Saturday, August 11, 2012

အာဆီယံအဆင့် ကျွမ်းကျင်လက်မှတ် ဂဟေလုပ်သားများအား ထုတ်ပေးတော့မည်



by Popular News, Thursday, 09 Aug 2012 16:25 Photo

ဂဟေလုပ်သားများအား အာဆီယံအဆင့်မီ ကျွမ်းကျင်မှု လက်မှတ်များ စတင် ထုတ်ပေးတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း တာဝန်ရှိသူထံမှ သိရသည်။

ယင်းကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်များအား စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ကာ အောင်မြင်သူများကိုသာ ပေးအပ်သွားမည် ဖြစ်ပြီး အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် သတ္တုနှင့် အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းတို့ပါ ပူးပေါင်းပါဝင် စစ်ဆေးမည် ဖြစ်ကြောင်း ၎င်း ပုဂ္ဂိုလ်က ပြောသည်။

“အခုထုတ်ပေးမယ့် လက်မှတ်က အာဆီယံနိုင်ငံတိုင်းက အသိအမှတ်ပြု လက်ခံနိုင်တဲ့ လက်မှတ်ပါ။ ဒီက လုပ်သားတွေက လုပ်ငန်းပိုင်း ကျွမ်းကျင်နေရင်တောင်မှ လက်မှတ်တွေ မရှိကြဘူးလေ” ဟု ၎င်းက ဆက်လက်ပြောသည်။

၎င်းစစ်ဆေးမှုများအား သြဂုတ်လ ၉ ရက်နေ့မှ ၁၂ ရက်နေ့ အတွင်း ပြုလုပ်သွားမည် ဖြစ်ကာ ဂဟေလုပ်သားများ ဘေးအန္တရာယ် ကင်းရှင်းရေး နည်းပညာများကိုပါ ဝါရင့် အင်ဂျင်နီယာကြီးများက တစ်ပါတည်း ပို့ချ စစ်ဆေးသွားမည် ဖြစ်သည်။

ကျွမ်းကျင်မှု လက်မှတ်ကိုလည်း Level (I) နှင့် Level (II) ခွဲခြား သတ်မှတ်ပေးထားပြီး Level (I) အတွက် 3G သို့မဟုတ် 4G အောင်မြင် ရမည်ဖြစ်ပြီး Level (II) အတွက်မူ နှစ်ခုစလုံး အောင်မြင် ရမည် ဖြစ်ကြောင်း သိရသည်။

ပထမဆုံးအကြိမ် အဖြစ် ဂဟေလုပ်သား ၃၀ မှ ၄၀ အထိ လက်ခံ စစ်ဆေးပေးသွားမည် ဖြစ်ပြီး စစ်ဆေးမှု နောက်ဆုံး အဆင့်တွင် X-Ray ဖြင့် ကြည့်ရှုစစ်ဆေးကြမည် ဖြစ်၍ တစ်ရက်ဖြေဆိုခ အား ငွေကျပ် ခြောက်သောင်းခွဲအထိ သတ်မှတ်ထားခြင်း ဖြစ်ကြောင်း အင်ဂျင်နီယာအသင်း တာဝန်ရှိသူက ဆက်ပြောသည်။

“ဂဟေကျွမ်းကျင်မှု လက်မှတ်တွေ ထုတ်ပေးနိုင်ဖို့ စမ်းသပ်စစ်ဆေးမှုတွေအတွက် အရင်းအနှီး အများကြီး စိုက်ထားရပါတယ်။ အထူးသဖြင့် လက်တွေ့လုပ်မယ့် ပစ္စည်းစရိတ်တွေ ရှိတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

စစ်ဆေးမှု အောင်မြင်သူများအား အာဆီယံ အဆင့်မီလက်မှတ်များ ပေးအပ် ချီးမြှင့်မည် ဖြစ်သော်လည်း ဂဟေလုပ်ငန်း သဘောအရ လက်မှတ်တစ်ခု၏ သက်တမ်းမှာ ခြောက်လအထိသာဖြစ်ပြီး ယင်းလများအတွင်း ဂဟေလုပ်ငန်း လုပ်ကိုင်ခြင်း မပြုပါက လက်မှတ် အလိုအလျောက် ပြက်ပျယ် မည်ဖြစ်ကြောင်း၊ ၎င်းလက်မှတ်အား ခြောက်လ တစ်ကြိမ် သက်တမ်းတိုးရန် လိုအပ်ပြီး သုံးနှစ်ကြာပါက စစ်ဆေးမှု ပြန်လည်ဖြေဆို၍ လက်မှတ်အသစ် လဲလှယ်ရမည် ဖြစ်ကြောင်း သိရသည်။



သုတလင်း

0 ကွန်မန့်ရေးရန်:

Post a Comment