Sunday, June 10, 2012

လူမျိုးစုံ ရခိုင်ပြည်သူလူထုသို့ ပန်ကြားချက်

Inbox
x

Thantsin Phyoe


လူမျိုးစုံ ရခိုင်ပြည်သူလူထုသို့ ပန်ကြားချက်
နေ့စွဲ။ ။ ၂၀၁၂ ခုနှစ်၊ ဇွန်လ (၉)ရက်

ခေတ်အဆက်ဆက်တွင် ဖြစ်ပွါးခဲ့သည့် ဘာသာရေး၊ လူမျိုးရေးပြဿနာအများစုသည်
အာဏာရှင်စနစ် သက်ဆိုးရှည်စေရန်အတွက် လူထုအား နိုင်ငံရေးအရလမ်းလွှဲဖို့
လျှို့ဝှက်ရဲစုံထောက်များ၏ ဖန်တီးကွက်များ ဖြစ်တတ်ပြီး
အဆိုပါအဓိကရုဏ်းများကြောင့် ဖောက်ပြန်သည့် အုပ်ချုပ်သူလူတန်းစားများကိုသာ
အကျိုးစီးပွါး ဖြစ်ထွန်းစေသည်ကို သတိပြုကြစေလိုပါသည်။

ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ရခိုင်ပြည်သို့ အကြောင်းအမျိုးမျိုးဖြင့်
ရောက်ရှိနေကြသည့် အစ္စလာမ်ဘာသာဝင် မူဆလင်များသည် နှစ်ပေါင်း များစွာ
အတူတကွ နေထိုင်ခဲ့ကြပြီး နောင်တွင်လည်း မိမိတို့၏ ဘုံအကျိုးစီးပွါးကို
ရှေးရှု၍ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင် ကြရအုံးမည်ဖြစ်သည်။

ရခိုင်ပြည်ရှိ အစ္စလာမ်ဘာသာဝင်များအနေဖြင့် မိမိတို့၏ လူ့အခွင့်အရေးနှင့်
နိုင်ငံသားအခွင့်အရေး တောင်းပွဲ တိုက်ပွဲကို မှားယွင်းသည့်
အလံတော်အောက်မှ ဆင်နွှဲကြခြင်းဖြင့် ရခိုင်၊ ဗမာ ဗုဒ္ဓဘာသာဝင်များ၏
ထောက်ခံမှုကို မရရှိဘဲ အမုန်းပွါးမှုကိုသာ ခံရနိုင်ပါသည်။ ဆိုလိုသည်မှာ
မှားယွင်းသည့် ရိုဟင်ဂျာသမိုင်းနှင့် ဖောက်ပြန်သည့်
အစ္စလာမ္မစ်နယ်ချဲ့ဝါဒဖြင့် မိမိတို့၏ မွေးရာပါအခွင့်အရေးအတွက်
တောင်းဆိုတိုက်ပွဲဝင်သည့်ကိစ္စကို မရောထွေးသွားစေရန် အထူးသတိပြုကြရပေမည်။

ရခိုင် ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်း အတိတ်က သမိုင်းသင်ခန်းစာများမှ
အဖြေထုတ်လျှက် မိမိတို့လူ့အဖွဲ့အစည်းရှိ ပြဿနာရပ်များကို လူမျိုးရေး၊
ဘာသာရေး အမြင်သက်သက်ဖြင့် ချဉ်းကပ်မိလျှင် ဘာသာတူ အုပ်ချုပ်သူ
လူမျိုးစုများအတွက် အကျိုးစီးပွါး ဖြစ်ထွန်းစေ ကြောင်းနှင့်
၎င်းတို့အနေဖြင့်လည်း အထက်ပါအခြေအနေမျိုးသို့ ရောက်အောင် အခွင့်အလမ်းရတိုင်း
တွန်းတို့လျှက် ရှိတတ်ကြောင်း သတိရှိ ကြစေလိုပါသည်။ ထို့အပြင်
မိမိတယောက်တည်း၏ စိတ်ခံစားချက်ဖြင့် မီဒီယာနှင့်
အင်တာနက်စာမျက်နှာများတွင် လူမျိုးရေး၊ ဘာသာရေး
အစွန်းရောက်စကားလုံးများကို မဆင်မခြင် ပြောဆိုရေးသားခြင်းများကြောင့်
နိုင်ငံတကာမှ မိမိတို့အား စာနာနားလည်ထောက်ခံမှုမရရှိဘဲ
နိုင်ငံရေးယဉ်ကျေးမှုမရှိသော အရိုင်းအစိုင်းများအဖြစ်
အထင်ရောက်သွားစေနိုင်ပါသည်။

ဗမာလူမျိုး အစိုးရနှင့် အတိုက်အခံများ အနေဖြင့်လည်း ယခုဖြစ်ပွါးနေသည့်
လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများသည် မိမိတို့အတွက် အာဏာတည်မြဲဖို့၊
မဲဆွယ်စည်းရုံးဖို့ အခွင့်အလမ်းကောင်းဟု သဘောမထားကြဘဲ တိုင်းပြည်မျက်နှာ၊
ပြည်သူလူထု တရပ်လုံးမျက်နှာကို ထောက်၍ တိုင်းပြုပြည်ပြု
နိုင်ငံရေးသမားပီသစွာ၊ လူသားချင်း စာနာစွာဖြင့် အမြန်ဆုံးနည်းဖြင့်
ငြိမ်းချမ်းစွာ ပြေလည်သွားစေရန် ၀ိုင်းဝန်း ကူညီကြဖို့
မေတ္တာရပ်ခံအပ်ပါသည်။

အထူးသဖြင့် ရခိုင်ပြည်ရှိ မြို့နယ်အသီးသီးမှ သမာသမတ်ကျ၍ အများလက်ခံသော
ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး
ခေါင်းဆောင်များအနေဖြင့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီ တရပ်ရပ်ကို
အမြန်ဆုံးဖွဲ့စည်းကာ အစိုးရ အကူအညီဖြင့် ဒေသခံလူထုအား ပညာပေးစည်းရုံး၍
တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ကိစ္စများကို အမြန်ဆုံး
ဆောင်ရွက် ကြဖို့ တိုက်တွန်းအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (ရ၊ က၊ လ၊ စ)
ဗဟိုဌာနချုပ်၊ ထိုင်း-မြန်မာနယ်စပ်

ဆက်သွယ်ရန် - ကိုထွန်းဇော် (အထွေထွေအတွင်းရေးမှူး) +၆၆ (၀) ၈၁၆ ၈၀၈ ၉၃၄

0 ကွန်မန့်ရေးရန်:

Post a Comment