Tuesday, July 24, 2012

အိန္ဒိယမှ ထုတ်လုပ်တဲ့ ၃၅ ဒေါ်လာတန် အာကက်ရှ် တက်ဘလက်



အိန္ဒိယနိုင်ငံ တက်ဘလက်ဈေးကွက်မှာ အာကက်ရှ် (Aakash) ဆိုတဲ့ တက်ဘလက် PC တွေရောက်လာတယ်။ အိန္ဒိယ ရူးပီးငွေနဲ့ဆိုရင် ၂၅၀၀ လောက်ရှိတယ်ဆိုတော့ ကာလပေါက်ဈေးအရကြည့်ရင် ၃၅ ဒေါ်လာတော့ တန်တယ်။ ပြင်ပကိုရောင်းတော့ ရူပီး ၂၅၀၀ ဆိုတာ ဒေါ်လာ ၅၀ လောက်နဲ့ ညီပါတယ်။ ဒါလည်း အတော်လေး သက်သာ နေသေးတယ်။
ပညာရေးဌာနနဲ့ ကျောင်းတွေအတွက် ရောင်းတော့သာ စီမံချက်နဲ့ ရောင်းတာဖြစ်လို့ ၃၅ ဒေါ်လာ လောက်နဲ့ ရောင်းတာလို့လည်း သိရတယ်။ ပြိုင်ဘက်တွေအားလုံး လက်ဖျားခါသွားတယ်။ တက်ဘလက် တစ်လုံး ၃၅ ဒေါ်လာဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာလို့ အံ့အားသင့်သွား ကြပေမယ့် တကယ့်လက်တွေ့မှာ ထွက်လာခဲ့ပါတယ်။
အာကက်ရှ် မထွက်မီကတည်းက တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေကြတယ်။ ၃၅ ဒေါ်လာလောက်နဲ့ အလကားပါ၊ ကောင်းမှာ မဟုတ်ပါဘူးလို့ ဝိုင်းဝန်းဝေဖန်ကြတယ်။ အာကက်ရှ်ကို ၂၀၁၁ ဒီဇင်ဘာလောက်ကတည်းက အွန်လိုင်းမှာ စရောင်းတယ်။ မကောင်းပါဘူးပြောနေတဲ့ တက်ဘလက်ဟာ တစ်ပတ်အတွင်းရောင်းလို့ ကုန်သွား တယ်။ Ncarry.com မှာ ကြိုတင်မှာထားတဲ့ လုံးရေက ၁.၄ သန်းရှိတယ်။ အဲဒီလောက် အများကြီးကို အမှန်တော့ မထုတ်နိုင်ခဲ့ဘူး။ 

အာကက်ရှ် တက်ဘလက်ကို iPad 2 လောက်ကောင်းတယ်လို့တော့ မပြောနိုင်ဘူးပေါ့။ ထည့်ထားတာတွေ ကိုလည်းကြည့်လေ။ မြင်ကွင်း ၇ လက်မ touchscreen နဲ့ pixel resolution က 800 x 480 ရှိတယ်။ ပရိုဆက်ဆာက ARM11-366NHz ကိုထည့်ထားတယ်။ ဘက်ထရီက 2,100mAh အမျိုးအစားသုံးထားတယ်။ အနည်းဆုံး ၃ နာရီ လောက်တော့ ခံတာပေါ့။ သုံးတဲ့အပေါ်မူ တည်ပြီးတော့ အနည်းအများတော့ ရှိနိုင်ပါတယ်။ RAM က 256MB နဲ့ Android 2.2 Froyo OS ကို သုံးထားတယ်။
ကျောင်းသားတွေအတွက် အဓိက ရည်စူးထားတာဖြစ်လို့ documents တွေဆိုရင် DOC, DOCX, PPT, PPTX, XLS, XLSX, ODT, ODP format တွေအားလုံး ဖတ်နိုင်အောင်လုပ်ထားတယ်။ PDF Viewer နဲ့ text editor တွေလည်းပါသေးတယ်။ ဒါကြောင့် ဘယ်စာကိုမဆိုဖတ်ဖို့ကတော့ ကောင်းကောင်းရတယ်။ 

အင်တာနက်အတွက်လည်း xHTML 1.1 နဲ့ JavaScript 1.8 ကိုရတယ်။ Browser အနေနဲ့က UbiSurfer ဆိုတာကိုထည့်ထားတယ်။ IE8 rendering ပြန်လုပ်နိုင်တယ်။ USB port ၂ ခု၊ microSD slot တစ်ခုကို 32 GB အထိ သိုလှောင်နိုင်စွမ်းရှိပါတယ်။ YouTube အတွက် သီးခြား application ကို လည်းတင်သုံးနိုင်တယ်။
အာကက်ရှ်ကို ခုချိန်မှာ version နှစ်မျိုးခွဲထုတ်တယ်။ မူလ Aakash ကိုတော့ UbiSlate 7 လို့ အမည် ပြောင်းပေးထားပြီး၊ နောက်အသစ် Aakash 2 ကိုတော့ UbiSlate 7+ လို့ခေါ်ထားတယ်။
UbiSlate 7 က GPRS နဲ့ Wi-Fi IEEE 802.22 a/b/g တွေကို support လုပ်တယ်။ သူ့အထဲမှာ Nimbuzz ဆိုတဲ့ ဆော့ဖ်ဝဲကို ထည့်ထားတာကြောင့် message တွေကို စာနဲ့ပို့ရင်လည်း လက်ခံနိုင်တယ်။
UbiSlate 7+ ဆိုတာကတော့ upgrade ထပ်လုပ်ထားတဲ့ အာကက်ရှ်တက်ဘလက်ပါ။ Aakash 2 လို့လည်း ခေါ်ကြ တယ်။ Cortex A8-700 MHz processor ကို သုံးထားတယ်။ ဘက်ထရီက 3,200 mAh မြှင့်ထားလို့ ပိုစွမ်းအား ကောင်းသွားတယ်။ OS ကိုတော့ Android 2.3 Gingerbread ထည့်ပေးထားတယ်။ Wi-Fi အစား 3G နဲ့ connection ရအောင်စီစဉ်ထားတယ်။ USB port က ၂ ခု၊ ကီးဘုတ်တပ်သုံးလို့ရတဲ့အပြင် web ကင်မရာလည်းပါတယ်။ ထူးခြား တာက pen-drive တွေကိုပါ တွဲသုံးလို့ရတယ်။ သူ့ကိုတော့ ရူပီး ၂၉၉၉ နဲ့ရောင်းတော့ ဒေါ်လာ ၆၀ လောက်ရှိမယ်။ ဒီနှစ်ဖေဖော်ဝါရီလအထိ အရောင်းလက်ကျန်မရှိတော့ဘူး။ ကြိုတင်အမှာတွေကပြည့်နေပြီ။ မတ်လအထိ စောင့်နေ ကြတဲ့ သူတွေတောင်ရှိတယ်လို့ဆိုတယ်။
အာကက်ရှ်ကောင်းမှန်းသိပြီး အော်ဒါတွေများလာတော့ အာကက်ရှ်ကို ပညာရေးအတွက် အစီအစဉ်အနေနဲ့ထားပြီး နောက်ပိုင်း version တွေအများကြီး ခွဲထုတ်ဦးမယ်လို့ သိရတယ်။ ClassPad, Beetel Magiq Glide, Reliance 3G Tab, Spice Mi-720, IdeaPad A1 ဆိုတဲ့အမည်တွေနဲ့ပါ။ စီးပွားရေးအတွက် ဈေးကွက်တင်မှာဖြစ်လို့ သူတို့ကိုတော့ ရူပီး ၁၀၀၀၀ လောက်နဲ့ရောင်းမယ်၊ ပိုလည်းကောင်းလာမယ်လို့ဆိုထားတယ်။ ဒေါ်လာ ၂၀၀ လောက်တော့ရှိမှာပေါ့။ 










အာကက်ရှ်ကို အိန္ဒိယအစိုးရက ကျေးလက်နဲ့ မြို့ပြပညာရေးကွာဟချက် လျှော့နည်းစေဖို့အစီအစဉ်အနေနဲ့ တန်ဖိုး နည်းတက်ဘလက်ဆိုပြီးထုတ်ထားတာဖြစ်တယ်။ ဦးဆောင်နေသူကတော့ ဆက်သွယ်ရေးဝန်ကြီး ကာပီးလ် ဆီဘဲလ် ဖြစ်တယ်။ မူလက Sakshat လို့ခေါ်ပြီး နောက်ပိုင်းကျမှ Aakash လို့ ပြောင်းခေါ်တယ်။ အစိုးရအနေနဲ့ ပညာရေး အတွက်ဆိုပြီး ၃၅ ဒေါ်လာနဲ့ လုံးရေ တစ်သိန်းထုတ်ရောင်းပြလိုက်တယ်။ နောက်ပိုင်းမှ ဈေးကွက်ကို ဒေါ်လာ ၅၀ လောက်နဲ့ ထုတ်ရောင်းတယ်။
အာကက်ရှ်နဲ့ပတ်သက်ပြီး ကြားရတဲ့သတင်းတွေထဲက ဆစ် ဖာဒေါ့စ် အရှရက်ဖ် ရဲ့ ရင်ဖွင့်သံလေးကို တင်ပြချင်ပါ တယ်။

အာကက်ရှ်အသံကြားကတည်းက ရွပိုးထိုးပြီး အရောင်းဆိုင်ကို ရောက်ခဲ့တယ်။ ၂ နာရီလောက်တန်းစီပြီးမှ ရတော့တယ်။
အိမ်ပြန်ရောက်တော့ ဖွင့်ကြည့်တယ်။ ကောင်းကောင်းအလုပ် လုပ်သားပဲ။ iPad 2 လောက်တော့ မကောင်းဘူးပေါ့။ ဝယ်လာခဲ့ရတဲ့ဈေးကလည်း ရူပီး ၂၅၀၀ လောက်နဲ့ ဆိုတော့ ဒီလောက်ရတာပဲ မဆိုးဘူးလို့ ဆိုရမယ်။
ကျွန်တော့် အပျော်ဟာ မိနစ် ၃၀ တောင် မခံပါဘူးဗျာ။ Wi-Fi ကိုဖွင့်သုံးလိုက်တာနဲ့ ရွာလည်တော့တာပဲ။ စက်က hang သွားပြီး ပတ်ချာလည်နေတာ။ လေးနာရီလောက်ကြာတဲ့အထိ လှုပ်တောင်မလှုပ်လို့ restart နဲ့ ပြန်ဖြုတ် လိုက်ရတယ်။
ကျွန်တော့် စက်လေးထဲမှာ ထည့်ထားတာက Android 2.2 တဲ့။ သူ့ အညွှန်းစာအုပ်ထဲမှာ ပါတဲ့အတိုင်း ဖုန်းသုံး နိုင်တယ်ဆိုလို့ လိုင်းနံပါတ်တွေ လိုက်နှိပ်ပြီး ခေါ်ကြည့်တယ်ဗျာ။ “လူကြီးမင်း” နဲ့ပဲတိုးတယ်။ အသံ ချိုချိုလေးနဲ့ “လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းနံပါတ်မှာ တပ်ဆင်ထားခြင်း မရှိပါ။ ကျေးဇူးပြုပြီး 1 800 180 2180 နဲ့ ဆက်သွယ်ကြည့်ပါရှင်” ဆိုတာကြားလိုက်ရတယ်။
ကဲလေ ဖုန်းမရတော့လည်း အီးမေးလ် ပို့ကြည့်မှဆိုပြီး ကျွန်တော့်လို တစ်နေ့တည်း အာကက်ရှ်ကိုဝယ်သွားတဲ့ သူငယ်ချင်းဆီကို အီးမေးလ်တစ်စောင်ပို့လိုက်တယ်။ အပြင်ဖုန်းကနေ သူငယ်ချင်းရေ ငါမင်းဆီကို အီးမေးလ်ပို့ လိုက်တယ်။ ရသလားလို့ ဝမ်းသာအားရ မေးကြည့်လိုက်တော့ “မရဘူး” ဆိုပြီး စိတ်ဆိုးမာန်ဆိုး ဒေါသတကြီး ပြန်ဖြေသံကြားလိုက်ရတယ်။ သူလည်း ဘာတွေအဆင်မပြေလို့ ပေါက်ကွဲနေသလဲ မသိပါဘူး။
ကျွန်တော်မိနစ် ၃၀ အတွင်း လွှင့်ပစ်ချင်လောက်အောင် စိတ်တိုစေတဲ့ ဒီ တက်ဘလက်က အစိုးရစီမံချက်နဲ့ ထုတ်နေတာလို့ သိရတယ်။ ကျောင်းသားတွေအတွက်တော့ ရူပီး ၁၅၀၀ လောက်နဲ့ ရောင်းပေးနေတယ်။ ကျောင်းသားတွေ သန်းချီပြီး အာကက်ရှ်တွေသုံးကြမယ်ဆိုတာ ကြားရတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့်လို မိနစ် ၃၀ အတွင်း ကျောင်းသားတွေ သန်းချီပြီး ကိုင်မရ၊ ချမရ၊ ဘာလုပ်လို့ လုပ်ရ မှန်းမသိတဲ့အဖြစ်ကိုတွေးပြီး ရင်လေးမိတယ်။ ခု ကျွန်တော်ပြောနေတဲ့ အချိန်မှာပဲ အာကက်ရှ်ကို အိန္ဒိယသားတွေ ၁.၄ သန်းလောက် ဝယ်ယူဖို့မှာထားတယ် ဆိုတာလည်း ကြားလိုက်ရတယ်။ စိတ်မကောင်းပါဘူးဗျာ။
ကျွန်တော် ကလေးဘ၀တုန်းက အစိုးရဆိုင်မှာ သွားတန်းစီပြီး ဈေးဝယ်တတ်တဲ့ အဘိုးကို “အဘိုးရယ် ဂျုံဝယ်တာများ ဘာလို့ အစိုးရဆိုင်မှာ သွားတန်းစီပြီး ဝယ်ရတာလဲ။ အပြင်ဆိုင်တွေမှာ တန်းမစီဘဲနဲ့ သွားဝယ်ပါလား” လို့ မေးကြည့်ဖူးတယ်။ အဘိုးနဲ့ ကျွန်တော့်အဖေ ပြောတာတွေကို ကျွန်တော် ခုထိကြားနေသေးတယ်။
“မြေးရယ် အဘိုးတို့က ဆင်းရဲတယ်။ အိန္ဒိယအစိုးရက ဒီလိုထောက်ပံ့နေတာကိုပဲ ကျေးဇူးတင်ရမယ်” လို့ ပြောတယ်။
ဒီအချိန်မှာ အလုပ်သမား သမဂ္ဂခေါင်းဆောင်တစ်ယောက်ဖြစ်နေတဲ့ ကျွန်တော့်အဖေက ဘာ ဝင်ပြောလိုက် သလဲဆိုရင်
“အဖေကလည်း ကျွန်တော်တို့ အခုရနေတဲ့ ခွဲတမ်းဆိုတာ အမေရိကန်မှာ မြင်းတွေစားတဲ့ ဂျုံတွေပါဗျာ။ အမေရိကန် မှာ မြင်းတွေတောင် စားလို့မရတော့တဲ့ အချိန်မှာ အိန္ဒိယကပြည်သူတွေအတွက်ဆိုပြီး စေတနာထားကာ ပို့လိုက်တဲ့ အဲဒီဂျုံအတွက် ကျွန်တော်တို့က ကျေးဇူးတင်နေရမှာလား” ဆိုတဲ့စကား မှတ်သားလောက်ပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment