Saturday, April 28, 2012

မိုးမခက စုစည်းသည် ဧပြီ ၂၅ သတင်းများ

Wednesday, April 25, 2012

Apr 25

 
ဧပြီ ၂၅ သတင်းများ
မိုးမခက စုစည်းသည်


ပြင်ဖို့ကတော့ တနည်းဘဲရှိတယ်
ကာတွန်း - စောငို မိုးမခ

သစ်အရောင်းအဝယ် နိုင်ငံအကျိုးဖြစ်စေချင်
By featured, ဧရာဝတီ on April 25,
NLD လွှတ်တော်တက်ရေး မတင်မကျ ဖြစ်နေသေး
By featured, လင်းသန့် on April 25, , ဧရာဝတီ
ကြံ့ခိုင်ရေးပါတီက NLD အမတ် လေးဦးကို ကန့်ကွက်လွှာတင်
By featured, အောင်သက်ဝိုင်း on April 25, , ဧရာဝတီ
NLD ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်းကို တရားစွဲဆို
2012-04-25 RFA
သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုအတွက် တိုင်ကြားသူကို အာဏာပိုင်ဘက်က အရေးယူေ
2012-04-24 RFA
မြစ်ကြီးနားမြို့တွင် ဗုံးကွဲ လူ ၃ ဦး ထိခိုက်ဒဏ်ရာရ
2012-04-25 RFA
NLD ကိုယ်စားလှယ်တွေ လွှတ်တော်တက်နိုင်မယ်လို့ မျှော်လင့်
2012-04-25 RFA
အမေရိကန် မြန်မာဆက်ဆံရေး တရုတ်အစိုးရ စိုးရိမ်
2012-04-25 RFA
NLD လွှတ်တော်တက်ရန် တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်များ တိုက်တွန်း
2012-04-25 RFA

ကချင်ပြည်နယ် လွှတ်တော်အနီး ဗုံးကွဲ
By ကိုမိုးဇော် VOA
မြန်မာ့နိုင်ငံရေးပြေလည်ရင် အာရှထိပ်တန်းဖြစ်နိုင်
By ကိုအောင်လွင်ဦး VOA

စင်ကာပူရောက် မြန်မာအိမ်ဖော်များဘဝ
ခင်ကလျာစိုး ဧပြီ ၂၄၊ ၂၀၁၂မိုးမခ
ဥပဒေကို လိုက်နာပါ၏ လော
ဦးမျိုး (ဥပဒေ)၊ ဧပြီ ၂၅၊ ၂၀၁၂မိုးမခ
မူးယစ်ရာဇာ ၂၀ ကျော် ထိုင်းတွင် ဆုငွေထုတ်၊ မြန်မာ ၃ ဦးကို ကြေးအများဆုံး ပေးမည်
မိုးမခအထောက်တော် အမှတ် ဝဝ၇
ဧပြီ ၂၄၊ ၂ဝ၁၂မိုးမခ
====================

 

သစ်အရောင်းအဝယ် နိုင်ငံအကျိုးဖြစ်စေချင်
By featured, ဧရာဝတီ on April 25,

ဥရောပသမဂ္ဂ၏ မြန်မာပြည်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများ တနှစ် ယာယီရုပ်သိမ်းပေးပြီဖြစ်ရာ ကျွန်းနှင့် တခြားသစ်မာများ အရောင်းအဝယ် ပြန်လည် စတင်နိုင်ဖွယ် ရှိသောကြောင့်တရားမဝင် သစ်ခိုးထုတ်မှုများကို ရှောင်ကျဉ်ပြီး ရရှိလာမည့် အကျိုးအမြတ်များ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုစေလိုကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ကြည့်သူများက ပြောဆိုလိုက်သည်။
ဥရောပသမဂ္ဂအနေဖြင့် မြန်မာ့သစ်အရောင်းအဝယ်ကို ဥရောပ သစ်တောဥပဒေပါ အဆင့်အတန်းနှင့်အညီ ပြုလုပ်မည်ဟု ဆိုသော်လည်း ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း စစ်တပ်နှင့် စီးပွားရေးသမားများ ထဲထဲဝင်ဝင် ပတ်သက်နေသော ကျွန်းနှင့် သစ်မာ ထုတ်လုပ်တင်ပို့ရေးသည် ပွင့်လင်းမြင်သာမှုမရှိခဲ့ဘဲ ခြစားယိုယွင်းသော အုပ်ချုပ်ရေးစနစ်ဖြင့်သာ စခန်းသွားနေခဲ့သည်ဟု လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ရေးရာ စုံစမ်းရေး အေဂျင်စီ (Environmental Investigation Agency – EIA) က ပြောဆိုသည်။

ရာစုနှစ်တဝက်လောက် စစ်တပ်၊ စစ်တပ်နဲ့ နီးစပ်ရာ စီးပွားရေးသမားတွေရဲ့ ခြစားမှု၊ ချုပ်ကိုင်မှုတွေကနေ လွန်မြောက်လာအပြီး မြန်မာနိုင်ငံမှာ သစ်တင်ပို့ရောင်းချမှု ရေရှည်ဖြစ်ဖို့၊ တရားဝင်ဖို့တွေကို ရှင်းလင်းစွာ ကျမတို့ သိနိုင်မယ့် စိတ်ချရတဲ့အနေအထား မရှိသေးပါဘူး” ဟု EIA မှ သစ်တောရေးရာတာဝန်ခံ ဖိတ်သ် ဒိုဟာတီက လူဇင်ဘတ်အခြေစိုက် Environment News Service သို့ ပြောဆိုသည်။

ထို့ကြောင့် မြန်မာ့သစ်ရောင်းဝယ်ရေးကို အထူးလေ့လာစောင့်ကြည့်ရန်နှင့် တရားဝင်ရောင်းချမှုမှ ရလာမည့် အကျိုးအမြတ်များကိုလည်း နိုင်ငံ့ကောင်းကျိုးအတွက် အသုံးပြုစေရန် လိုအပ်ကြောင်း ဖိတ်သ် ဒိုတ်ဟာတီက ပြောဆိုသည်။

ကမ္ဘာ့သစ်တောများ လေ့လာစောင့်ကြည့်နေသည့် Global Witness အဖွဲ့ကြီး၏ ၂၀၀၅ ခုတွင် ထုတ်ဝေခဲ့သော အစီခံစာတွင် ကချင်ပြည်နယ်အတွင်းရှိ မြန်မာသစ်များ တရုတ်နိုင်ငံသို့ အကြီးအကျယ် ခိုးထုတ်ခဲ့ကြောင်း ဖော်ပြဖူးသည်။ Global Witness အဖွဲ့ကြီး၏ အစီရင်ခံစာအရ မြန်မာ့သစ်တော ၁၈ ရာခိုင်နှုန်းမှာ ၁၉၉၀-၂၀၀၅ အကြား ပျောက်ကွယ်သွားကြောင်း သိရသည်။

အစီရင်ခံစာထွက်အပြီး တရုတ်နိုင်ငံဘက်မှ တရားမဝင်သစ် တင်သွင်းမှုကို တားဆီးအရေးယူခဲ့သဖြင့် မြန်မာ့သစ်တော ပြုန်းတီးမှု အရှိန်နှုန်းကျသွားခဲ့သည်။ သို့သော် ပြီးခဲ့သည့် ၃ နှစ်အတွင်း မြန်မာဘက်မှ တင်သွင်းလာသည့် သစ်လုံးတန်ချိန် ၂ သိန်း ၇ သောင်း၊ ကြိတ်ခွဲပြီးသစ်တန်ချိန် ၁ သိန်း ၇ သောင်း ကုဗမီတာကို တရုတ်နိုင်ငံ ယူနန်နယ်ထဲတွင် တွေ့ရကြောင်း၊ ယင်းသစ်များ၏ ၁၀ ပုံ ပုံ ၉ ပုံမှာ တရားမဝင် သစ်များဖြစ်ကြောင်း Global Witness အဖွဲ့က အစီရင်ခံထားသည်။

မြန်မာ့သဘာဝသယံဇာတ အရင်းအမြစ် အများစုမှာ တိုင်းရင်းသားဒေသများမှ ဖြစ်သော်လည်း ဒေသခံလူထုအတွက် အကျိုးမဖြစ်ကြောင်း တိုင်းရင်းသား နိုင်ငံရေးသမားများကလည်း ပြောဆိုနေကြသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝ ကျွန်းသစ်တောများ ပိုင်ဆိုင်သည့် လက်ကျန်နိုင်ငံ ၄ နိုင်ငံအနက် အများဆုံး ပိုင်ဆိုင်သည့်နိုင်ငံ ဖြစ်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး၏ နောက်ဆုံးအစီရင်ခံစာအရ အိန္ဒိယ၊ ထိုင်း၊ လာအိုနိုင်ငံများတွင် ကျွန်းထုတ်လုပ်မှုကို ရပ်ဆိုင်းထားပြီဖြစ်သော်လည်း ကမ္ဘာ့ကျွန်းသစ် ၅၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံကမူ ကျွန်းသစ် ဆက်လက်ထုတ်နေခဲ့သည်။

NLD လွှတ်တော်တက်ရေး မတင်မကျ ဖြစ်နေသေး
By featured, လင်းသန့် on April 25, , ဧရာဝတီ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းကျိန်လွှာဆိုင်ရာ ဝေါဟာရ ပြင်ဆင်ရေး တောင်းဆိုမှုနှင့် ပတ်သက်၍ ကျင်းပနေသည့် လွှတ်တော်တွင်း၌မည်သို့ ဖြေရှင်းကြမည်ဆိုသည်မှာ မတင်မကျ ဖြစ်နေသည်။
ယမန်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ကန်ပက်လက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရ ဦးအောင်ကို တင်သွင်းသည့် တရားရေးမဏ္ဍိုင် အားကောင်းစေရေး အဆိုကို အကြိတ်အနယ် ဆွေးနွေးခဲ့ကြောင်း၊ လွှတ်တော်အစည်း အဝေး သို့ သမ္မတမှ အစိုးရ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက် သည့် စာတစောင်ပေးပို့ခဲ့ကြောင်း၊ NLD မှ တောင်းဆို ထားသည့် ကိစ္စရပ် မပါဝင်ကြောင်း၊ ကျမ်းကျိန်လွှာ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမှု မရှိသေးကြောင်း သိရသည်။

သို့ဖြစ်၍ မည်သို့ ဆက်လက်ဖြေရှင်းမည်ကို ဧရာဝတီက စုံစမ်းမေးမြန်းခဲ့ရာ NLD ၏ အဆိုပါ ကိစ္စ အဓိက ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက NLD ၏ လက်ရှိ ချဉ်းကပ် လုပ်ဆောင်သည့် နည်းလမ်း အသေးစိပ်ကို မဖြေကြားနိုင်ကြောင်း ပြောသည်။

ကျနော်တို့က ဥပဒေဆိုင်ရာ အကြံပြုချက်တင်ထားပါတယ်။ အဲတော့ တင်ထားတဲ့ကိစ္စကို မဆုံးဖြတ်သေးခင် ကျနော်တို့ ပြော လို့ရှိရင် မသင့်တော်ပါဘူး၊ ဒါကြောင့် ဒီနည်းလမ်းဆိုတာတွေကို ကျနော်တို့ မဖြေနိုင်တာပါ”ဟု သူက ဆိုသည်။

သို့သော် ယခုကိစ္စသည် အရေးကြီး၍ ညှိနှိုင်းကြိုးစားနေခြင်းဖြစ်ပြီး NLD ကိုယ်စားလှယ်များအနေဖြင့် လာမည့် စက်တင်ဘာ လ ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့သာ တက်ရောက်နိုင်လိမ့်မည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

NLD က ကျန်းကျိန်လွှာစကားရပ် ပြင်ဆင်ရေးအတွက် ဥပဒေအကြံပြုလွှာကို သမ္မတရုံး၊ လွှတ်တော် ၂ ရပ်နှင့် ဖွဲ့စည်းပုံအခြေ ခံ ဥပဒေ ခုံရုံး များသို့ တင်သွင်းထားကြောင်း သိရသည်။

နိုင်ငံရေးဆောင်းပါးများ ရေးသားသူ စာရေးဆရာ မောင်ဝံသကမူ NLD ၏ ကျမ်းကျိန်လွှာ စကားရပ် ပြင်ဆင်ရေးသည် အစိုးရ ပိုင်း က နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေ၌ ပြင်ဆင်ပေးပြီးဖြစ်၍ လွှတ်တော်တွင် ပြင်ဆင်ရန် ခက်ခဲမည်ဟု မထင်ကြောင်း သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားတင်ပြထားသည်။

နိုင်ငံတော်သမ္မတ က ဖြစ်စေ၊ လွှတ်တော်ဥက္ကဌများက ဖြစ်စေ၊ ဒီချုပ်(NLD)အမတ်များကို ၀င်သာဝင်လာခဲ့ပါ။ အထဲရောက် တဲ့အခါ လေးစားလိုက်နာပါမည်ဆိုတဲ့ စာသားအဖြစ် လွှတ်တော်လုပ်ထုံး လုပ်နည်းများနဲ့အညီ ပြင်ဆင်ပေးပါမယ်လို့ အာမခံချက်ပေးပြီး ကမ်းလှမ်းလိုက်ရင်ကော၊ ဘယ်လိုနေမလဲ၊ ကျနော်ကတော့ အဲသလို ကတိပေးရင် ဒီချုပ်တွေလည်း မျက်နှာမပျက်ဘဲ ၀င်လာနိုင်မယ်လို့ ယူဆပါတယ်”ဟု ဆိုသည်။

ဆက်လက်ပြီး သူက“အမျိုးသား ညီညွတ်ရေး စွမ်းဆောင်ချက်တရပ်လို့တောင် ပြည်ခိုင်ဖြိုးတွေကို အမှတ်ပေးစရာ ဖြစ်လာမှာပါ။ နောင် အခါမှာလဲ တူတာတွေကို တွဲလုပ်ဖို့ရာ နမူနာကောင်းတခု ဖြစ်လာမှာပါ”ဟုလည်း ပြောဆိုသည်။

ကြံ့ခိုင်ရေးပါတီက NLD အမတ် လေးဦးကို ကန့်ကွက်လွှာတင်
By featured, အောင်သက်ဝိုင်း on April 25, , ဧရာဝတီ
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အနိုင်ရ လွှတ်တော်အမတ် လေးဦးကိုမဲမသမာမှုဖြင့် ကန့်ကွက်လွှာ တင်သွင်းထားပြီး NLD အမတ်တဦးကလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတဦးကို ဥပဒေမဲ့ပြုကျင့်မှုဖြင့် ပြန်လည် ကန့်ကွက်လိုက်ကြောင်း သတင်းရရှိသည်။
NLD ရွေးကောက်ခံ အမတ်များဖြစ်ကြသည့် မင်္ဂလာ တောင်ညွှန့်မြို့နယ်မှ ဒေါ်ဖြူဖြူသင်း၊ လှည်းကူးမြို့နယ်မှ ဦးဖြိုးမင်းသိန်း၊ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှ ဒေါ်တင်တင်ရီ၊ စစ်ကိုင်းမြို့မှ ဦးခင်မောင်သိန်းတို့ကို မဲမသမာမှုများ ပြုလုပ်သည်ဟုဆိုကာ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ငွေဆယ်သိန်းတင် ကန့်ကွက်လွှာတင်သွင်းထားကြောင်း နေပြည်တော်ရှိ ကော်မရှင်ရုံးတွင် ရောက်ရှိနေသည့် ဒေါ်ဖြူဖြူသင်းက ဧရာဝတီသို့ ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံတွင် ကန့်ကွက်လွှာ တင်သွင်းခံထားရသော ဒေါ်ဖြူဖြူသင်းကလည်း ကြံ့ခိုင်ရေးပါတီမှ ဒေါ်လဲ့လဲ့အေးကို ဘာသာရေးခုတုံးလုပ် မဲဆွယ်သည်ဟုဆိုကာ ပြန်လည် ကန့်ကွက်လွှာ တင်သွင်းလိုက်ကြောင်း သိရသည်။

ကျမ အခုတင်ပဲ ကြံ့ခိုင်ရေးပါတီက ဒေါ်လဲ့လဲ့အေးကို ပြန်ပြီး တရားစွဲလိုက်တယ်။ အဓိက ဘာသာရေး အဆောက်အအုံတွေကို မဲဆွယ်မှုအတွက်သုံးတာ၊ နောက်ပြီး ဓမ္မာရုံတွေ ဆောက်ပေးတယ်၊ ဗလီဆောက်ပေးတယ်ဆိုပြီး ကြံ့ခိုင်ရေးက ဝေတဲ့ လက်ကမ်းကြော်ငြာတွေမှာ ထည့်သွင်းရိုက်နှိပ် မဲဆွယ်ထားတွေ အပါအ၀င် တရားမဲ့ ပြုကျင့်တာတွေအတွက် ကျမတို့ဘက်ကလည်း ကြံ့ခိုင်ရေးကိုယ်စားလှယ်ကို ပြန်ပြီး တရားစွဲထားပါတယ်။ ဒီနေ့ပဲ စွဲလိုက်တာပါ” ဟု ဒေါ်ဖြူဖြူသင်းက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒေါ်ဖြူဖြူသင်းကို ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားကြောင်း တရားဝင် အကြောင်းကြားထားပြီး ဖြစ်သော်လည်း ဦးဖြိုးမင်းသိန်း၊ ဒေါ်တင်တင်ရီနှင့် ဦးခင်မောင်သိန်းတို့ကို အကြောင်းကြားခြင်း မရှိသေးဟု သိရှိရသည်။

ကျမကတော့ အကြောင်းကြားစာ ရထားပြီးပြီ။ ကျန်တဲ့သုံးဦးကတော့ ဒီနေ့ တရားဝင် စာထွက်မယ်လို့တော့ ကြားတယ်။ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားတဲ့ စာတွေတော့ ရွေးကောက်ပွဲကော်မရှင်ဆီ ရောက်နေပြီဆိုတာတော့ သိထားတယ်” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။
ဦးဖြိုးမင်းသိန်းကမူ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာ အောင်မြတ်သူက ကန့်ကွက်ထားသည်ဟုသာ ကြားသိထားပြီး တရားဝင် အကြောင်းကြားစာ မရရှိသေးဟု ဆိုသည်။

ကျနော်ဆီကိုတော့ တရားဝင် အကြောင်းကြားတဲ့စာတော့ မရသေးဘူး။ ဒါပေမယ့် နေပြည်တော်မှာ ရောက်နေတဲ့ မဖြူဖြူသင်းဆီက သိရတာကတော့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားတာ ရှိတယ်လို့ သိရပါတယ်” ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။

ဧရာဝတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ကော်မရှင်က တစုံတရာ အတည်ပြုပြောဆိုခြင်း မရှိပေ။

ပြည်တွင်းနိုင်ငံရေးသမားတဦးက NLD အနေဖြင့် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းကို ပြန်လည်ကန့်ကွက်ခြင်းသည် အတိုက်အခံပါတီတရပ်၏ သဘောသဘာဝကို ပိုမိုပီပြင်စေသည်ဟု သုံးသပ်ပြောဆိုသည်။
၂၀၁၀ တုန်းက ပြည်ခိုင်ဖြိုးက အင်အားကြီးပါတီ ဖြစ်တဲ့အပြင် အခုအချိန်မှာ အာဏာရပါတီဖြစ်နေပြီ။ ကြံ့ခိုင်ရေးက NLD အမတ်ကို မဲမသမာမှုရှိတယ်ဆိုပြီး တရားစွဲတာကို NLD က ပြန်ပြီးတော့ ကြံ့ခိုင်ရေးကို မသမာမှုနဲ့ တရားစွဲတယ်ဆိုတာက ဒါက ဒီမိုကရေစီစနစ်ပုံစံကို ပိုပြီးတော့ပီပြင်စေတယ်။ နိုင်ငံရေးပါတီ အချင်းချင်း Check and Balance ဖြစ်တယ်။ တခုပဲ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဘယ်ပါတီဘက်မှ မလိုက်ဘဲ တရားမျှမျှတတ ဆုံးဖြတ်ဖို့ပဲ အရေးကြီးတယ်” ဟု ၄င်းက ဆိုသည်။

လတ်တလောတွင် ဧပြီလ ၂၃ ရက်နေ့၌ ပြန်လည်စတင်သော လွှတ်တော်များသို့ ကျမ်းကျိန်လွှာ မပြင်ဆင်ပေးသေးသည့် ကိစ္စကြောင့် NLD အနိုင်ရအမတ်များက တက်ရောက်ခြင်း မရှိသေးပေ။

NLD ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်းကို တရားစွဲဆို
2012-04-25 RFA

ရွေးကောက်ပွဲ မသမာမှုတွေနဲ့ ပတ်သက်ပြီး သူနဲ့ယှဉ်ပြိုင်ခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်းကို NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဒီနေ့ တရားစွဲဆိုလိုက်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေက အနိုင်ရ NLD ကိုယ်စားလှယ် ၄ ဦးကို တရားစွဲဆိုခဲ့အပြီးမှာ ဒေါ်ဖြူဖြူသင်းက အခုလို တန်ပြန်တရားစွဲဆို လိုက်တာဖြစ်ပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်ကနေ NLD ကိုယ်စားလှယ်နဲ့ ယှဉ်ပြိုင်တဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းက ဒေါ်လဲ့လဲ့အေးဖြစ်ပြီး ဒေါ်ဖြူဖြူသင်း မဲဆွယ်ချိန်မှာ လူထုနဲ့ စကားပြောတာတွေဟာ ကြိုတင်ခွင့်ပြုချက် မယူခဲ့ဘူးဆိုတဲ့အချက်၊ လူအုပ်နဲ့ အော်ဟစ်ကြတယ် ဆိုတဲ့အချက်၊ ခွင့်ပြုချက်မယူထားတဲ့ သီချင်းတွေ ဖွင့်တယ်ဆိုတဲ့ အချက်တွေ အပါအဝင် အချက်ပေါင်းများစွာနဲ့ တရားစွဲခဲ့တယ်လို့ သိရပါတယ်။

ဒေါ်ဖြူဖြူသင်းကတော့ သူစည်းရုံးရေးလှည့်ချိန်မှာ လူထုက စကားခဏလောက် ပြောခဲ့ပါလို့ဆိုတဲ့အတွက် အဲဒီရောက်တဲ့ နေရာမှာပဲ ပြောလိုက်ရတာမျိုး ရှိခဲ့သလို၊ သီချင်းဖွင့်တာတွေကလည်း လူထုက သူ့သဘောနဲ့သူ ဖွင့်တာဖြစ်ပြီး၊ သူညွှန်ကြားထားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ လူအုပ်နဲ့ အော်ဟစ်တဲ့ကိစ္စကလည်း လူထုက အော်တာဖြစ်ပြီး သူ့အနေနဲ့ ညွှန်ကြားထားတာ မဟုတ်သလို သူအနေနဲ့လည်း တားမြစ်ပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

ဒေါ်ဖြူဖြူသင်းက ပြန်လည် တရားစွဲလိုက်တဲ့ အချက်ထဲမှာတော့ ကြံ့ခိုင်ရေးပါတီ အမတ်လောင်းရဲ့ မဲဆွယ်လက်ကမ်း ကြော်ငြာမှာ ကြံ့ခိုင်ရေးပါတီက ဘာသာရေး အဆောက်အဦတွေ ဆောက်ပေးတာ၊ လမ်းတွေတည်ဆောက် ပြုပြင်ပေးတာတွေ ရေးသားဖော်ပြထားတာဟာ အစိုးရရဲ့ ဆောင်ရွက်ချက်ကို သူတို့ပါတီရဲ့ ဆောင်ရွက်ချက်အသွင် လိမ်ညာမဲဆွယ် ခဲ့တယ်ဆိုတဲ့အချက် ပါဝင်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်ရဲ့တရားစွဲမှုကို လာမယ့် မေလ () ရက်နေ့ကျရင် နေပြည်တော်မှာ ကြားနာမှာဖြစ်ပြီး၊ NLD အမတ် ဒေါ်ဖြူဖြူသင်းရဲ့ တရားစွဲမှုကို ကြားနာမယ့်ရက်တော့ မသိရသေးဘူးလို့ ဆိုပါတယ်။ ဒေါ်ဖြူဖြူသင်းရဲ့ တရားစွဲမှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ခုံရုံးက ဒုတိယဗိုလ်မှူးကြီး စိုးကျော်ဦး က လက်ခံထားလိုက်တယ်လို့ သိရပါတယ်။

သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုအတွက် တိုင်ကြားသူကို အာဏာပိုင်ဘက်က အရေးယူေ
2012-04-24 RFA
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ ပုဂ္ဂလိက ရွှေရှာဖွေရေး ကုမ္ပဏီနဲ့ ဒေသခံအာဏာပိုင်တွေရဲ့ ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပြီး ဒေသခံတွေ နစ်နာမှုအတွက် တိုင်ကြားသူတွေကို အာဏာပိုင်ဘက်က တန်ပြန် အရေးယူနေတယ်လို့ သတင်းရရှိပါတယ်။

အခုရက်ပိုင်းမှာတော့ ဦးသန်းအေးဆိုသူကို ဖမ်းဆီးချုပ်နှောင်ပြီး ခြေချုပ်ပုဒ်မ () () နဲ့ တရားစွဲနေတယ်လို့ လူမှုရေး ဆောင်ရွက်သူ ဒေါ်တင်မာဆွေက RFA ကို ပြောပါတယ်။

ဦးသန်းအေး လွတ်မြောက်ရေးအတွက် မန္တလေးမြို့က ရှေ့နေ ဦးမြင့်သွင်နဲ့အဖွဲ့က ဥပဒေကြောင်းအရ လိုက်လံ ကူညီပေးနေတယ်လို့ သိရပါတယ်။

ရှေ့နေ ဦးမြင့်သွင်နဲ့ ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။ အသံဖိုင်ယူရန်။

မြစ်ကြီးနားမြို့တွင် ဗုံးကွဲ လူ ၃ ဦး ထိခိုက်ဒဏ်ရာရ
2012-04-25 RFA

မြစ်ကြီးနားမြို့ ဆေးရုံနဲ့ မော်တော်ယာဉ် ထိန်းသိမ်းရေးဌာနအနီးမှာ ဒီနေ့မနက် စောစောပိုင်းက ဗုံးတစ်လုံးပေါက်ကွဲခဲ့လို့ လူ ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားကြတယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ မြစ်ကြီးနားဒေသခံ တစ်ယောက်က -

"ဆေးရုံတောင်ဘက် မော်တော်ဘီကယ်အနား ဒီမနက် ၇ နာရီနဲ့ ၂၃ မိနစ်။ ၃ယောက်ထိတယ်။ သေတော့မသေဘူး။ တစ်ယောက်က ဆိုင်ကယ်နဲ့လာတာ။ တူအရီး နှစ်ယောက်၊ ၆ နှစ်သားကလေးအရွယ် တစ်ယောက်ပါတယ်တဲ့။ သူ့အဒေါ်နဲ့ အမှိုက်လာပစ်တာ အဲဒီအချိန်မှာကွဲတာ" လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ RFA က မြစ်ကြီးနား အထွေထွေဆေးရုံ၊ မြစ်ကြီးနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာနနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို ဆက်သွယ်မေးမြန်းပေမဲ့ ဗုံးကွဲတာ ဟုတ်မှန်ကြောင်းပဲ အတည်ပြုပြောဆိုပြီး အသေးစိတ် ပြောဆိုတာမရှိပါဘူး။

လွန်ခဲ့တဲ့ သင်္ကြန်အတက်နေ့ကလည်း မြစ်ကြီးနားအထွက် သံလမ်းမှာ ဗုံးတစ်လုံးပေါက်ကွဲလို့ သံလမ်းအနည်းငယ် ပျက်စီးသွားတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ အခုလို မကြာခဏ ဗုံးတွေပေါက်ကွဲနေပေမဲ့ တရားခံအစစ်အမှန်ကို ဖော်ထုတ်နိုင်တာ မတွေ့ရသေးပါဘူး။

NLD ကိုယ်စားလှယ်တွေ လွှတ်တော်တက်နိုင်မယ်လို့ မျှော်လင့်
2012-04-25 RFA

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ နေပြည်တော်မှာ လက်ရှိကျင်းပနေတဲ့ ပထမအကြိမ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးကို တက်ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း NLD က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

NLD လွှတ်တော် ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုရေးအတွက် အခြေခံဥပဒေ ဇယား ၄ ပါ စာသားကို ပြင်ဆင်ပေးဖို့ တင်ပြချက်ကို နိုင်ငံတော် သမ္မတအနေနဲ့ ဒီရက်ပိုင်းအတွင်း ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ခုလို ပြောဆိုရတာ ဖြစ်ကြောင်း NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ရောက်ခင် ကျမ်းသစ္စာ ကျိန်ဆိုရမဲ့အထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို " ကာကွယ်စောင့်ရှောက်ပါမည် " ဆိုတဲ့ စာသားကို NLD က သဘောမတူနိုင်တာကြောင့် " လေးစားလိုက်နာပါမည် " ဆိုတဲ့ စာသားနဲ့ ပြင်ဆင်ပေးဖို့ ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်တာကြောင့် အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးကို NLD ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ခြင်း မရှိသေးပါဘူး။

ဒီစာသားကို ပြင်ဆင်ပြောင်းလဲ မပေးမချင်း ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ကို တက်ရောက်မှာ မဟုတ်ဘူးလို့ NLD ပါတီက ပြောကြားထားပါတယ်။

အမေရိကန် မြန်မာဆက်ဆံရေး တရုတ်အစိုးရ စိုးရိမ်
2012-04-25 RFA

အမေရိကန်က မြန်မာနဲ့ ဆက်ဆံရေး ပြန်လည် ထူထောင်လာတာဟာ တရုတ်နိုင်ငံကို ဦးတည်ထား ကန့်သတ်လိုတဲ့ ရည်ရွယ်ချက်မျိုး မဖြစ်သင့်သလို တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ ဆက်ဆံရေးမျိုး မဖြစ်သင့်ဘူးလို့ တရုတ်အစိုးရ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ တျန်ကိုင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မြန်မာ့အရေးဟာ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်လို့ တရုတ်ပြည်အနေနဲ့ အမြဲတမ်း အာရုံစိုက်ကြည့်နေပါတယ်။ အမေရိကန်က အရင်တုန်းက မြန်မာနဲ့ မဆက်သွယ်ခဲ့ဘဲ အခုမှ ဘာကြောင့် အရေးတယူ လုပ်လာတယ်ဆိုတာ မေးချင်ပါတယ်လို့ သူက ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်ပေါ်လာတာနဲ့အမျှ အမေရိကန်နိုင်ငံကလည်း ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်လာနေတာဖြစ်ပြီး တရုတ်ရဲ့ အိမ်နီးခြင်း နိုင်ငံတွေကို အမေရိကန်က သူ့ရဲ့မဟာမိတ်ဖြစ်အောင် ကြိုးပမ်းနေတယ်လို့ တရုတ်အစိုးရ သတင်းစာတွေက စိုးရိမ်ချက်တွေကို ရေးသားကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက အမေရိကန်ဆိုင်ရာ မြန်မာနိုင်ငံ အထူးသံကိုယ်စားလှယ် Derek Mitchell တရုတ်နိုင်ငံကို လည်ပတ်ခဲ့စဉ်က အမေရိကန်အနေနဲ့ မြန်မာနဲ့ ဆက်ဆံရေးဟာ တရုတ်အကျိုးစီးပွားကို ထိခိုက်အောင် ဆောင်ရွက်မယ့် ဆက်ဆံရေးမျိုး မဟုတ်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

NLD လွှတ်တော်တက်ရန် တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်များ တိုက်တွန်း
2012-04-25 RFA

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်လာဖို့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီပါတီ လွှတ်တော်အမတ်တွေက ဒီကနေ့ စာရေးသား တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ ၁၀ ခုလောက်က လွှတ်တော်အမတ်တွေ စုပေါင်း လက်မှတ်ရေးထိုးတဲ့စာကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်တာ ဖြစ်တယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက အခုလိုပြောပြပါတယ်။

" ပထမဦးဆုံး အဆင့်အနေနဲ့ NLD ကို ကျွန်တော်တို့ တောင်းပန်မယ်။ လာခဲ့ပါ။ တောင်းဆိုမယ်။ တောင်းပန်မယ်။ ဖိတ်ခေါ်မယ်။ လာခဲ့ပါ။ ဝိုင်းပြင်ရအောင်၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ လက်မှတ်ထိုးပြီးတော့ အဲဒီ တောင်းပန်လွှာကို ကျွန်တော်တို့ ဒီနေ့ပဲ ပို့လိုက်တယ်။ ကျွန်တော်တို့ ပါတီပေါင်းစုံ တိုင်းရင်းသားပါတီတွေ အားလုံးပါတယ်။ ၁၀ ခုကျော်တယ်လေ။ ကျွန်တော်တို့ မြင်တာက ဘာလဲဆိုတော့ ပြည်သူတွေက လွှတ်တော်ထဲကို ဝင်ဖို့အတွက် ရွေးထားတယ်။ မဲပေးထားတယ်။ ကျွန်တော်တို့လည်း လိုလားတယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီအနေနဲ့ ကျွန်တော်တို့ ပုဂ္ဂိုလ်အရပေါ့လေ၊ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျွန်တော်တို့ ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ ကလည်း လိုလားတယ်။ ပြည်သူတွေကလည်း လိုလားတယ်။ ဒါကြောင့် ဝင်လာဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ လက်မှတ်ထိုးကြတယ်။"

NLD က တောင်းဆိုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ကျမ်းသစ္စာ ကျိန်ဆိုရမယ့်စာသား ပြင်ဆင်ရေးအတွက် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက အဆိုပြုရေးနဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံရေးကိစ္စတွေကို လွှတ်တော်တွင်းမှာ လတ်တလောရှိနေတဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစု ပါတီတွေက လွှတ်တော်အမတ်တွေရဲ့ အင်အားနဲ့ ဖြစ်မြောက်အောင် ဆောင်ရွက်ဖို့ မလွယ်ကူဘူးလို့လည်း ဒေါက်တာ ဗညားအောင်မိုးက ပြောပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

NLD လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်တက်ရောက်ဖို့ မတင်မကျ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ နိုင်ငံရေးအကျဉ်းသား စာရေးဆရာ ဦးဇော်သက်ထွေးနဲ့ အမျိုးသမီး သတင်းထောက်တစ်ဦးတို့ရဲ့ သဘောထား အမြင်တွေကိုလည်း RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။

ဗုဒ္ဓဟူး, 25 ဧပြီ 2012
ကချင်ပြည်နယ် လွှတ်တော်အနီး ဗုံးကွဲ
By ကိုမိုးဇော် VOA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဆေးရုံအနီး၊ လမ်းဒေါင့်မှာ ဒီကနေ့ ဗုံးတလုံးပေါက်ကွဲခဲ့တာကြောင့် လူသုံးယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ပြည်နယ်လွှတ်တော် အစည်းအဝေးတွေ ပြန်လည်စတင်ကျင်းပတဲ့ နေ့မှာပဲ လွှတ်တော်ရုံးနဲ့ ပေငါးရာ အကွာလောက်မှာပဲ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဒီ ဗုံးကွဲမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းနေဆဲ ဖြစ်တယ် ဆိုတာကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြစ်ကြီးနားမြို့မှာ ဒီကနေ့ မနက် ဗုံးပေါက်ကွဲတာကတော့ မြစ်ဆုံဘက် သွားရာ ဆွမ်ပရာဘွမ်လမ်းနဲ့ ရုံးကြီးလမ်းဆုံရာ ဆေးရုံဘက်အခြမ်း လမ်းဒေါင့်က ယာဉ်ထိန်းရဲဂိတ်အနီး ပလက်ဖောင်းမှာ ပေါက်ကွဲ ခဲ့တာ ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဒေသခံတယောက်က အခုလို ပြောပါတယ်။

၇ နာရီမိနစ် ၂၀၊ ဆေးရုံလမ်းဒေါင့်မှာ ဟုတ်တယ်။ လူကြီးတယောက်နဲ့ ကလေးတယောက် ဒဏ်ရာ ရတယ် ဒါပဲ ကြားတယ်။”

အခြားဒေသခံတယောက်ကတော့ သုံးယောက် ဒဏ်ရာရတယ်လို့ ပြောပါတယ်။

အထိအခိုက်က သုံးယောက်ထိတယ်လို့ ပြောတယ်။ အသေအပျောက်တော့ မရှိဘူး။ သုံးယောက် ဒဏ်ရာ ရတယ်လို့ ပြောတယ်။”

မြစ်ကြီးနားမြို့က စာနယ်ဇင်းသမား တယောက်ကတော့ ဗုံးပေါက်ကွဲချိန်မှာ လမ်းပေါ် ဖြတ်သန်းသွားလာ နေတဲ့ အမျိုးသား နှစ်ယောက်နဲ့ မိန်းကလေးငယ် တယောက် ဒဏ်ရာရပြီး ခွဲစိတ်ဆောင်မှာ ကုသမှု ခံယူနေတယ်လို့ ပြောပါတယ်။

အရင်က မြစ်ကြီးနားမြို့မှာ ဗုံးပေါက်ကွဲတယ်ဆိုရင် ညပိုင်းတွေမှာသာ ပေါက်ကွဲတတ်တာများပြီး ဒီ တကြိမ်ဟာ လူအသွားအလာရှိတဲ့ မနက်ခင်းပိုင်းမှာ ပထမဆုံးပေါက်ကွဲတာလည်း ဖြစ်တယ်။ ဒီကနေ့ ညနေပိုင်း အထိတော့ ဗုံးခွဲတဲ့ လက်သည်တရားခံကို ဖော်ထုတ်နိုင်တာ မကြားရသေးကြောင်း သူက ပြောပါတယ်။ ဒီကနေ့ ဗုံးပေါက်ကွဲမှုကတော့ ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပနေချိန်နဲ့လည်း တိုက်ဆိုင်နေပြီး ဗုံးပေါက်ကွဲတဲ့နေရာဟာပြည်နယ်လွှတ်တောရုံးနဲ့ ပေ ၅၀၀ အကွာလောက်မှာ ဖြစ်ပါတယ်။

ဒေသခံတွေကတော့ ဒီကနေ့ ဗုံးပေါက်ကွဲတာဟာ ယာဉ်ထိန်းရဲ ဂိတ်အနီးမှာ ဖြစ်တာကြောင့် ည အချိန်တည်းက ထောင်ထားတဲ့ ချိန်ကိုက်ဗုံးဖြစ်မယ်လို့လည်း တွက်ဆနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့က ရဲစခန်းနဲ့ ဆေးရုံကို ဆက်သွယ်မေးမြန်းရာမှာတော့ တစုံတရာ ပြန်လည် ဖြေကြားတာ မရှိခဲ့ပါဘူး။

ကချင်ပြည်နယ်အတွင်းမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မြန်မာအစိုးရတပ်တွေ အကြားမှာ တိုက်ပွဲတွေ ပြန်လည်စတင်နေတာ ခုဆိုရင် ၁၁ လ နီးပါး ရှိလာပြီဖြစ်ပါတယ်။ ဒီလို တိုက်ပွဲတွေပြန်လည် စတင်ခဲ့တဲ့နောက်မှာ ကချင်ပြည်နယ်အတွင်း ဗုံးပေါက်ကွဲတာတွေ မကြာခဏ ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့၊ ညပိုင်းမှာလည်း မြစ်ကြီးနားမြို့အထွက် မီးရထား သံလမ်းမှာ ဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာတော့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။


ဗုဒ္ဓဟူး, 25 ဧပြီ 2012
မြန်မာ့နိုင်ငံရေးပြေလည်ရင် အာရှထိပ်တန်းဖြစ်နိုင်
By ကိုအောင်လွင်ဦး VOA
NLD ပါတီ လွှတ်တော်မတက်နိုင်တဲ့ အခြေအနေကို ညှိနှိုင်းဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း ကုလ၊ မြန်မာ ဆိုင်ရာ အထူးအကြံပေး ဘီဂျေ၊ နမ်ဘီးယားက ပြောပါတယ်။

ကျမ်းသစ္စာကျိန်ဆိုရမယ့် စကားအသုံးအနှုန်းအပေါ် အချေအတင် ဖြစ်နေရတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကိုယ်စားလှယ်တွေ လွှတ်တော်မတက်နိုင်ဘဲ ဖြစ်နေရတဲ့အခြေအနေတွေကို ညှိနှိုင်းဖြေရှင်းသွားနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။ နိုင်ငံရေးအရ တိုးတက်အောင်လုပ်နိုင်မယ်ဆိုရင် အာရှမှာ ထိပ်တန်းနိုင်ငံတခု အထိတောင် ဖြစ်လာနိုင်တယ်လို့လည်း အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar က ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံရေးအရ ကွဲလွဲမှုတွေ ရှိနေပေမဲ့ နောက်ဆုံးမှာ ပြေလည်မှု ရလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူးအကြံပေးပုဂ္ဂိုလ်က ပြောလိုက်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဒီလဆန်းမှာ ကျင်းပတဲ့ ကြားဖြတ် ရွေးကောက် ပွဲတွေမှာ အနိုင်ရခဲ့ပေမဲ့ ကျမ်းသစ္စာ ကျိန်ဆိုရာမှာ သုံးနှုန်းတဲ့ စကားလုံးအပေါ် သဘောကွဲလွဲရာက လွှတ်တော် မတက်နိုင်ဘဲ ဖြစ်နေရတဲ့အခြေအနေကို နှစ်ဘက်အကြား ညှိနှိုင်းပြေလည်မှု ရစေ ဖို့ ပြည်တွင်းပြည်ပက တိုက်တွန်းနေတဲ့အထဲ အခုနောက်ဆုံး အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။ အစိုးရနဲ့ NLD ကြား ကွဲလွဲမှုတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း AP သတင်းဌာနနဲ့ သီးခြားတွေ့ဆုံ မေးမြန်းရာမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီကိစ္စကို ပြေလည်အောင် နှစ်ဘက်စလုံးက ဖြေရှင်းနိုင်တဲ့ ဉာဏ်အမြော်အမြင်ရှိမယ်ဆိုတာ ကျနော် သေချာပေါက် ပြောနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့တွေ အနေနဲ့ အောင်မြင်မှုတွေ ရနိုင်ဖို့ အတွက် ရွေးကောက်ပွဲ အဆင့်အထိ ရောက်လာတဲ့ တကယ့် ခြေလှမ်းတွေကို လှမ်းခဲ့ကြတာတွေကို ကျနော်ဖြင့် တွေးတောင် မတွေးမိပါဘူး။”

မြန်မာနိုင်ငံကို သီတင်းပတ်ကုန် သွားမယ့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ သဘောထား မတူတာတွေကို ညှိနှိုင်းဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုထားတာဖြစ်သလို အမေရိကန် ပြည်ထောင်စုကလည်း အခြေအနေကို ဆွေးနွေးအဖြေရှာနိုင်ဖို့ လိုလားတဲ့ အကြောင်း ပြောဆိုထားတာပါ။ တနင်္လာနေ့တုန်းက လွှတ်တော် အခမ်းအနားတွေ ပြန်လည် စတင်ရာမှာတော့ ကြားဖြတ် ရွေးကောက်ပွဲမှာ အမတ်နေရာ အများစု အနိုင်ရထားတဲ့ NLD ကိုယ်စားလှယ်တွေ မပါဘဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေအဖြစ် ကျမ်းသစ္စာကျိန်ဆိုရာမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည် လို့ ပြောင်းလဲဖို့ NLD ပါတီက လိုလားနေတာ ဖြစ်ပေမဲ့ ဒါဟာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်နေတာမို့ လွှတ်တော်တွင်း ဆွေးနွေးမှ သာ ဖြစ်နိုင်စရာရှိတယ်လို့ အာဏာရ နိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ပြောဆိုထားပါတယ်။ ကျမ်းသစ္စာကျိန်ဆိုရမယ့် ကိုယ်စားလှယ်တွေထဲက တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စ ပြေလည်စေဖို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းနိုင်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း သူ့ကိုပြောပြတယ်လို့ အထူးအကြံပေးပုဂ္ဂိုလ် နမ်ဗီယား ကပြောပါတယ်။

လက်ရှိ အခြေအနေသစ်နဲ့ ပတ်သက်လို့ ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ ဆိုတာကို ကျနော် သူ့ကို မေးကြည့်ပါတယ်။ သူပြောတာကတော့ အာဏာရပါတီ၊ စစ်တပ်တို့နဲ့ ဆက်သွယ်မယ်လို့ ပြောပါတယ်။ လွှတ်တော်ထဲမှာ ရောက်နေကြတဲ့ စစ်တပ်ထဲက ပုဂ္ဂိုလ်တွေအပါအ၀င် လူအတော်များများဟာ သူ့ရဲ့နိုင်ငံရေးအမြင်နဲ့ သဘောထားတွေကို တကယ်တမ်း လက်ခံတုံ့ပြန်လိုတယ်လို့ သူ့အနေနဲ့ ခံစားမိတဲ့ အကြောင်းလည်း ပြောပါတယ်။”

သမ္မတဦးသိန်းစိန်ကတော့ မြန်မာလူထုအတွက် အကျိုးရှိမယ်ဆိုရင် ပြင်ဆင်ဖို့ မဖြစ်နိုင်စရာမရှိတဲ့ အကြောင်း ဂျပန်နိုင်ငံမှာ အလည်အပတ်ရောက်နေစဉ် တနင်္လာနေ့က ပြောခဲ့တာပါ။ ကျမ်းသစ္စာကျိန်ဆိုဖို့ အငြင်းပွားစရာ ဖြစ်နေရတဲ့ကိစ္စကို မနက်ဖြန် ကြာသပတေးနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပွဲတွေ အတွင်း ဆွေးနွေးနိုင်ဖို့ မျှော်လင့်ရကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ကွဲလွဲမှုတွေကို ပြေလည်အောင် ဖြေရှင်းပြီး နိုင်ငံရေးအရ တိုးတက်အောင်လုပ်နိုင်မယ်၊ တိုင်းပြည် ထူထောင်ရေးအတွက် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအောင်မြင်ပြီး ဒေသတွင်းမှာ မြန်မာနိုင်ငံဟာ ရှေ့တန်းရောက်လာနိုင်စရာ ရှိတယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်က ပြောဆိုလိုက်တာပါ။

အိမ်နီးချင်းတိုင်းပြည်တွေက အတွေ့အကြုံတွေကနေ သင်ခန်းစာယူဖို့ မြန်မာနိုင်ငံအတွက်တော့ အခွင့် အလမ်းကောင်းတခုပါ၊ ကျွမ်းကျင်မှု အတွေ့အကြုံရှိတဲ့ ပြည်ပရောက်တချို့ကိုလည်း ပြန် လက်ခံပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ပါနေကြပြီလို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့လည်း လစ်ဟာမှုတွေ အများအပြား ရှိနေတာပါ၊ စွမ်းဆောင်ရည်ရှိတဲ့ လူသားအရင်းအမြစ်တွေ အကြီးအကျယ် အားနည်းနေတဲ့အတွက် ပြန်လည် တည်ဆောက်ဖို့ လိုအပ်နေပြီး ဒါတွေကိုသာ ဖြည့်ဆည်းနိုင်မယ် ဆိုရင် မြန်မာနိုင်ငံဟာ အာရှမှာ ကျားတကောင် အဖြစ်နဲ့ ခေါင်းထောင်ထလာနိုင်စရာ အခြေခံတွေ ခိုင်ခိုင်မာမာ ရှိတယ်လို့ ကျနော်ယူဆပါတယ်။”

မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့တာလို နိုင်ငံရေး အပြောင်းအလဲတွေရှိခဲ့ တဲ့နောက်မှာတော့ အမေရိကန်၊ ဥရောပ သမဂ္ဂ (EU) သြစတြေးလျ၊ ကနေဒါ စတဲ့ နိုင်ငံတွေက အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့တာ၊ ဖယ်ရှားတာတွေ လုပ်ခဲ့ကြတာပါ။ ဒီအတွက် ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေနဲ့ အတူ မြန်မာ့စီးပွားရေးမှာလည်း တိုးတက်မှု အလားအလာတွေ ရှိလာနိုင်တယ် လို့ မျှော်လင့်မှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

စင်ကာပူရောက် မြန်မာအိမ်ဖော်များဘဝ
ခင်ကလျာစိုး ဧပြီ ၂၄၊ ၂၀၁၂မိုးမခ
မြန်မာနိုင်ငံကနေ စကာင်္ပူမှာ အိမ်ဖော်လာလုပ်ကြရတဲ့ မိန်းကလေးတွေရဲ့ဘ၀ကို ကိုယ်ချင်းစာနိုင်အောင် ဒီစာကိုရေးလိုက်တာပါ။ အိမ်ဖော်အဖြစ် သွားရောက်လုပ်ကိုင်လိုသူများ ဒီစာကို အရင်ဖတ်စေချင်ပါတယ်။
---------------------------------------------------
စကာင်္ပူမှာ အိမ်ဖော်လာလုပ်ကြရတဲ့ မိန်းကလေးတွေအနေနဲ့ နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံ ရှိပါတယ်။ အများအားဖြင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ယိုးဒယားနဲ့ မြန်မာပြည်ကမိန်းကလေးတွေပါ။ အဲ့ဒီလိုလူမျိုးစုံထဲကမှ မြန်မာပြည်က အိမ်ဖော်တွေရတဲ့အခွင့်အရေးနဲ့ တခြားနိုင်ငံက အိမ် ဖော်တွေရတဲ့အခွင့်အရေး အများကြီးကွာခြားပါတယ်။ ကျမနဲ့အိမ်မှာ တခန်းတည်းအတူနေခဲ့တဲ့ ညီမလေးတယောက်က Maid Agency မှာ ရုံးဝန်ထမ်းလုပ်ပါတယ်။ ဒါကြောင့် သူပြောပြသမျှကို ကျမသိခဲ့ရတယ်။

မြန်မာအိမ်ဖော်တွေ အဓိကအနှိမ်ခံရတဲ့အချက်တွေက ဘာသာစကားအားနည်းမှု၊ မိမိအလုပ်ရှင်ကို ရိုသေလေးစားအားနာမှု၊ သည်းခံတတ်မှု တွေကြောင့် အလုပ်ရှင် အိမ်ရှင်တွေက အတင့်ရဲစွာနဲ့ အနိုင်ကျင့် နှိမ်ချရဲတာပါ။ အိမ်ဖော်ချင်း အတူတူ ဖိလစ်ပိုင်နဲ့ မြန်မာ ရတဲ့အခွင့်အရေး ကွာခြားတာကို ကျမရှင်းပြပါ့မယ်။

ဖိလစ်ပိုင်ကလာတဲ့ အိမ်ဖော်တွေက သူများနိုင်ငံမှာ အိမ်ဖော်သွားလုပ်တော့မယ်ဆိုရင် မသွားခင်မှာ အရင်ဆုံးသင်တန်းတက်ရတယ်။ ကိုယ်လုပ်မယ့်လူမျိုးတွေရဲ့ စရိုက်၊ နေထိုင်မှု၊ သန့်ရှင်းရေး၊ စားပုံသောက်ပုံ၊ ချက်ပြုတ်တာတွေကအစ သင်ခဲ့ကြတယ်။ မြန်မာပြည်က လာ တဲ့ အိမ်ဖော်မိန်းကလေးတွေက အများအားဖြင့် နယ်က ကလေးတွေဖြစ်ကြတယ်။ ကိုယ့်တိုင်းပြည်မှာ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေလို့ ရှိသမျှလေး ပေါင်နှံပြီး Agent တွေကို မတန်တစပေးပြီး ရောက်လာခဲ့ကြတယ်။ တချို့ဆိုရင် သူတို့ ဘာလုပ်လို့ လုပ်ရမှန်းမသိပဲ စင်္ကာပူမှာ အလုပ်ရမယ်ဆိုလို့ လိုက်လာတာမျိုးတွေ တပုံကြီးပါ။ လေဆိပ်ရောက်တော့မှ Agent က သူတို့ လက်ထဲကို In-Principle Approvals (IPA Letter) ထည့်ပေးလိုက်မှ သူတို့ရဲ့ အလုပ်အကိုင်နေရာကိုမြင်မှ သိလိုက်ရတဲ့သူတွေလည်း ဒုနဲ့ဒေးပါ။ အဲ့ဒီအချိန်မှာ နောက်ဆုတ်လို့လည်း မရတော့ဘူး။ ဒီတော့ မျက်စိမှိတ်ပြီး ရောက်ခဲ့ကြရပြန်ရော။ တချို့ဆိုရင် အဲ့ဒီ In-Principle Approvals (IPA Letter) ကိုတောင် နားမ လည်ပါဘူး။ ဘာမှန်းညာမှန်းမသိပဲ အလုပ်ရချင်တဲ့စိတ်လေးတခုတည်းနဲ့ ရောက်ခဲ့ကြတာ။

ဒီတော့ ဘယ်မှာလဲ သင်တန်းတွေ၊ ဘာသာစကား လေ့လာမှုတွေ၊ လုပ်ငန်းတဲ့ပတ်သက်တဲ့ ဗဟုသုတတွေ... တကယ့်ကို ဘာမှမရှိပဲ ရောက်လာကြရတာပါ။ ဒီတော့ သူများနဲ့ယှဉ်ပြီးလည်းရွေးရော မြန်မာလူမျိုးက ဘာမှမတတ်ဘူးဆိုပြီး Agent ကစလို့ လစာကိုနှိမ်ပြီး သတ် မှတ်တော့တာပဲ။ အလုပ်ရှင်တွေဆီပို့ပြန်တော့လည်း တခြားနိုင်ငံသားတွေကို စကာင်္ပူလူမျိုးမဟုတ်တဲ့ နိုင်ငံခြားသား (အနောက်နိုင်ငံသား) အိမ်တွေကို ပို့တာများတယ်။ မြန်မာတွေက ဘာသာစကားအားနည်းလို့ဆိုပြီး စလုံးတရုတ်အိမ်တွေကို ပို့တယ်။ တခြားနိုင်ငံသားတွေ တလ ကို စကာင်္ပူဒေါ်လာ (၆၀၀) ရတဲ့အချိန်မှာ မြန်မာလူမျိုးကို တလ စကာင်္ပူဒေါ်လာ (၃၅၀) ပဲပေးတယ်။ အလုပ်နားရက်ပေးပြန်တော့လည်း တခြားလူမျိုးတွေက တပတ်ကို () ရက် ခံစားခွင့်ရတယ်။ မြန်မာလူမျိုးကို တလမှ () ရက်ပဲ ခံစားခွင့်ပေးတယ်။ ဟန်းဖုန်းသုံးလို့မရတဲ့ အိမ်ရှင်တောင် ရှိပါတယ်။ ကိုယ်ပိုင်အပြင်ထွက်လို့ရတဲ့နေမှာပဲ ဆက်သွယ်လို့ရပါတယ်။

အခုပြောပြတာတွေက ကျမတို့သိထားတဲ့ အပြင်ပန်းခွဲခြားဆက်ဆံမှုပဲ ရှိပါသေးတယ်။ တကယ်အလုပ်လုပ်ရတဲ့ ကာယကံရှင် အိမ်ဖော်တွေ က သူတို့ရဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ဘ၀မှာ ကျမတို့ မသိနိုင် မမြင်နိုင်တဲ့ နာကျင်မှုတွေ၊ ခံစားမှုတွေ ရှိနေနိုင်ပါတယ်။ တချို့ဆိုရင် အိမ်ရှင် က ကိုယ်ထိလက်ရောက် နာကျဉ်အောင် ရိုက်နှက်တာမျိုးလည်း ရှိပါတယ်။ အဲ့လိုဖြစ်လို့ Agent ကို အကြောင်းကြားရင် Agent က အလုပ် ရှင်ဘက်ကနေပဲ ရပ်တည်ပါတယ်။ ကိုယ့်တိုင်းပြည်မှာ တခါမှ ဘာအလုပ်မှ မလုပ်ခဲ့ဘူးပဲနဲ့ စင်္ကာပူရောက်မှ အခုလို အိမ်ဖော်ဘ၀လုပ်ရတဲ့ သူတွေလည်း အများကြီးဆုံခဲ့ဖူးပါတယ်။ ကျမတို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ တခုဆိုလျှင် ကံကံ၏အကျိုးဆိုပြီး သည်းခံ ခွင့်လွှတ် တတ်ကြတဲ့ လူမျိုးတွေပါ။ တချို့တွေ ဒီလိုဒုက္ခတွေကိုမခံနိုင်တော့လို့ ရခဲ့လှတဲ့လူ့ဘ၀ကိုတောင် စွန့်ခွာတဲ့အထိဖြစ်ကြပါတယ်။

ကျမအနေနဲ့ ဘယ်နေရာမှာ မြန်မာလူမျိုးတွေ့တွေ့ နှုတ်ဆက်တယ် အဆင်ပြေလားဆိုတဲ့စကားကို မေးမိတယ်။ ကိုယ်ချင်းစာတယ်၊ မြန်မာ လူမျိုးအချင်းချင်း၊ အမျိုးကောင်းသမီးတွေကို တန်ဖိုးထားစေချင်တယ်။ လူတိုင်လူတိုင်း ပြည့်စုံတဲ့ဘ၀နဲ့သာ ရှင်သန်ချင်ကြပါတယ်။ အ ကြောင်းမလှလို့ ဒီလိုဘ၀မျိုးရောက်တဲ့သူတွေကို ညှာတာပါ၊ သနားပါ၊ စာနာပါ။ ကိုယ်ချင်းစာတရားနဲ့ ကူညီပေးကြပါ။ မြန်မာနိုင်ငံမှ နိုင် ငံခြားတွင် အိမ်ဖော်အလုပ်ဖြင့် သွားရောက်လုပ်ကိုင်လိုသော မြန်မာမိန်းကလေးများ သတိပြုနိုင်ပါစေ။ စကာင်္ပူနိုင်ငံလို ဥပဒေပြင်းထန်သော နိုင်ငံတွင် ဒီလောက်ဖြစ်သည်ဆိုလျှင် အခြားသောတိုင်းပြည်များတွင် ဒီထက်သာဆိုးပါလိမ့်မည်။

အခုလို အိမ်ဖော်တွေအနေနဲ့လည်း လစာ တလကို ဒေါ်လာ (၂၀၀) ပဲ ရရ (၃၀၀) ပဲရရ Work Permit ကိုင်ဆောင်ထားတဲ့အတွက် မြန် မာသံရုံးကို ၀င်ငွေခွန် တလ ဒေါ်လာ (၄၀) နှုန်းနဲ့ ဆောင်ရပါတယ်။ မြန်မာသံရုံးအနေဖြင့် အခွန်ကိုသာ ပုံမှန်တောင်းခံပြီး ကိုယ့်နိုင်ငံသား အပေါ်တွင် မည်သည့်အကူအညီ၊ ကာကွယ်ခြင်းမျိုး မပေးနိုင်ပါ။ တွေးလို့သာ ကြည့်ကြပါတော့။

မြန်မာသံရုံးကိုထမ်းဆောင်ရတဲ့ အခွန်နှုန်းထားတွေဟာ ကိုင်ဆောင်ထားတဲ့ပါမစ်နဲ့သာ ထမ်းဆောင်ရပါတယ်။
() Work Permit - $40/ month
() S-Pass - $80/month
() E-Pass/ PR - $120/month
() Passport စာအုပ်သက်တမ်းတိုးခြင်း - $150




ဥပဒေကို လိုက်နာပါ၏ လော
ဦးမျိုး (ဥပဒေ)၊ ဧပြီ ၂၅၊ ၂၀၁၂မိုးမခ
ခေတ်သစ် နိုင်ငံရေးအခြေခံ ဥပဒေပညာရှင် စီအက်ဖ် စထရောင်း (C . F . Strong ) က ”ဖွဲ့စည်ပုံ အခြေခံဥပဒေ ဟူသည် အစိုးရ၏ အာဏာများနှင့် ပြည်သူတို့၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို စုစည်းဖော်ပြထားသော အစိုးရနှင့်ပြည်သူ အကြား ဆက်ဆံရေး ကောင်းမွန်စေရန် ညှိနှိုင်း သတ်မှတ်ထားသော မူ များ ဖြစ်သည်၊ ဟုရှင်းရှင်းလင်းလင်းဖွင့်ဆို ခဲ့ပါသည်။
အစိုးရနှင့် ပြည်သူအကြား ဆက်ဆံရေး ကောင်မွန်စေရန် ညှိနှိုင်း သတ်မှတ်ထားသော မူ များကို နှစ်ဖက်စလုံးက လိုက်နာရပါမည်။ နိုင်ငံနှင့် ပြည်သူအကြား ချုပ်ဆိုထားသော သဘောတူစာချုပ်ကြီး ဖြစ်သည်ဟုလည်း စီအက်ဖ် စထရောင်းက ရှင်းပြပါသေးသည်။ အမှန်စင်စစ်မှာ ဥပဒေသည် ဥပဒေနှင့် ပတ်သက်သည့် သူများ အထူးသဖြင့် အပေါ်ထပ်အဆောက်အအုံဖြစ်သည့် လွှတ်တော်များ အစိုးရများက စံပြလိုက်နာပြရစမြဲဖြစ်သည်။ မိမိတို့နိုင်ငံတွင် ခေတ်အ ဆက်ဆက်နှင့် လက်ရှိအစိုးရများကို လေ့လာလျှင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဗိုလ်နေ၀င်း စစ်အုပ်စုက ဖျက်ဆီးခဲ့သည်။ ယခုလည်း ဗိုလ်သိန်းစိန် ကြံ့ဖွံ့အစိုးရ အနေဖြင့် ၎င်းတို့ကိုယ်တိုင် စိတ်ကြိုက် ရေးဆွဲပြဋ္ဌာန်းခဲ့သော စစ်အုပ်စုလက်စွဲ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အစိုးရ မည်သို့ရှိသည်ကို လေ့လာဆန်းစစ်ရပါတော့မည်။
အစိုးရသတင်းစာထဲမှာ ဧပြီလ ၂၂- ရက်စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် နှစ်ခုထုတ်ပြန်ပြီး၊ ပြည်သူ့လွှတ်တော်က စစ်သားအမတ် (၃၉) ဦးနှင့် အမျိုးသားလွှတ်တော်က စစ်သားအမတ် (၂၀) ဦး၊စုစုပေါင်း စစ်သားအမတ် ၅၉ -ဦးကို အစားထိုးလဲလှယ် လိုက်ပါသည်။ ပြည်ထောင်စု ဥပဒေပြုလွှတ်တော် ထဲတွင် ရှိသော စစ်သားအမတ် (၁၆၆) ဦးထဲက တ၀က်လောက်ကို အစားထိုးလဲလှယ် လိုက်တာပါ။ ထုတ်ပယ်ခံရတဲ့ ၅၉ ဦးက ဗိုလ်မှုးများဖြစ်ပြီး ခုအသစ်ခန့်တဲ့သူ တွေက ဗိုလ်မှုးချုပ်၊ ဗိုလ်မှုးကြီးနှင့် ဒုဗိုလ်မှုးကြီးတွေ ဖြစ်ကြောင်း တွေ့မြင်ရပါသည် ။ ရွှေစစ်မစစ် ကို မှတ်ကျောက် တင်၍ သိရှိနိုင်သည့်နည်းတူ ဥပဒေအတိုင်း လိုက်နာ လုပ်ဆောင်ခြင်း ဟုတ်၏ မဟုတ်၏ ကိုလည်း ၄င်းတို့ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် ချိန်ထိုးဆန်းစစ်ခြင်းဖြင့် သိရှိနိုင်ပါသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၃ -”တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် မိမိအမည်စာရင်း တင်သွင်းထားသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးကို အစားထိုးပြောင်းလဲလိုကြောင်း ကော်မရှင်သို့ အကြောင်း ကြားသည့်အခါ အစားထိုးပြောင်းလဲလိုသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို အများပြည်သူ သိရှိရန် ကြေညာရမည်။ ထိုသို့ကြေညာသည့်နေ့မှ စ၍ ပြောင်းလဲခြင်းခံရသော မူလလွှတ်တော်ကိုယ်စားလှယ်သည် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲပြီး ဖြစ်သည်ဟု မှတ်ယူရမည်။”ဟု ဖော်ပြထားပါသည်။ (မည်သည့်အတွက်ကြောင့်အစားထိုးပြောင်းလဲခံရသည်ကို ကော်မရှင်က အများပြည်သူ သိရှိရန် ထုတ်ပြန်ကြေညာခြင်း လုံးဝမရှိခဲ့ ကြောင်းတွေ့ရှိရပါသည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ -၃၉၆ (က) တွင်”လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို အောက်ပါ အကြောင်းတရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိသည်- ()မှ() အထိပြဋ္ဌာန်းထားပါသည်။ ဤအတွက် တာဝန်မှ ပြန်လည်ရုပ်သိမ်း ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အများပြည်သူ သိရှိနိုင်ပါရန် ကြေညာခြင်းပြုရပါမည်။ တစုံတရာ ကြေညာခြင်းမရှိသည်ကို၌က ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာရောက်ပါသည်။ ခေါင်မလုံလျှင် တစ်အိမ်လုံးမိုးယိုစမြဲ၊ ထိုနည်းတူပင် ဥပဒေပြုရေးမဏ္ဍိုင်၏ အထွဋ်အထပ်ဖြစ်သည့် ပြည်ထောင်စုဥပဒေပြုလွှတ်တော် ကသတ်မှတ်ပြဋ္ဌာန်းထားသည့်ဥပဒေများသည်လည်း တညီတညွတ်တည်းမရှိလျှင် ဥပဒေစိုးမိုးမှုရှိလိမ့်မည်မဟုတ်ချေ။
၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ-၁၁၉ တွင်” ပြည်သူ့လွှတ်တော်၏ သက်တမ်းသည် ယင်းလွှတ်တော်၏ ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ စ၍ ငါးနှစ်ဖြစ်သည်။ ဟုလည်းကောင်း ပုဒ်မ- ၁၅၁ တွင်” အမျိုးသားလွှတ်တော်၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့် အညီ ဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ သက်တမ်း ကုန်ဆုံးသောနေ့တွင် အမျိုးသားလွှတ်တော်၏ သက်တမ်းသည်လည်း ကုန်ဆုံးသည်။ ဟုလည်းကောင်း ဖော်ပြထားပါသည်။
ထို့အတူ လွှတ်တော်ကိုယ်စားလှယ်များ၏ သက်တမ်းသည်လည်း ငါးနှစ်ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ် ဆိုသည်မှာ “လွှတ်တော် တစ်ရပ်ရပ်သို့ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်ကိုလည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကို လည်းကောင်း ဆိုသည်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၂() တွင်ဖော်ပြထားသည်။
ဆိုလို သည်မှာ လွှတ်တော်ကိုယ်စားလှယ်တိုင်း လွှတ်တော်သက်တမ်း ငါးနှစ်ကာလသာ ထမ်းဆောင်ခွင့်ရှိပါသည်။ အများတန်းတူ အခွင့်အရေး ရှိရပါမည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဖြစ်၍ ခဏခဏ အစားထိုးခန့်အပ်နိုင်သည်ဟု ဥပဒေက ပြဋ္ဌာန်းထားချက်မရှိပါ။
နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်း()တွင်ပြဋ္ဌာန်းထားသော ပုဒ်မ -၃၄၇ တွင်”နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်။ ဟုဖော်ပြချက်ကို မည်သူမဆိုလိုက်နာသင့်ပါသည်။ မလိုက်သူများကား အဘယ်သူများပါနည်း။ ရဲရဲအစစ်ဆေးခံနိုင်ရပါမည်။

မူးယစ်ရာဇာ ၂၀ ကျော် ထိုင်းတွင် ဆုငွေထုတ်၊ မြန်မာ ၃ ဦးကို ကြေးအများဆုံး ပေးမည်
မိုးမခအထောက်တော် အမှတ် ဝဝ၇
ဧပြီ ၂၄၊ ၂ဝ၁၂မိုးမခ


စိုင်းနော်ခမ်း၊ ဦးယိဆေး၊ ဦးနှုတ်ခမ်းမွေး တို့၏ ပုံ နှင့် အချက်အလက်များ ပါဝင်သော ဤပိုစတာအား မြန်မာဘာသာဖြင့်လည်း ပုံနှိပ်ဖြန့်ဝေမည်ဟု သိရှိရပါသည်။

မူးယစ်ဆေးကုန်ကူးမှုတွင် ထိပ်တန်းမှ ပါဝင်သည်ဟုဆိုသူ လူ ၂၀ ကျော်၏ အမည်ကို ထိုင်းအစိုးရက ထုတ်ပြန်လိုက်ရာ ထိုအထဲတွင် မြန်မာပြည်ဘက်မှ ၃ ဦး ပါဝင်နေသည်ကို တွေ့ရပြီး ထို ၃ ဦးမှာ ဆုငွေ အများဆုံး အထုတ်ခံထားရသူများ ဖြစ်နေလေသည်။

ထိုင်းအစိုးရက ထိုစာရင်းကို ပြီးခဲ့သည့် သောကြာတွင် ထုတ်ပြန်ခြင်း ဖြစ်၏။

ထိုသုံးဦးမှာ စိုင်းနော်ခမ်း၊ ဦးယိဆေး၊ ဦးနှုတ်ခမ်းမွေး တို့ ဖြစ်သည်။

ထို ၃ ဦးအကြောင်းကို ထိုင်းမြန်မာနယ်စပ် မူးယစ်ဆေးဝါးဆိုင်ရာ သတင်းများကို ဦးစားပေးဖော်ပြလေ့ရှိသော သျှမ်းသံတော်ဆင့် အင်တာနက်စာမျက်နှာတွင် အောက်ဖော်ပြပါအတိုင်း တွေ့ရှိရ၏။

စိုင်းနော်ခမ်း - အသက် ၄၂ နှစ်၊ ရွှေတြိဂံဒေသ လက်နက်ကိုင်အဖွဲ့တခု၏ ခေါင်းဆောင်၊
ဆုငွေ နှစ်သန်း (ဒေါ်လာ ခြောက်သောင်းခွဲ)

ဦးယိဆေး - အသက် ၆၆ ၀န်းကျင်၊ ရှမ်းပြည်နယ်ရှိ ပြည်သူ့စစ်အဖွဲ့တခု၏ ခေါင်းဆောင်၊
ဆုငွေ တစ်သန်း (ဒေါ်လာ သုံးသောင်းကျော်)

ဗိုလ်နှုတ်ခမ်းမွေး - DKBA တပ်ဖွဲ့ စစ်ဦးစီးချုပ်၊ ယခင်က နယ်စပ်တွင်မိသော ဆေးဝါးများ သူ့ထံမှလာဟု ထိုင်းအစိုးရပြော၊
ဆုငွေ တစ်သန်း (ဒေါ်လာ သုံးသောင်းကျော်)

ဤ ၃ ဦးအပါအ၀င် အလိုအရှိဆုံး လူ ၂၅ ဦးအတွက် ထိုင်းအစိုးရက ဆုချမည့် ငွေပမာဏမှာ ဘတ် ၁၂ သန်း (ဒေါ်လာ ၄ သိန်း) ဖြစ်၏။

ဤ ၂၅ ဦးသည် ထိုင်းအစိုးရ မူးယစ်တိုက်ဖျက်နှိမ်နင်းရေးအဖွဲ့စာရင်းတွင် ရှိသော မူးယစ်ကုန်ကူးသူ ခြောက်သောင်းကျော်ထဲမှ ထိပ်တန်းတွင် ပါဝင်သည်ဟု သိရသည်။

ဖမ်းဆီးနိုင်ရေး သတင်းပေးရုံမျှဖြင့် ထိုဆုငွေ ပေးမည်ဟု ဆိုသည်။

ဆုငွေအား သတင်းပေးသူက ၆၀% ရမည် ဖြစ်ပြီး ဖမ်းဆီးသည့် အရာရှိ/၀န်ထမ်းက ၄၀% ရမည်ဟု MCOT သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

0 ကွန်မန့်ရေးရန်:

Post a Comment