Tuesday, July 24, 2012

မြစ်ကြီးနားကြံ့ဖွံ့ ဆန္ဒပြရေး လူမစုနိုင်သေး





ကျော်ခ

၂၀၀၆ နှစ်ဆန်းပိုင်း မြစ်ကြီးနား ကြံ့ခိုင်ရေးပါတီ စီစဉ်တဲ့ အင်အားပြပွဲတခု

ကချင်ပြည်နယ် ငြိမ်းချမ်းရေး လိုလားကြောင်း ဆန္ဒထုတ်ဖော်ကြဖို့ မြစ်ကြီးနားမှာ စည်းရုံးရေးဆင်းနေတာ အဆင်မပြေဘူး တဲ့။
ဘယ်သူတွေလဲ။

ဦးဆောင် လှုံ့ဆော်နေသူများ

ဒေါ်ဂျာခေါန် (ဆွမ်ပရဘွမ်မြို့နယ် ကြံ့ဖွံ့ပါတီ အမတ် ဦးခမိုင်တန်ရဲ့ ဇနီး)
ဒေါ်နန်ဆိုင်း (စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ အမတ် ဦးခက်ထိန်နန်ရဲ့ ဇနီး)
ဒေါ်ပါနူး (ဒေါ်နန်ဆိုင်းရဲ့ ညီမ)

ဒီလ ၂၆ ရက်နေ့ မြစ်ကြီးနားမြို့ပေါ်မှာ ဆန္ဒပြဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

မြို့ခံတွေကို လိုက်လံစုရုံးပေမယ့် မြစ်ကြီးနားမြို့ခံတွေက သူတို့အားလုံးကို စစ်တပ်ရဲ့ ဖွားဘက်တော် ကြံ့ဖွံ့ ပါတီဝင် တွေလို့ မြင်နေကြတဲ့အတွက် စည်းရုံးမှုတွေက မအောင်မြင်ဖြစ်နေပြီး ဆန္ဒပြကြမယ့် အစီအစဉ်ကို ဖျက်သိမ်းရမလို ဖြစ်နေပါတယ်။

ဆန္ဒပြဖြစ်ပါကလည်း ကြံ့ဖွံ့ပါတီဝင်တွေရဲ့ ကတော်တွေပဲဖြစ်လိမ့်မယ်လို့ မြို့ခံတွေက ယူဆနေကြပါတယ်။

တခြား လက်နက်ကိုင်အဖွဲ့တွေလို ချက်ချင်း အလွယ်တကူ ငြိမ်းချမ်းရေး လက်မှတ်မထိုးနိုင်ဘဲ ဖြစ်နေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို
အစိုးရက တနည်းတဖုံ ဖိအားပေးချင်နေတယ်၊ ဒီဆန္ဒပြပွဲဟာ အစိုးရနဲ့ ကြံ့ဖွံ့ပါတီရဲ့ အစီအစဉ် ဖြစ်နိုင်တယ်လို့ မြို့ခံတွေက မြင်နေကြတဲ့ အတွက် စည်းရုံးဖို့ အခက်တွေ့နေကြရတာပါ တဲ့။

“မိခင်တွေ ငြိမ်းချမ်းရေးတောင်းဖို့ပေါ့လေနော၊ အဲဒီ တခုကို လုပ်ဖို့တော့ တိုင်ပင်တာပေါ့၊ ဒါပေမယ့် ဘာမှ မပီပြင်သေးဘူး အဲဒီဥစ္စာကလေ၊ ကျမတို့က ဘယ်သူဘက်ကမှ လိုက်ပြီး ဆန္ဒပြတာ မဟုတ်ဘူး၊ အားလုံးက ပြည်သူလူထု စစ်စစ်တွေပဲ၊ အခုဟာက တယောက်ချင်းတွေ့မေးတဲ့ အဆင့်ပဲ ရှိသေးတယ် မသေချာသေးဘူး” လို့ ဒေါ်ဂျာခေါန် က ဧရာဝတီကို ပြောပါတယ်။

တကယ်လို့ဆန္ဒပြပွဲဖြစ်ခဲ့ရင်လည်း ဒုက္ခသည်တွေအပါအဝင် ဘယ်အသင်းအဖွဲ့ ဘယ်ပါတီမှ ပါမှာမဟုတ်ဘဲ မြို့ပေါ်မှာရှိတဲ့ မြို့ခံ အမျိုးသမီးတွေသီးသန့်ပြကြမှာလို့ ဆိုပါတယ်။

မြို့ပေါ်မှာ အမျိုးသမီးတွေ ဆန္ဒပြနိုင်ဖို့ အတွက် ဒီအမျိုးသမီးအဖွဲ့ထဲက ခေါင်းဆောင်လုပ်မယ့်သူတွေက ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အဖွဲ့ PCG ကိုလည်း သွားရောက် အကြံအဥာဏ်တောင်းခဲ့သေးတယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ခေါင်းဆောင်တွေက ဒီလိုလုပ်ဆောင်မှုကို တားမြစ်ခြင်း၊ အားပေးခြင်းမရှိပေမယ့် “လုပ်ဖို့ ပြင်ဆင်တယ်ဆိုရင် ငြိမ်းချမ်းရေး အတွက် ဆေးပဲဖြစ်ပါစေ၊ အဆိပ်မဖြစ်ပါစေနဲ့လို့” သတိပေးပြောဆိုလိုက်ကြောင်း အကျိုးတော်ဆောင် တဦးက ပြောပါတယ်။

“ငြိမ်းချမ်းရေးအတွက် တကယ်လိုအပ်နေတာက အစိုးရက တကယ်ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် ကချင်တပ်တွေ နားမှာ တည်ထားတဲ့ အစိုးရတပ်တွေကို အရင်ဆုံး နောက်ဆုတ်ပေးရမယ်၊ အဲဒါတောင်မလုပ်ပေးနိုင်ပဲနဲ့ ထိုးစစ်တွေဆင် နေတော့ ဟိုက ဘယ်လိုလုပ်ယုံမလဲ၊ ဆန္ဒပြတဲ့လူတွေက အစိုးရတပ်တွေကို အရင်ဆုတ်ပေးပြီး နိုင်ငံရေးဆွေးနွေးဖို့ အဲဒါကို အရင်တောင်း ဆိုရမှာ လို့ထင်တယ်” လို့ သူကဆက်ပြီးပြောပါတယ်။

ကချင်ခေါင်းဆောင်တွေကတော့ အပစ်ရပ်ရေး လက်မှတ်ထိုးဖို့ဆိုရင် ပထမဦးဆုံးအနေနဲ့
- ကချင်တပ်စခန်းတွေနားမှာ ကျူးကျော် ချထားတဲ့ အစိုးရဘက်က တပ်တွေကို နောက်ဆုတ်ပေးဖို့၊
- နိုင်ငံရေးအရဆွေးနွေးကြတဲ့ အခါ နိုင်ငံတကာအသိသက်သေတွေထားရှိဖို့
- တပြည်လုံးအပစ်ရပ်ဖို့နဲ့ အလွှာပေါင်းစုံပါဝင်တဲ့ ဆွေးနွေးပွဲကြီးတရပ် လုပ်ဆောင်ပေးဖို့
ပြောဆိုထားပါတယ်။

ကချင်ခေါင်းဆောင်တွေက သူတို့တောင်းဆိုမှုတွေ ညှိနှိုင်းလိုမှုတွေကို အစိုးရကလိုက်လျောလိုချင်းမရှိဘဲ တိုက်ပွဲတွေနေ့စဉ် ရက်ဆက် ဖြစ်နေရတဲ့အကြောင်းနဲ့ အစိုးရနဲ့တွေ့ဆုံခဲ့သမျှဟာလည်း ဘာတခုမှ အရာမထင်သေးဘူးလို့ KIO ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment