Wednesday, April 25, 2012

မူးယစ်ရာဇာ ၂၀ ကျော် ထိုင်းတွင် ဆုငွေထုတ်၊ မြန်မာ ၃ ဦးကို ကြေးအများဆုံး ပေးမည်




စိုင်းနော်ခမ်း၊ ဦးယိဆေး၊ ဦးနှုတ်ခမ်းမွေး တို့၏ ပုံ နှင့် အချက်အလက်များ ပါဝင်သော ဤပိုစတာအား မြန်မာဘာသာဖြင့်လည်း ပုံနှိပ်ဖြန့်ဝေမည်ဟု သိရှိရပါသည်။


မူးယစ်ဆေးကုန်ကူးမှုတွင် ထိပ်တန်းမှ ပါဝင်သည်ဟုဆိုသူ လူ ၂၀ ကျော်၏ အမည်ကို ထိုင်းအစိုးရက ထုတ်ပြန်လိုက်ရာ ထိုအထဲတွင် မြန်မာပြည်ဘက်မှ ၃ ဦး ပါဝင်နေသည်ကို တွေ့ရပြီး ထို ၃ ဦးမှာ ဆုငွေ အများဆုံး အထုတ်ခံထားရသူများ ဖြစ်နေလေသည်။

ထိုင်းအစိုးရက ထိုစာရင်းကို ပြီးခဲ့သည့် သောကြာတွင် ထုတ်ပြန်ခြင်း ဖြစ်၏။
ထိုသုံးဦးမှာ စိုင်းနော်ခမ်း၊ ဦးယိဆေး၊ ဦးနှုတ်ခမ်းမွေး တို့ ဖြစ်သည်။
ထို ၃ ဦးအကြောင်းကို ထိုင်းမြန်မာနယ်စပ် မူးယစ်ဆေးဝါးဆိုင်ရာ သတင်းများကို ဦးစားပေးဖော်ပြလေ့ရှိသော သျှမ်းသံတော်ဆင့် အင်တာနက်စာမျက်နှာတွင် အောက်ဖော်ပြပါအတိုင်း တွေ့ရှိရ၏။
စိုင်းနော်ခမ်း – အသက် ၄၂ နှစ်၊ ရွှေတြိဂံဒေသ လက်နက်ကိုင်အဖွဲ့တခု၏ ခေါင်းဆောင်၊
ဆုငွေ နှစ်သန်း (ဒေါ်လာ ခြောက်သောင်းခွဲ)
ဦးယိဆေး – အသက် ၆၆ ၀န်းကျင်၊ ရှမ်းပြည်နယ်ရှိ ပြည်သူ့စစ်အဖွဲ့တခု၏ ခေါင်းဆောင်၊
ဆုငွေ တစ်သန်း (ဒေါ်လာ သုံးသောင်းကျော်)

ဗိုလ်နှုတ်ခမ်းမွေး - DKBA တပ်ဖွဲ့ စစ်ဦးစီးချုပ်၊ ယခင်က နယ်စပ်တွင်မိသော ဆေးဝါးများ သူ့ထံမှလာဟု ထိုင်းအစိုးရပြော၊
ဆုငွေ တစ်သန်း (ဒေါ်လာ သုံးသောင်းကျော်)
ဤ ၃ ဦးအပါအ၀င် အလိုအရှိဆုံး လူ ၂၅ ဦးအတွက် ထိုင်းအစိုးရက ဆုချမည့် ငွေပမာဏမှာ ဘတ် ၁၂ သန်း (ဒေါ်လာ ၄ သိန်း) ဖြစ်၏။
ဤ ၂၅ ဦးသည် ထိုင်းအစိုးရ မူးယစ်တိုက်ဖျက်နှိမ်နင်းရေးအဖွဲ့စာရင်းတွင် ရှိသော မူးယစ်ကုန်ကူးသူ ခြောက်သောင်းကျော်ထဲမှ ထိပ်တန်းတွင် ပါဝင်သည်ဟု သိရသည်။
ဖမ်းဆီးနိုင်ရေး သတင်းပေးရုံမျှဖြင့် ထိုဆုငွေ ပေးမည်ဟု ဆိုသည်။
ဆုငွေအား သတင်းပေးသူက ၆၀% ရမည် ဖြစ်ပြီး ဖမ်းဆီးသည့် အရာရှိ/၀န်ထမ်းက ၄၀% ရမည်ဟု MCOT သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

0 ကွန်မန့်ရေးရန်:

Post a Comment