Saturday, May 5, 2012

အတ္တကြီးမား၊ မိုက်မိုက်မဲမဲ ကျားမေမေများ



by Lu Cifer on Saturday, May 5, 2012 at 12:44am 

“ကျားမေမေရဲ့ တိုက်ပွဲတေးသံ” Battle Hymns of the Tiger Mum စာအုပ်ရေးသားပြုစုသူ အေမီချွာအနေနဲ့ မှန်ကန်မှုတစ်ခုတော့ တကယ်ရှိပါတယ်။ အဲဒါကတော့ ကျားမေမေလိုမျိုး ကလေးတွေကို ပြုစုပျိုးထောင်ကြတာဟာ တရုတ်လူမျိုးတွေသာ မဟုတ်တာပါ။ 
အခြားတိုင်းပြည်များမှာလည်း အဲဒီလိုမျိုး ပြုစုပျိုးထောင် မောင်းနှင်နေကြတယ်။

ပညာရေးမှာ အောင်မြင်စေဖို့ ဖိအား၊ ကျောင်းမှာ၊ တက္ကသိုလ်မှာ ထိပ်ဆုံးနေရာမှာ ရှိနေဖို့၊ “အလုပ်အကိုင်ကောင်း” ရရှိအောင် အားထုတ်ဖို့ - စတာတွေကို အိန္ဒိယလို၊ ပါကစ္စတန်လို၊ ဘင်္ဂလားဒေ့ရှ်လို တောင်အာရှတိုင်းပြည်တွေမှာ နေထိုင်သူတွေကလည်း ပြင်းပြင်းထန်ထန် လုပ်နေကြတာပါ။
မဲလဘုန်းတက္ကသိုလ်၊ ကမ္ဘာ့ပညာရေးလေ့လာမှုဌာန ပါမောက္ခ ဖေဇယ်ရစ်ဗီကတော့ တောင်အာရှမိဘများဟာ သား သမီးတွေရဲ့ အလုပ်အကိုင် ရွေးချယ်မှုမှာ အလုပ်မျိုးစုံထဲ အသင့်တော်ဆုံးဆိုတာကို ပိုလို့ ရွေးချယ်လာ စေပေမယ့် ဆရာဝန်၊ အင်ဂျင်နီယာ၊ ဥပဒေ လိုမျိုး “ဂုဏ်သိက္ခာ”  ရှိတယ်ဆိုတဲ့ အလုပ်အကိုင်တွေကိုသာ ဖိအားပေး ရွေးချယ် ခိုင်းနေကြတုန်းပါ။
တကယ်တော့လည်း သိပ်ကို ပြင်းထန်လွန်းနေကြတဲ့ အိန္ဒိယမိဘအရေအတွက်ဟာ တရုတ်ထက်တောင်မှ ကျော်လွန်နိုင် တယ်လို့ မူလစာရေးသူ အေမီချွာက ဆိုပါတယ်။ အိန္ဒိယမိဘတွေဟာ ၀င်ငွေရဲ့ ၃၃ ရာခိုင်နှုန်းလောက်အထိကို သားသမီးတွေရဲ့ ပညာရေးမှာ သုံးကြတယ်လို့ဆိုပါတယ်။ သီးသန့်ကျူရှင်တွေ၊ စာမေးပွဲမှာ ရမှတ်ကောင်းစေတဲ့ “သီးသန့်စပါယ်ရှယ်ကျောင်း” cram schools တွေကို ပို့တာတွေလည်း ပါပါတယ်။
“နိုင်ငံအဆင့် ယှဉ်ပြိုင်မှုတွေက အခုတော့ ဂလိုဘယ်အဆင့်ဖြစ်လာနေပြီလေ။ ကမ္ဘာ့စီးပွားရေးမှာ အောင်မြင်နိုင်ဖို့ လိုအပ်တဲ့ ပညာရေးကို ကျောင်းတွေက ပြင်ဆင်ပေးမထားဘူးဆိုတဲ့ အမြင်ကလည်းရှိနေတာ။” ပါမောက္ခရစ်ဗီက ဆိုပါတယ်။ 
“ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေလို “တက္ကသိုလ်ကို ဘယ်လမ်းက တက်တက်ရတယ်” ဆိုတဲ့ အမြင်၊ အသိနဲ့ အကျင့်အကြံ မရှိသေးတဲ့ အာရှတိုင်းပြည်တွေမှာတော့ ထိပ်တန်းတက္ကသိုလ် တက်ရောက်ခွင့်ရရှိရေးဟာ “ဘာသာရေးလိုမျိုး” ကို ဖြစ်နေတော့တာ။”  အိန္ဒိယပညာရေးနှင့် စိတ္တဗေဒပညာရှင် ဒေါက်တာဂျဝါဟာဆူရီဆက်တီက ရှင်းပြခဲ့ပါတယ်။ “အဲဒါဟာ နောက်ဆုံး ရည်မှန်းချက်ဖြစ်တယ်ဆိုပြီး ကျောင်းသားတွေရဲ့ စိတ်နှလုံးတွေထဲမှာကို အသေစွဲနေတာ၊ အခြားဘာမှ လုပ်လို့ကို မရတော့ဘူး”ထိပ်တန်းကျောင်းတွေကို ၀င်ခွင့်ရတဲ့ ကလေးဟာ မိသားစုရဲ့ ဂုဏ်သိက္ခာကို မြင့်စေပြန်တယ်လို့ ပါမောက္ခရစ်ဗီက ပြောပြပါတယ်။
အခြားသောကလေးတွေရဲ့ သောကကတော့ ဆိုးဝါးလွန်းတာပါ။ အဲဒီလိုမျိုး ထိပ်တန်းကျောင်းတွေကို ၀င်ခွင့်မရတဲ့ ကလေးတွေဟာ စိတ်ဆင်းရဲခြင်း၊ စိတ်ပျက်အားလျော့ခြင်း ကြီးမားစွာ ခံစားကြရတတ်တယ်။ တချို့ဆို မိမိကိုယ်ကို အဆုံးစီရင်ခြင်း - ဆူဆိုက် - တွေတောင် လုပ်ကြတာပါ။
အိန္ဒိယတိုင်း(မ်) မဂ္ဂဇင်းမှာ ၂၀၀၆ ကနေ ၂၀၁၁ အတွင်း ဆူဆိုက်နှုန်းဟာ၂၆ ရာခိုင်နှုန်းအထိကို တိုးလာခဲ့တယ်လို့ အစီရင်ခံ တင်ပြခဲ့တယ်။ မိဘတွေရဲ့ ကလေးတွေအပေါ်မှာ “ပညာရေးလောဘဇော” “ရမှတ်ကောင်း” နဲ့ “မိဘအတ္တဖိအား” ဒဏ်ကို မခံစားနိုင်တဲ့အဆုံးမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြဖြစ်တယ်။
တက္ကသိုလ်ကို ရောက်တဲ့အချိန်အထိ အာရှမိဘများဟာ သားသမီးတွေအပေါ်မှာ ဖိအားပေးတုန်း။ ၆၃ ရာခိုင်နှုန်းသော ပါကစ္စတန် ဆေးတက္ကသိုလ် ကျောင်းသားတွေဟာ မိဘများရဲ့ “မျှော်လင့်ချက် မြင့်မြင့်” ဒဏ်ကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေကြပါသတဲ့။ တိုင်းပြည်ရဲ့ ပြင်ပ၊ နိုင်ငံခြားမှာ သွားပြီး ပညာသင်ပေမယ့်လည်း မိဘရဲ့ “ဖိအားဒဏ်” က မလွတ်ချေဘူး။ ငွေကုန်ကြေးကျများလေတော့ “ဂုဏ်ပကာသန တိုးပွားစေမယ့် ကိရိယာ” များသဖွယ် သားသမီးတွေဟာ အရင်းအနှီး တစ်ခုဖြစ်လာပြန်သတဲ့။
ရွှေ့ပြောင်းနေထိုင်သူ အိန္ဒိယက နာ့ဗ်ဂျော့ဒါလီဝါရဲ့ မိခင်အတ္တကတော့ ကြောက်စရာပါ။ သူမရဲ့ သမီး ၂ ယောက်စလုံးကို တက္ကသိုလ်က ဘွဲ့ ၃ ခု triple degree တပြိုင်နက်တည်း ရယူစေဖို့ မျှော်လင့်ထားသတဲ့။ သူမပြောပြတာကတော့ ဘွဲ့ ၂ ခု double degree တပြိုင်နက်တည်း ယူတာလောက်ကတော့ အတော်လေး ရိုးနေပြီဆိုပဲ။ သူမရဲ့ ဒီမျှော်လင့်ချက် တကယ်ဖြစ်လာစေဖို့ သမီးတွေကို ပရိုက်ဗိတ်ကျူရှင် ထားပေးတယ်။ သမီးကြီးကို ဒီနှစ် နှစ်တ၀က်လောက်မှာတင်ပဲ ၉ တန်း သင်္ချာသင်ရိုးကုန်ဖို့ မျှော်လင့်ထားတယ်။ ဒါမှ ၁၀ တန်း သင်ရိုးကို ကြိုပြီး လုပ်နိုင်မှာလို့ ဆိုပါတယ်။
အေမီချွာရဲ့ ပြင်းထန်ပုံမျိုးမဟုတ်ဘဲ ဒါလီဝါဟာ သမီးတွေကို ဆန္ဒရှိတဲ့အခါ အပေါ့၊ အလေးသွားခွင့်ပြုတယ်။ တီဗွီပေးကြည့်တယ်။ ကြိုက်တဲ့ ဂီတတူရိယာ ပစ္စည်းကို ကိုယ်တိုင် ရွေးချယ် တီးမှုတ်စေတယ်။ ဒါပေမယ့် သူငယ်ချင်း တွေရဲ့ အိမ်မှာ ညအိပ်၊ ညနေမျိုးတော့ လုပ်ခွင့် မရဘူးတဲ့။ အားကစားဆိုတာကလည်း အချိန် ဖြုန်းတာပဲတဲ့။ စာတွေ နောက်ကျသွားနိုင်သတဲ့။ 
သားသမီးတွေကို ပြင်းပြင်းထန်ထန် မောင်းတာဟာ အာရှမိဘများအတွက်ကတော့ ထမင်းစား၊ ရေသောက်ပါပဲ။ တိုင်းပြည်က ရွှေ့ပြောင်း လာသူတွေလည်း ဆက်ကျင့်သုံးနေကြတုန်းပါ။ 
ရို့စ်ဘဲဆင်းဟာ ဖီဂျီ-အိန္ဒိယနွယ်ဖွားပါ။ သူမကိုယ်တိုင် ကြီးပြင်းလာခဲ့တဲ့ပုံစံကတော့ စည်းကမ်း အရေးကြီးတာပါပဲ။ အခုတော့ သားလေးကို ဒီအမွေ ဆက်ခံစေတော့မယ်။ ပုံမှန်စာလေ့လာနိုင်ဖို့ သီးသန့် ကျူတာ တစ်ယောက်ထားတယ်၊ ကလေးက အခုမှ သူငယ်တန်း စတက်မယ် လုပ်တုန်း။ “သားကို ကူညီပေးဖို့က ကျမရဲ့ တာဝန်ပါ။ ဘ၀အစမှာ အခြေခံကောင်းရဖို့လေ။” ရို့စ်ကပြောပြပါတယ်။ သူမဆိုလိုတဲ့ “ဘ၀အစ အခြေခံကောင်း” ဆိုတဲ့နေရာမှာ တစ်ပတ်ကို ကျူရှင် ၃ ခု ယူခိုင်တာရယ်၊ ကျူရှင်အိမ်စာရယ်၊ ပထမတန်း စာတွေရယ်၊ ဖတ်စာအုပ် အပြင် အရေးနဲ့ စာလုံးပေါင်း လေ့ကျင့်ခန်းလုပ်တဲ့ အခြားစာအုပ်တွေရယ် ပါဝင်ပါတယ်။ 
ဒါလီဝါနဲ့ ရို့စ်ဆင်းတို့ကတော့ သူတို့ဟာ ကျားမေမေတွေမဟုတ်ဘူး၊ အေမီချွာလို မဟုတ်ဘူးလို့တော့ ငြင်းဆိုပါတယ်။
သူတို့ရဲ့ ကလေးပျိုးထောင်နည်းဟာ အေမီချွာရဲ့ တရုတ်မိဘနည်းလမ်းကို ပြုပြင်-ပြောင်းလဲ-ညှိနှိုင်းယူထားတဲ့ နည်းလမ်းလို့လည်း ပြောပါတယ်။ အေမီချွာရဲ့ တရုတ်နည်းကို သူတို့ ပြောင်းလဲ ပြင်ဆင်ထားပုံကတော့
“အနာဂတ်အတွက် ပြင်ဆင်ပေးပြီး” ကလေးတွေကို ကာကွယ် စောင့်ရှောက်တာလို့ ပြောထားတယ်။ စွမ်းဆောင်နိုင်တာ ကို လုပ်ခွင့်ပေးတယ်။ စွမ်းရည်တွေ၊ အလုပ်လုပ်ချင်တဲ့ အလေ့အကျင့်တွေ၊ ဘယ်သူမှ လာ လုယူလို့မရတဲ့ မိမိကိုယ်ကို လုံးဝ ယုံကြည်မှုတွေကို ပျိုးထောင်ပေးတာလို့လည်းပြောပါတယ်။
သို့ပေမယ့် ပညာရှင်တွေကတော့ သိပ် သဘောမတူကြပါဘူး။ စိတ်ရောဂါကု သမားတော်လည်းဖြစ်၊ သြစတြေးလျ-အိန္ဒိယ ဆေးပညာရှင်များ အသင်းရဲ့ ဥက္ကဌလည်းဖြစ်သူ ဒေါက်တာရှေးလ်ဂျချတ်တာဝေဒီက ကလေးတွေကို သိပ်ပြီး ပြင်းပြင်း ထန်ထန် ဖိအားပေးတာနဲ့ ပတ်သက်ပြီး သတိပေးထားပါတယ်။
မျှတတဲ့ နည်းလမ်းကို ရွေးချယ်စေလိုကြောင်း “ဘက်စုံ” ဖွံ့ဖြိုးလာအောင် ပြုစုပျိုးထောင်သင့်ကြောင်း၊ ဒါမှ ဘ၀ရဲ့ ကြိုတင်မျှော်လင့်ထားလို့ မရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မှာ ဖြစ်ကြောင်း စိတ်ပညာရှင်က တိုက်တွန်းထားပါတယ်။ “လကမ္ဘာကိုပဲ သွားတတ်တဲ့” အူကြောင်ကျား၊ ခံစားမှု ဖရိုဖရဲနဲ့ လူမှုရေး ညံ့ဖျင်းတဲ့ သိပ္ပံပညာရှင်မျိုး တော့လည်း မဖြစ်စေချင်လို့ပါတဲ့။
မြန်မာပြည်မှာကော “ကျားဖေဖေ” တွေ “ကျားမေမေ” တွေ ဘယ်လောက်ရှိမလဲဆိုတာ စစ်တမ်းကောက်ကြည့်ရင် ကောင်းမလား။
မြတ်ပန်းရှင်
မောက္ခနိုင်ငံတကာပညာရေးသတင်း
Source: The Age/ Tiger Mums: fierce or foolish?
http://www.maukkha.org/index.php/news-menu/international-news-maukkha/2080-tiger-mums

0 ကွန်မန့်ရေးရန်:

Post a Comment