Tuesday, July 24, 2012

ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုက Mobile Payment အား စမ်းသပ်ဆောင်ရွက်လျက်ရှိ





ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar SoftGate Technology ကုမ္ပဏီက Mobile Payment စနစ်တစ်ခုအား စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါကုမ္ပဏီမှ ကိုရန်နောင်စိုးက ပြောသည်။

အင်တာနက်ပေါ်တွင် အွန်လိုင်းငွေပေးချေမှုအား ဆောင်ရွက်နိုင်ရန်အတွက် Myan Pay Online Payment System အား
လက်ရှိ Beta အဖြစ် အဆိုပါကုမ္ပဏီက လွှင့်တင်ထားပြီး ယခုကဲ့သို့ Mobile Payment အားထို Myan Pay တွင် ထပ်မံဖြည့်သွင်းနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

“Myan Pay က ပြည်တွင်းကလူတွေ အွန်လိုင်းမှာ မြန်မာကျပ်ငွေနဲ့ ငွေပေးချေလို့ရအောင် စီစဉ်ပေးတဲ့ စနစ်ဖြစ်ပါတယ်။

အခုစီစဉ်နေတဲ့ Mobile Payment က Myan Pay ကို Off Line သုံးလို့ရအောင် စီစဉ်တာပါ” ဟု၎င်းကပြောသည်။

အဆိုပါ Mobile Payment စနစ်အသုံးပြုပုံမှာ Super Market၊ ဈေးဆိုင် အစရှိသည်တို့တွင် ပစ္စည်းဝယ်ယူပါက မိမိ၏မိုဘိုင်းဖုန်းနံပါတ်ကို ဈေးဝယ်ကောင်တာတွင် ပေးရမည်ဖြစ်ပြီး ကောင်တာရှိတာဝန်ရှိသူက မိမိ၏မိုဘိုင်းဖုန်းနံပါတ်ကို Mobile Payment အတွက်ပြုလုပ်ထားသည့် System တွင်ရိုက်ထည့်မည်ဖြစ်ကြောင်း၊ ထိုသို့ရိုက်ထည့်ပြီးပါက မိမိဖုန်းသို့ ဖုန်းခေါ်ဆိုခြင်းတစ်ခု ၀င်လာမည်ဖြစ်ကြောင်း၊ ထိုသို့ဝင်လာပါက ဖုန်းကိုင်ကာ ကောင်တာရှိ Voice Recognition စနစ်တွင် မိမိဖုန်းကို ကပ်ထားရမည်ဖြစ်ကြောင်း၊ ထိုသို့ ကပ်ထားပြီးသည့်နောက် မိမိဖုန်းသို့ ငွေပေးချေပြီးကြောင်း SMS တစ်စောင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

၎င်း Mobile Payment စနစ်အတွက် ဘဏ်၊ ဆိုင်၊ စူပါမားကတ်များနှင့် SoftGate Myanmar Technology တို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

“အသုံးပြုဖို့အတွက် Myan Pay အကောင့် ရှိထားရမှာဖြစ်ပါတယ်” ဟု ကိုရန်နောင်စိုးက ဆက်လက်ပြောကြားသည်။

မိုဘိုင်းဖုန်းရှိသူတိုင်း အဆိုပါစနစ်ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မိုဘိုင်းဖုန်းအခြေပြု ငွေပေးချေမှုစနစ် (Mobile Payment System) ကို လတ်တလောကာလတွင် Pay Pass ဟုအမည်ပေးထားကြောင်း သိရသည်။

ရေးသားသူ -ထွန်းထွန်း

from IJ - Internet Journal by (Administrator)

0 ကွန်မန့်ရေးရန်:

Post a Comment