Saturday, December 1, 2012

လက်ပံတောင်းတောင် ပဋိပက္ခအပေါ် ရန်ကုန်က တရုပ်သံရုံးရဲ့အမြင်


လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုပ်သံရုံးက နိုဝင်ဘာ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်ချက်တရပ် ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ ထို သတင်းထုတ်ပြန်ချက်တွင် မုံရွာ ကြေးနီစီမံကိန်းဟာ တရုပ် မြန်မာ နှစ်နိုင်ငံ ကုမ္ပဏီများ အချင်းချင်း အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်း ဖြစ်ကြောင်း အစချီ ဖော်ပြထားပါတယ်။ ထို့အပြင် ထို စီမံကိန်းနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းမှု လျှော်ကြေးငွေ၊ ပတ်ဝန်းကျင် ကာကွယ်ရေးနဲ့ အကျိုးဝင်ငွေ ခွဲခြားရေးများကို နှစ်ဦးနှစ်ဘက် ဆွေးနွေး သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဥပဒေများနဲ့ ကိုက်ညီကြောင်း၊ မြန်မာနိုင်ငံက သက်ဆိုင်သူများအနေနဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေများကို လေစားမှုအား အခြေခံကာ စီမံကိန်း အဆင်ပြေစွာ အကောင်အထည် ဖော်နိုင်ရန် အကျိုးရှိတဲ့ အခြေအနေ တည်ဆောက်ပေးရန် မေတ္တာရပ်ခံကြောင်း ရေးသားထားပါတယ်။ ထို ကြေငြာချက်နဲ့ ပတ်သက်ပြီး ယနေ့မြန်မာက မြန်မာနိုင်ငံဆိုင်ရာ တရုပ်သံရုံး ပြောခွင့်ရှိသူ Mr. Gao Mingbo ကို ဆက်သွယ် မေးမြန်းခဲ့ရာ “နှစ်ဦးနှစ်ဘက် အကျိုးစီးပွားကို လေးစားရန် သံရုံးအနေနဲ့ ကြေငြာချက် ထုတ်ပြန်ထားကြောင်း၊ ဒေသဆိုင်ရာပုဂ္ဂိုလ်များထံ လွန်ခဲ့တဲ့အပတ်အတွင်းက တယ်လီဖုန်းဆက်သွယ်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း“ စတင် ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် မြန်မာရဲတပ်ဖွဲ့က ဆန္ဒပြသူများအပေါ် အင်အားသုံး နှိမ်နင်းခြင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာ “ဒီကိစ္စဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသာ ဖြစ်ကြောင်း၊ ဒေသဆိုင်ရာပုဂ္ဂိုလ်များနဲ့ ကုမ္ပဏီဘက်က တာဝန်ရှိသူများနဲ့ တွေ့ဆုံ ဆွေးနွေးမှုခြင်းနဲ့ အဖြေရှာဖို့ ကြိုးစားနေကြောင်း“ ဖြေကြားခဲ့ပါတယ်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ကြားဝင် ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ကြိုဆိုပါကြောင်း ပြောကြားလိုက်ပါတယ်။ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နဲ့ အကျိုးတူ စီးပွားရေး လုပ်ကိုင်နေတဲ့ ၀မ်ပေါင်ကုမ္ပဏီ (Wanbao Mining Limited) ဟာ တရုပ်အစိုးရပိုင် နိုရင်ကို (China North Industries Corporation (NORINCO)) ကုမ္ပဏီရဲ့ ကုမ္ပဏီခွဲတခုဖြစ်ကြောင်း အချို့သတင်းရပ်ကွက်များက ပြောကြားကြပါတယ်။ တရုပ်အစိုးရပိုင် နိုရင်ကိုကုမ္ပဏီဟာ မော်တော်ဆိုင်ကယ်ကနေ လက်နက်ငယ်များ၊ အဆင့်မြင့် စစ်သုံး လက်နက်များ၊ လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်၊ အဆင့်မြင့် ဖောက်ခွဲရေးစနစ်များ ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ကြောင်း သိရပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ တရုပ်အစိုးရ ကုမ္ပဏီကြီးတခုနဲ့ ပတ်သက်နေတဲ့အတွက် မြန်မာအာဏာပိုင်များအနေနဲ့ ဆန္ဒပြသူများကို အင်အားသုံးကာ အကြမ်းဖက် နှိမ်နင်းခြင်းများ ဖြစ်နေမလားဆိုတဲ့ စဉ်းစားမှုများနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ တရုပ်သံရုံး ပြောခွင့်ရှိသူ Mr. Gao Mingbo က “ဘယ်လိုလုပ်များ အဲဒီလိုသတင်းမျိုး ခင်ဗျားရသလဲဆိုတာ မပြောတတ်ပါဘူး။ အဲဒီလို ဖန်တီး ပြောဆိုတာတွေကတော့ ဖြစ်တတ်တာပဲ။ မီဒီယာအနေနဲ့ ဒီလို သတင်းတွေနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ သိနိုင်ဖို့ ကြိုတင် သတိပြုမှုတွေ ရှိရမှာပဲ မဟုတ်လား ဗျာ။“ လို့ ရှင်းပြပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment