Saturday, August 11, 2012

ပြည်ထောင်စုလမ်းမ ရေကြီး၊ လူတစ်ဦး မျောပါသေဆုံး


ကော့လီ

မူစယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိတဲ့ သိန္နီမြို့အဝင်မှာ ဩဂုတ်လ ၇ ရက်နေ့မှာ လမ်း ရေကျော်တာကြောင့် ဖြတ်သန်းသွားတဲ့ လူ တစ်ဦး ရေနဲ့အတူမျောပါ သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။

ရေနဲ့အတူ မျောပါသေဆုံးသွားသူမှာ သိန္နီမြို့နယ် ပန်စုံရွာနေ အသက် ၅၂ နှစ် အရွယ်ရှိ ဦးဌေးလွင် ဆိုသူဖြစ်ပြီး သူနဲ့အဖော်သုံးဦး ဆိုင်ကယ် ကို တုတ်နဲ့လျှိုထမ်းကာ ရေကိုဖြတ်ကျော်ဖို့ ကြိုးစားစဉ်မှာ အခုလို မျောပါသွားတာဖြစ်ကြောင်း သိရပါတယ်။ ဦးဌေးလွင်နဲ့ အတူပါ သူများကို တော့ အများက ဝိုင်းဝန်းဆယ်ယူ ရရှိလိုက်ပေမယ့် ဦးဌေးလွင် ကတော့ ရေနဲ့အတူမျော သွားပြီး ရှာမတွေ့တော့ဘူးလို့ သိရပါ တယ်။

သိန္နီမြို့အဝင် နမ္မတူမြစ်ကူးတံတားနဲ့ မြို့ဦးဆီဆိုင် အကြားမှာ ရေကျော်နေတာဖြစ်ပြီး ကားများအနေနဲ့ စက်အားနဲ့ ရုန်းဖြတ်သွား နိုင်ပေ မယ့် ဆိုင်ကယ်များ သွားလာဖို့တော့ အတော်ခက်ခဲတယ်လို့ သိရပါတယ်။ အလျင်လိုပြီး အမြန်ဖြတ်သန်းသွားလိုတဲ့ ဆိုင်ကယ်ကယ်ရီ များအနေနဲ့ ရေစီးသန်တာကြောင့် လူငှားပြီး ဆိုင်ကယ်ကို တုတ်နဲ့လျှိုထမ်းပြီးသယ်သွားရတယ်လို့ သိန္နီမြို့ခံ တစ်ဦးက ကော့လီကို ပြော ပါတယ်။

ဆိုင်ကယ်တစ်စီး သယ်ဖို့ ၅ ထောင်ပေးရတယ် – လို့ အဆိုပါ မြို့ခံက ပြောပြပါတယ်။

ဩဂုတ်လ ၇ ရက်နေ့ သိန္နီမြို့မှာ မိုးလုံးဝ မရွာပေမယ့် ဩဂုတ်လ ၆ ရက်နေ့ကတော့ မိုးအကြီးအကျယ်ရွာထားပြီး တောင်ကျရေများ ကြောင့် နမ္မတူမြစ်က အခုလို ရေကြီးလာတာဖြစ်တယ်လို့ ဒေသခံများက ပြောပါတယ်။ မြို့တွင်းမှာတော့ အိမ်တချို့ကို ရေဝင်တာ၊ လမ်းပေါ် ရေလွှမ်း တာမျိုးလည်း ရှိကြောင်း သိရပါတယ်။

အခုလို ဦးဌေးလွင် ရေမျောပါသွားပြီးတဲ့နောက်မှာ အာဏာပိုင်များက နမ္မတူမြစ်ကူးတံတားကို ဖြတ်သန်းခွင့်ပိတ်ပင်လိုက်တဲ့အတွက် ကြောင့် သိန္နီမြို့မှာ ခရီးသွားကားများ၊ ကုန်တင်ကားများ သောင်တင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment