားဝင် လူသိရှင်ကြား တောင်းပန် ရမည်ဖြစ်ပါသည်။ ရဟန်းသံဃာများနှင့် မြန်မာနိုင်ငံသား များသည် မှားမှန်း သိ၍ တောင်းပန်ပါက ခွင့်လွှတ် ကျေအေးတတ်သူများ ဖြစ်သည်ကိုလည်း လူထုနှင့် နီးနီးကပ်ကပ် နေဖူးသူ မှန်သမျှ သိရှိထားပြီး ဖြစ်ပါသည်။
သက်တမ်းအားဖြင့် များစွာ နုနယ်သေးသည့် မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် လူထု ဆက်ဆံရေး နည်းနာ တတ်ကျွမ်းသူ အရပ်သား ပညာရှင် မပါဘဲ အမြော်အမြင် နည်းပါးကာ လုံခြုံရေး ရှုထောင့် သက်သက်မှ ကြည့်တတ်သူ များသာ ပြဿနာများကို ကိုင်တွယ် နေပါက ပြဿနာများ ပိုဆိုး သွားနိုင်စရာ ရှိသည်ကို  မီးမောင်းထိုး ဖော်ပြ လိုပါသည်။
                                                                                                  အယ်ဒီတာ (၆-၁၂-၂၀၁၂)

0 ကွန်မန့်ရေးရန်:

Post a Comment