Saturday, December 1, 2012

ယနေ့ နေ့လည် ၂နာရီတွင် ကျင်းပသည့် မုံရွာရဲများ၏ သပိတ်စခန်း ဖြိုခွင်းမှုနှင့် ပတ်သက်သော သြ၀ါဒခံယူပွဲကို မုံရွာမြို့ ရွှေစည်းခုံစေတီတွင် ကျင်းပခဲ့

ယနေ့ နေ့လည် ၂နာရီတွင် ကျင်းပသည့် မုံရွာရဲများ၏ သပိတ်စခန်း ဖြိုခွင်းမှုနှင့် ပတ်သက်သော သြ၀ါဒခံယူပွဲကို မုံရွာမြို့ ရွှေစည်းခုံစေတီတွင် ကျင်းပခဲ့သည်။

မုံရွာမြို့ ကျောင်းတိုက် ၁၀ခုမှ ဆရာတော် ၁၀ပါး ကြွရောက်ခဲ့သည်။ ရဲအင်အား ၁၀၀ကျော် တက်ရောက်ခဲ့ပြီး လာရောက်ကြည့်ရှုသော လူပရိသတ် ၅၀ကျော်ခဲ့သည်။

ယင်းပွဲသို့ စစ်ကိုင်းတိုင်း ရဲမင်းကြီး ဦးစန်းယုတက်ရောက်ပြီး ဆရာတော်အရှင်သူမြတ်များကို မုံရွာသပိတ်စခန်းအရေးနှင့် ပတ်သက်ပြီး လျှောက်ထားခဲ့သည်။

ယင်းလျှောက်ထားချက်မှာ...

မုံရွာမြို့တွင် 29ရက်နေ့ သပိတ်စခန်းများကို လူစုခွဲရာတွင် အနည်းဆုံး အင်အားနှင့် ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများကိုသာ အသုံးပြုဆောင်ရွက်ခဲ့ပါသည်။ မထင်မှတ်ဘဲ သံဃာတော်များ ထိခိုက်နစ်နာဒဏ်ရာရရှိခဲ့သည့်အတွက် အလွန်ပင် စိတ်မကောင်း ၀မ်းနည်းရပါသည်။ တာဝန်အရ ဆောင်ရွက်ခြင်း ဖြစ်ပြီး သံဃာတော်များကို နစ်နာစေရန် ရည်ရွယ်ခြင်း မဟုတ်ပါ။ ထိခိုက်နစ်နာခဲ့သည့်အတွက် စိတ်နှလုံး မသာမယာဖြစ်ကြရပါသည်။ မေတ္တာတရား ရှေ့ထားပြီး ခွင့်လွှတ်ပေးပါရန် လျှောက်ထားအပ်ပါသည်....

ထို့နောက် အုတ်ကန်ကျောင်းဆရာတော် ဦးနန္တေဘာသမှ ဆရာ တပည့် လက်တွဲပြီး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကျေအေးလျှင် ကောင်းပါကြောင်း မိန့်ကြားခဲ့သည်။

ယင်းနောက် ရဲမင်းကြီးမှ ကြွရောက်လာသော ဆရာတော် သံဃာများကို ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဒဏ်ရာရရှိသော သံဃာတော်များကိုလည်း သြ၀ါဒ ဆရာတော်များထံမှ တစ်ဆင့် ပစ္စည်းများ ဆက်ကပ်ခဲ့သည်။

ယနေ့လုပ်ဆောင်ခဲ့သည့် သံဃာတော်များကို တောင်းပန်ပွဲ မှသည် သြ၀ါဒခံယူပွဲအဖြစ်သို့ ပြောင်းလဲသွားသည့်အတွက် မုံရွာဒေသခံများနှင့် တခြားသော ရဟန်းများက ကျေနပ်မှုမရှိကြောင်း သတင်းရရှိသည်။

ဧရာဝတီ

0 ကွန်မန့်ရေးရန်:

Post a Comment