Thursday, August 16, 2012

MPT နှင့် ညှိနှိုင်း၍ Elite ကားများတွင် အင်တာနက်သုံးနိုင်ရန် စီစဉ်မည်




By The IT Times Originally
၂၀၁၁ ခုနှစ် ဇန်နဝါရီလ ဝန်းကျင်တွင် စတင်ပြေးဆွဲခဲ့သော Elite Express ယာဉ်လိုင်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ညှိနှိုင်း၍ ကားအတွင်း၌ အင်တာနက် အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အရင်က Sky Net အင်တာနက်လိုင်းကို Elite ယာဉ်လိုင်းတွေမှာ တပ်ဆင်မလို့ပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မတပ်ဆင်ဖြစ်ခဲ့ပါဘူး။ ဒါကြောင့် မြန်မာ့ဆက်သွယ်လုပ်ငန်းရဲ့ အင်တာနက်လိုင်းနဲ့ တပ်ဆင်ဖို့ ဆောင်ရွက်မှာပါ” ဟု Elite Express မှ မန်နေဂျာ ဦးထွန်းမြတ်စံက ပြောသည်။

Elite Express ယာဉ်လိုင်းမှာ ဆွီဒင်နိုင်ငံထုတ် နှစ်ထပ်ကားများဖြင့် ပြေးဆွဲနေခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ရန်ကုန်-မုံရွာ-ပြင်ဦးလွင် အစရှိသည့် နေရာများသို့ ယာဉ်အစီးရေ ၃၃ စီးဖြင့် ပြေးဆွဲလျက်ရှိသည်။

မကြာမီ အချိန်အတွင်း၌လည်း ရန်ကုန်-လားရှိုးသို့ ယာဉ်လိုင်းများ တိုးချဲ့ပြေးဆွဲနိုင်ရန် အတွက်ပါ စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

“ပြည်ပနိုင်ငံက အဆင့်မြင့်ကားကြီးတွေကို မှာယူပြီး ပြည်တွင်းမှာ တိုးချဲ့ပြေးဆွဲနိုင်ဖို့ ဆောင်ရွက်မယ့် အဲ့ဒီကားတွေမှာလည်း အင်တာနက်ကို မဖြစ်မနေ တပ်ဆင်ပေးမှာပါ” ဟုပြောသည်။

လတ်တလော အခြေအနေတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အသုံးပြုခွင့်ပေးထားသော မိုဘိုင်းဖုန်းများဖြင့် အင်တာနက်စနစ်ကို ယာဉ်လိုင်းများပေါ်တွင် သုံးစွဲခွင့် ပေးပါကလည်း သုံးစွဲသူအများစု အဆင်မပြေမှုများ ရှိလာနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

“အခုလို ကားပေါ်မှာ အင်တာနက် အသုံးပြုနိုင်အောင် စီစဉ်ပေးတော့ ခရီးသွားသူတွေအတွက် အဆင်ပြေမှုတွေ ရှိလာနိုင်မှာပါ” ဟု ခရီးသွား ပြည်သူတစ်ဦးက ပြောကြားခဲ့သည်။



ရှိန်းဝင်းထိုက်

0 ကွန်မန့်ရေးရန်:

Post a Comment