Wednesday, April 25, 2012

မိဘကျေးဇူး ဆပ်ကြစို့

မာတာပိတု ဂုဏောအနန္တော မိဘတို့ရဲ့ဂုဏ်ကျေးဇူးဟာ မရေတွက်အောင်များပြားလှတယ်တဲ့။ မိခင်ဖခင်တို့ကို ဗြဟ္မာကြီးတွေဟု သတ်မှတ်ထားပါတယ်။ဘာလို့လဲဆိုတော့ ဗြဟ္မာတွေက မေတ္တာဈာန် ကရုဏာဈာန်၊မုဒိတာဈာန်၊ဥပေက္ခာဈာန်များပွားကြသလို မိဘများကလည်း သားသမီးတွေအပေါ် အချိန် အားလျော်စွာ မေတ္တာပို့ပေးကြတယ်။(ချစ်သားချစ်သမီးများ ကျန်းမာချမ်းသာကြပါစေ စသည်ဖြင့်ပေါ့) မေတ္တာများအစဉ်ပို့ကြတာပါ။ထို့အတူ သနားခြင်း ကရုဏာတရား၊သားသမီးများချမ်းသာကြွယ်ဝ အဆင်ပြေတာကိုမြင်ရပြန်တော့ ဝမ်းမြောက်ခြင်းမုဒိတာတရား၊သနားကြင်နာမှု နဲ့ ဝမ်းမြောက်မှုတို့ရဲ့ အလယ်အလတ် ဥပေက္ခာတရားများကိုလည်း အစဉ်ပို့သပေးတာ မိဘပါ။ဒါကြောင့် ဗြဟ္မာကြီးများ ဗြဟ္မစိုရ်တရားလေးပါးကိုအစဉ်ပွားများကြသလို မိဘများကလည်းသားသမီးများအပေါ် ဗြဟ္မစိုရ်တရားလေး ပါး အစဉ်ပွားပေးနေတာဖြစ်တဲ့အတွက် မြတ်စွာဘုရားရှင်က မိဘတွေဟာဗြဟ္မာတွေနဲ့ တူတယ်လို့ ဟောတော်မူခဲ့တာပါ။

နောက်တစ်ခုက မိဘနှစ်ပါးဟာ သားသမီးများအတွက် လက်ဦးဆရာဖြစ်တယ်လို့ဟောတော်မူပါတယ်။ ဘာလို့လဲဆိုတော့ သားသမီးတွေ ကျောင်းမနေခင် ဆရာများရဲ့ဆိုဆုံးမမှုကိုမရသေးခင်မှာ မိဘနှစ်ပါးက ဒီလိုနေရမယ်။ဒီလိုသွား၊ဒီလိုစားစသည်ဖြင့် ပြောတတ်၊နေတတ် ထိုင်တတ် ဆက်ဆံတတ်အောင်ဆုံးမခဲ့ တာပါ။သင်ပြပေးခဲ့တာပါ။ဘယ်အရာမှမလိုအောင် လူတစ်လုံး သူတစ်လုံးအဖြစ်နဲ့ လောကအလည် လူပုံ အလည်မှာ တင့်တယ်အောင်ပြောပြဆုံးမခဲ့တာပါ။ဒါကြောင့် သားသမီးများရဲ့ လက်ဦးဆရာအစစ်က မိဘ နှစ်ပါးဖြစ်တယ်လို့မြတ်စွာဘုရားကဟောတော်မူခဲ့တာပါ။

နောက်ပြီး မိဘများအနေနဲ့ သားသမီးများကို ငယ်စဉ်ကပင် ပညာသင်ပေးခြင်း ၊ ကျွေးမွေးစောင့်ရှောက်ပေး ခြင်း၊အဝတ်အစားဆင်ယင်ပေးခြင်း ၊နို့ချိုတိုက်ကျွေးပေးခြင်း၊သားသမီးများရဲ့ ကျင်ကြီး ကျင်ငယ်မကျန် ရွံရှာ ခြင်းမရှိ၊ငြူစူခြင်းမရှိ စေတနာ၊မေတ္တာ၊ ကရုဏာ တရားတွေနဲ့အစဉ်စောင့်ရှောက်ပေးခဲ့ပါသေးတယ်။နေပူ မရှောင် မိုးရွာမရှောင် ရှာဖွေကျွေးမွေးပြီး မိမိမဝတ်ရ မစားရရင်နေပါစေ။သားသမီးများ စားရ၊ဝတ်ရ မပူမပင် မကြောင်းမကျရလေအောင်ရှာဖွေကျွေးမွေးခဲ့တာမိဘပါ။သားသမီးများ မမွေးမီတည်းက မေတ္တာတရား၊ ကရုဏာတရား၊စေတနာတွေပေးခဲ့တာလည်းမိဘဖြစ်ပါတယ်။ဒါကိုအစဉ်သဖြင့်စောင့်ရှောက်ပေးတယ်လို့ စာပေမှာလာပါတယ်။ သားသမီးများရဲ့ စားဝတ် နေရေး ပညာရေးပါမကျန်ရလေအောင်ရှာဖွေကျွေးမွေး နို့ချို တိုက်ကျွေးခဲ့တဲ့ကျေးဇူးတရားတွေကြောင့် သားသမီများက ပြန်လည် ကျွေးမွေးခြင်းကိုခံယူထိုက်တဲ့ အာဟု နေယျ ဂုဏ်နဲ့လည်းပြည့်စုံပါတယ်။မိဘများရဲ့ ကျေးဇူးတရားက ရေးပြရင်တောင် ကုန်ဖွယ်ရာမရှိပါ။ နှိုင်းယှဉ် ပြစရာလည်း တန်းတူ တူတဲ့အရာမရှိပါဘူး။ဒါကြောင့် မာတာပိတု ဂုဏောအနန္တောလို့ဆိုတာပါ။

ရှစ်သောင်းလေးထောင် အမြင့်ရှိတဲ့ မြင့်မိုရ်တောင်ကြီးပင် မိဘကျေးဇူး၊မိဘမေတ္တာနဲ့နှိုင်းယှဉ်ကြည့်လိုက် မယ်ဆိုရင် နွားငယ်သေးသေးလေးတစ်ကောင်၏ ဦးချိုလောက်ပင်ရှိပါတယ်။မဟာသမုဒ္ဒရာထဲမှရေတွေ ဘယ်လောက်ပင်များသော်လည်း မိဘကျေးဇူး မိဘမေတ္တာနှင့်နှိုင်းယှဉ်လိုက်မည်ဆိုပါက မိုးရေပေါက် တစ်ပေါက်မျှသာရှိပါတယ်။နှစ်သိန်းလေးသောင်း အထုရှိတဲ့ မဟာပထဝီမြေကြီးသည်လည်း မိဘကျေးဇူး မိဘမေတ္တာနဲ့နှိုင်းယှဉ်လိုက်မည်ဆိုပါက ဝါးရွက်မျှလောက်ပဲရှိပါတယ်။
(ဆောင်)မြင့်မိုရ်တောင်ပမာ ကြီးကျယ်ပါလည်း ၊မာတာပိတ ဂုဏ်နှင့်ဆသော် နွားချိုမျှသာ ရှိတော့သည်။ မဟာသမုဒ္ဒရာ ကြီးကျယ်ပါလည်း မာတာပိတ ဂုဏ်နှင့်ဆသော် ရေပွက်မျှသာရှိတော့သည်။  မြေပထဗျာကြီးကျယ်ပါလည်း မာတာပိတ ဂုဏ်နှင့်ဆသော် ဝါးရွက်မျှသာရှိတော့သည်။


၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်။
၂။ငယ်စဉ်ကတည်းကဒီလိုစား၊ဒီလိုသွား၊ဒီလိုနေဟူ၍သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။

မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

ထိုမျှမက တုနှိုင်းမရတဲ့ မိဘကျေးဇူး၊မိဘမေတ္တာ၊မိဘဂုဏ်များကို သားသမီးများဖြစ်ကြတဲ့ ပုဂ္ဂိုလ်များအနေနဲ့ မိဘကျေးဇူး၊မိဘမေတ္တာကို နားလည်သင့်ပါပြီ။နားလည်သည့်အားလျော်စွာ သားသမီးများအလှည့်ကို ရောက်လာကြပြီဆိုလျှင် မငြို၊မငြင်ဘဲ ပြုစုစောင့်ရှောက်သင့်ပါတယ်။ကျေးဇူးတရားတွေကို ဆပ်နိုင် သလောက်ဆပ်သင့်ပါတယ်။မိဘများသက်ရှိထင်ရှားရှိစဉ်မှာလည်း မိမိတာဝန် ကျေပွန်အောင်ပြုစု လုပ်ကျွေး ပူဇော်ကြမယ်ဆိုရင် မြင့်မြတ်တဲ့ ဗြဟ္မာကြီးများကိုပြုစုလုပ်ကျွေးရသလို ပညာတတ် အသိပညာ ရှင်ဆရားကြီးတွေကို ပူဇော်ရသလို အကျိုးထူး အကျိုးမြတ်များခံစားရမှာပါ။မိဘများအသက်ထင်ရှား မရှိရင်လည်း မိဘကျေးဇူး အထူးသိတတ် ပေးဆပ်ချင်ပါတယ်ဆိုရင် မိဘများကို ပူဇော်ချင်ပါတယ်ဆိုရင် မိဘဂုဏ်ကျေးဇူး အာရုံပြု သံဃာတော်များဆွမ်းကပ် ကောင်းမှုပြု အမျှပေးဝေလိုက်မယ်ဆိုရင်လည်း ကျေးဇူးဆပ်ရာရောက်ပါတယ် ဆိုတဲ့အကြောင်းကို အသိပေးရေးသားလိုက်ရပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com/
ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာနိုင်ပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment