Monday, December 10, 2012

သူရဲကောင်း ဆိုရင် ထွန်းထွန်း လောက်တော့ သတ္တိ ရှိပါစေ


======================================
ကျွန်တော် နံနက်ပိုင်း Channel 7 ကပြတဲ့ ရုပ်ရှင် နမူနာ ကိုသမီးဖြစ်သူနဲ့
အတူကြည့်ဖြစ်ပါတယ်။ အင်္ဂံလိပ် ဇာတ်ကား တစ်ကားရဲ့ ပြကွက် တစ်ခုမှာ
ခလေးတစ်ဦး အပေါ် အခြားခလေးတစ်ဦးက တက်ခွပြီး ထိုးကြိတ် နေ တဲ့
အခန်းမြင်ကွင်း ကို သမီးက ကြည့်ပြီး သမီးက လူမဆန်ဘူးတော်တော်ဆိုးတယ် လို့
မှတ်ချက်ပြုပါတယ်။
ဒါနဲ့ သမီးကို သူရဲကောင်း ဆိုတာ ဘယ်လို လူမျိုးလဲ သမီးသိလား ဆိုပြီး
မေးခွန်းထုတ်လိုက် ပါတယ်။
သမီး က မဆိုင်းမတွ ဘဲ သူရဲကောင်းဆိုတာ အရာရာကို သတ္တိရှိရှိ နဲ့
ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲ သူလို့ ဖြေပါတယ်။ သမီး အဖြေ က မှန်သင့်သလောက်မှန်ပေမယ့်
ပြည့်စုံမှု မရှိသေးဘူးလို့ ယူဆ ပါတယ်။
သမီး အဖြေရဲ့ နောက် ဆက်တွဲ မေး ခွန်း ထပ်ပေါ်လာပါတယ်။ အရာရာကို သတ္တိရှိရှိ
နဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲ ယုံနဲ့ သူရဲကောင်း ဖြစ်ပြီလား ဆိုတဲ့မေးခွန်းပါဘဲ။
ဘာဖြစ်လို့လည်း ဆိုတော့ အရာရာကို သတ္တိရှိရှိ နဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲ
တဲ့ လူဆိုးလူမိုက် တွေ ရှိနေလို့ ပါဘဲ။
စလေ ဦးပုည ပြဇတ်ထဲမှ သီဟဗာဟု မင်းကြီး၏သားတော် ၀ိဇယ
မင်းသား၊ အရွယ်ရောက် သောအခါ ကျေးကျွန်သင်းပင်း ခုနှစ်ရာ တို့ ကို
ခေါင်းဆောင် ပြီး ပြည်သူပြည်သားတို့ ကိုနှိပ်စက်ခြင်း၊ လုယက်ခြင်း၊ အနိုင်အထက်ပြုခြင်း
စသည်ဖြင့်ပြုမူသည်တဲ့။ ဆရာလုပ်သူ ဆိုး ပြတော့ နောက်လိုက် တပည့် တွေလည်း
ဆရာ့ခြေရာနင်းကာ လူစွာ လုပ်ကြပါလေရော။
ပြည်သူတို့ မခံနိုင် ဘုရင်ကြီးကိုတိုင်ကြတော့သည်။ ဘုရင်ကြီး က သားတော်
ဝိဇယ ကိုကောင်းစွာ ကျင့်ကြံနေထိုင် ဘို့ ဥပရာဇာ တစ်ပါးလို အုပ်ချုပ် ဘို့
ပြောဆိုဆုံးမ ခဲ့ သော် လည်း
သားတော်က နားမထောင် ဆိုးမြဲ ဆိုးလျှက် မိုက်မြဲ မိုက်လျှက် ပါဘဲ။
အကြိမ်ကြိမ်ဖြစ်လာ တော့ ဘုရင် ကြီးမနေသာတော့ ကျောသားရင်သား မခွဲခြားရ
ဆောင်ပုာဒ် အတိုင်း သားတော် ၀ိဇယ ကို ပရိတ်သတ် ဗိုလ်ပုံ အလယ်မှာ စစ်ဆေးရ
တော့သည်။
ပြည်သူတွေ စွဲချက်တင် သည်။ မူးမတ်တွေက ထောက်ခံသည်။ ၀ိဇယ မင်းသားလည်း
ဆိုးသွမ်းကြောင်း ၀န်ခံတယ်။ မင်းကြီးလည်း မင်းသားကို သေဒဏ် ပေးတယ်။
မင်းသားလည်း ဘုရင်ကြီး ရဲ့ သေဒဏ် ကို သတ္တ၀ါ မှန်ရင် တစ်သက်မှာ နှစ်ခါ မသေဘူး ဆိုပြီး
ရဲဝံ့ဝံ့ လက်ခံတယ်။
သူဆိုးခဲ့တာ ကို သားမှားပါပြီ အသက်ဖြင့် ပေးဆပ် ပါမည်လို့ နောင်တ စကား
မဆို ဘဲ သူ့ကိုယ်သူ သူရဲကောင်း လိုလို တစ်သက်မှာ နှစ်ခါ မသေ ဘူးလို့ ဆို
လိုက်သေးတယ်။
စာရှုသူကော ဆိုးရဲ မိုက်ရဲ သေရဲ တဲ့ မင်းသားဝိဇယ ကို သူရဲကောင်းလို့ ခံစားမိရဲ့လား ။
(အထက်ပါ စာပိုာဒ် ကို ဆရာ ချစ်ဦးညိုရဲ့ နင်လားဟဲ့ လောကဒဏ် စာအုပ်မှ
မှီငြမ်း ပါသည်။)
ကျွန်တော် တောမြို့လေးမှာရှစ်တန်း အောင်ပြီး ကိုးတန်းတက်တော့ ရန်ကုန်ရောက် နေပြီ ။
မှတ်မှတ်ရရ အရေးအခင်း မဖြစ်ခင် တစ်နှစ် ဆိုတော့ ၁၉၈၇ ခုနှစ် အဲဒီ
တုန်းက ထောင်ကျောင်းလို့ နာမည်ကြီးတဲ့ ကျောင်းမှာ ကိုးတန်း တက်ရတယ်။
ကျောင်းဖွင့်ပြီး တစ်ပတ်ကြာမှ ကျောင်းတက်ရ တော့ နောက် ဆုံး အခန်းဖြစ်တဲ့
နှစ်ကျတွေ ထားတဲ့ အခန်းမှာ နေရတယ်။
အခန်းထဲ ကိုဝင်လိုက် တယ်ဆိုရင်ဘဲ ၀ုန်းဒိုင်းကြဲ နေတဲ့အသံပေါင်းစုံကိုကြားရတော့တာဘဲ။
တောကျောင်းက လာတက်တာဆိုတော့ အားလုံးကို
နည်းနည်းတော့ကြောက် လန့်မိတယ်။
ကံအားလျှော်စွာဘဲ ရှေ့ဆုံးရဲ့ ဒုတိယတန်းက တရုတ်ကလေး နှစ်ယောက် က သူတို့နဲ့ အတူ ထိုင်ဘို့ခေါ်တယ်။
နေရာယူပြီးတော့မှဘဲ ဘေးနားက တစ်ယောက် ထွန်းထွန်းက မိန်းမလျှာ လေးဖြစ်နေတာ သိရတယ်။
သူတို့ က နှစ်ကျကျောင်းသားတွေ ဖြစ်တဲ့ ခွေးဘီလူးတို့ အဖွဲ့ကို သတိထား ဘို့ပြောတယ်။
ခွေးဘီလူး အဖွဲ့က မုန့်စားဆင်းတဲ့ အချိန်မှာ အိမ်သာထဲမှာ ဆေးလိပ်သောက်ရင်း သူတို့ ကြည့်မရတဲ့ ကျောင်းသားတွေ ကို အုပ်စုဖွဲပြီး ရန်စ တတ်လို့ သူတို့ကို ကျောင်းသား အတော်များများ
ရှောင်ကြတယ်။
တစ်ရက်မှာ ကျောင်းစာသင် ခန်းထဲ ကို ခွေးဘီလူး တို့ အဖွဲ့ ဘောလုံးတစ်လုံး ဖွက်ယူလာခဲ့တယ်။
ဘောလုံးကစားရင်း အခန်းထဲ ဘုရားစင်က ပန်းအိုးကျ ကွဲသွားတယ်။
ခွေးဘီလူးက ခေါက်ဓား ကိုထုတ်ပြီး စားပွဲကို စိုက်ပြတယ်။
အဓိပ္ပါယ် ကတော့ ပန်းအိုးကွဲတာ သူတို့အဖွဲ့ကြောင့်လို့ ပြောတဲ့သူ ကို သူ့ဓားအကြောင်းသိရမယ်ပေါ့။
အဲဒီနောက် ဆရာမ အခန်းထဲ ၀င်လာခဲ့တယ်။ ပန်းအိုး ကိုဘယ်သူခွဲ လည်းမေး တယ်။
ခွေးဘီလူး ဓားကိုကြောက်လို့ ဘယ်သူမှ အမှန် မပြောရဲ ဘူး။
တစ်တန်းလုံး ငြိမ်နေ ပြီး လက်သည် မပေါ်တော့ ဆရာမ ဒေါသ က ငယ်ထိပ် တက်နေပြီ။
လက်သည် မပေါ်ရင် တစ်တန်းလုံး ကြိမ်စာကျွေး မယ်လို့ ဆရာမ ဆုံးဖြတ်တယ်။
ဆရာမ ကြိမ်လုံး ကို ကိုင်ပြီး ရှေဆုံး ကျောင်းသားကိုရိုက်မယ်ပြင်တုန်း
ကျွန်တော့်ဘေးက မိန်းမလျှာလေး ထွန်းထွန်းက "ကျွန်တော်သိပါတယ်
ခွေးဘီလူး တို့အဖွဲ့ပါ ရှင့် ..အဲခင်ဗျ" ဆိုပြီး အသံ ထွက်လာတယ်။
တစ်တန်း လုံးပြုံးစိစိ ဖြစ်သွားပေမယ့် ဘယ်သူမှ အသံထွက်အောင် မရယ်ရဲဘူး။
ဆရာမ ကြိမ်လုံး ရော ခွေးဘီလူး ဓားကော ကြောက်လို့ထင်ပါတယ်။
ဆရာမ က တစ်တန်းလုံး မပြောရဲတဲ့ တရားခံကို ဘာကြောင့် ထွန်းထွန်း ကဖော် သလဲ
လိုမေးတဲ့ အခါ ခွေးဘီလူးက သူ့ကိုငြိုးမယ် မှန်း သိပေမယ့် "လူဆိုးတစ်ယောက်
ကြောင့် တစ်တန်းလုံး အရိုက်ခံ ရမှာ မကြည့်ရက်လို့" ပြီးတော့ "မတရားတာကို
မကြိုက်လို့" ဆိုပြီး သူ့ အဖြေကို ရိုးရှင်းစွာ ဖြေဆိုပါတယ်။
ဆရာမ က အပြစ်လုပ်ပြီး မိမိအပြစ်ကို ၀န်မခံရဲ တဲ့ အပြင် သူတစ်ပါးကို
နိုင်လို မင်းထက် ပြုမူသူဟာ သူရဲဘောနည်းပြီး သတ္တိကြောင်သူ သာဖြစ်ကြောင်း
မည်သို့ပင် ယောကျားနှင့်တူသော ချပ်ဝတ်တန်ဆာတွေ ဆင်မြန်းထား စေကာမူ သူရဲကောင်း မဖြစ်ဘဲ
သူမိုက်သာဖြစ်ကြောင်း သူရဲကောင်းဟူ သည် ယောကျား မိန်းမ မည်သူမဆို
သူရဲကောင်း ဖြစ်နိုင်ကြောင်း ရာဇ၀င်တွင် မိန်းမ သူရဲကောင်းများလည်း အများအပြားရှိကြောင်း၊ ထို့အတူ ထွန်းထွန်း လို အများအတွက် အနစ်နာ ခံလိုတဲ့ စိတ်၊ မတရားမှုအတွက် အမှန်ကို ရင်ဆိုင်ရဲတဲ့ စိတ်ဓာတ် နဲသတ္တိ တွေကို ကျောင်းသားတိုင်း နမူနာ ယူသင့်ကြောင်း ပြောဆို ဆုံးမပါတယ်။
ဆရာမ ဆုံးမပြီး နောက်နေ့များတွင် ခွေးဘီလူး တို့အဖွဲ့လည်းအရင်ကလို မဆိုးတော့ပါ။
ထွန်းထွန်း ကိုလည်း အတန်းသားများက မလှောင်ပြောင်တော့ ပါ။
အတန်းထဲတွင် တော့ ပြောစမတ်တွင်သွားသည် ထွန်းထွန်းလောက်တော့ သတ္တိရှိပါ
(၀ါ)မိန်းမလျှာ လောက်တော့ သတ္တိရှိပါ။
ကျွန်တော့် ထင်ပါသည် သူရဲကောင်း ဆိုသည်မှာ အများကောင်းကျိုး အတွက် မိမိအကျိုးကို စွန့်လွှတ် ပြီး မတရားမှု အတွက်အရာရာကို သတ္တိရှိရှိ နဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲ သူလို့ ။
ဒီဆောင်းပါးလေး နဲ့ လူမသိ သူမသိ အညတရ သူရဲကောင်းတိုင်း ကို ဂုဏ်ပြု ပါတယ်။
သီဟ(ချစ်သော ဈေးသည်)
၁၆း၃၀ နာရီ ( ၀၈-၁၂-၂၀၁၂ )

0 ကွန်မန့်ရေးရန်:

Post a Comment