Thursday, August 16, 2012

အစိုးရ ဝန်ထမ်းများ မိုဘိုင်း SIM ကတ် အရစ်ကျဝယ်ယူခွင့်ရ လူထုလက်ကိုင်ဖုန်း သုံးမှုပိုများလာ


သျှမ်းသံတော်ဆင့်

မိုဘိုင်း SIM ဖုန်း ဝန်ထမ်းများ အရစ်ကျဝယ်ယူနိုင်ခွင့်ရရှိလာသဖြင့် သျှမ်းပြည်ဒေသခံ လူငယ် များ လက်ကိုင်ဖုန်းဝယ်ယူသုံးစွဲမှု များပြား လာ ကြောင်း သျှမ်းပြည်မြောက်ပိုင်းဝန်ထမ်းများ အသိုင်း အဝိုင်းကပြောသည်။

“ ဆင်းမ်ကတ်တခုကို ၂ သိန်းခွဲ။ တခါတည်းမတတ်နိုင်ရင် ငွေလေးသောင်းချထားပြီး အရစ်ကျ တလ ၁ သောင်း ပေးသွားလို့ရတယ်။ ဒါပေ မယ့် အစိုးရ ဝန်ထမ်းတွေဘဲရမယ်။ ကုမ္မဏီဝန်ထမ်းတွေ တော့ မပေးဘူး။ သူတို့က လစာ မြင့်တယ်လို့ အစိုးရက ယူဆ လို့နေမှာပေါ့” ဟု လားရှိုး မြို့နေ ပညာရေး ဝန်ထမ်းမိသားစုဝင်တဦးကပြောသည်။

WCDMA နှင့် GSM ဖုန်းနံပတ်များကို အစိုးရ၏ ဆက်သွယ်ရေးဌာနက ချပေးခြင်းဖြစ်ပြီး ယခုအခါ မြို့နေလူထု ဒေသခံလူငယ်အများစုက လက်ကိုင်ဖုန်းကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ၊ မြို့ကြီးများ၌ အဆိုပါ ဖုန်းများဖြင့် 3G အင်တာနက်ချိတ်၍လည်း သုံးနိုင်ပြီ ဖြစ်ကြောင်း စီးပွါးရေး လုပ်ငန်းရှင် လူငယ်တဦးကလည်း သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

“အခုလို လွယ်လွယ်နဲ့ ရနိုင်တော့ လူငယ်တိုင်းနီးပါးရဲ့လက်ထဲမှာ လက်ကိုင်ဖုန်းလေးတွေ တွေ့တယ်။ နောက်ပြီး အင်တာ နက်ချိတ်ချင်လဲ မှတ်ပုံတင်ပြီး  ၁၁,၀၀၀ ကျပ် ထပ်ပေးရတယ်။ ဆိုတော့ ခုတပတ် နှစ်ပတ်အတွင်း မှာ ဘဲ အင်တာနက်ဆိုင်တွေမှာဆိုရင် လာသုံးတဲ့ လူတွေ သိသိသာသာကြီးကို လျော့သွားတယ်။ နယ်မြို့တွေမှာဆိုရင်တော့လိုင်းနှေးတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် မှာဆိုရင် တော့ မြန်သလား မမေးနဲ့။ ဒါပေမယ့်လူတွေက မရှိတာထက်စာရင်တော့ ဖုန်းဆိုရင်လဲ ကိုင်ရ ခဲတော့ ပျော်ကြတယ်လေ” ဟု လားရှိုးမြို့ တက္ကသိုလ် ကျောင်းသူ တဦးကပြောသည်။

ယခုချပေးသော ဖုန်းနံပတ်များမှာ ပြည်တွင်းခေါ်ဆိုမှု တမိနစ် ၄ ကျပ်ကျကြောင်း၊ ယခင့်ယခင်က ချပေးသော စနစ်မှာမူ WCDMA တမိ နစ် ၄ ကျပ်၊ GSM တမိနစ် ၂ ကျပ် ကုန်ကျကြောင်း အဆိုပါ စီးပွါးရေးလုပ်ငန်းရှင်လူငယ်က ဆက်လက်ပြောပြသည်။

ယခုနှစ်ဆန်းမှစ၍ အစိုးရ၏ ဆက်သွယ်ရေးဝန်ကြီးဌာနက CDMA၊ GSM ဖုန်းနံပတ်များကို မြို့နယ် တိုင်းနီးပါးသို့ချပေးခဲ့သဖြင့် ဒေသခံ လူ ငယ်များဝမ်းသာနေကြကြောင်းသိရပါသည်။ ဖုန်းဆက်(လက် ကိုင်ဖုန်းတလုံး)အညံ့စားဖုန်းတလုံး အနည်းဆုံး ကျပ်သုံးသောင်းဖြင့် ဝယ်ယူ အသုံးပြုနိုင်သည်ဟု ဆိုပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment