Friday, August 24, 2012

တရုတ်ကျေးလက်နေပြည်သူများ၏ ဝင်ငွေမညီမျှမှု အန္တရာယ်အဆင့်နီးပါးသိုရောက်ရှိ

The Voice Weekly:
(နိုင်ငံတကာသတင်း)


ဘေဂျင်း၊ သြဂုတ် - ၂၃
ကမ္ဘာ့စီးပွားရေးဒုတိယအကြီးဆုံးနိုင်ငံဖြစ်လာသည့် တရုတ်နိုင်ငံတွင်ကျေးလက်နေပြည်သူများ၏ ဝင်ငွေမညီမျှမှုမှာ အန္တရာယ်ရှိသောအဆင့်နီးပါးသို့ရောက်ရှိလာကြောင်း CNA သတင်းတွင်ဖော်ပြထားသည်။
တရုတ်ကျေးလက်ဒေသတွင် နေထိုင်သူ လူသန်းပေါင်းများစွာသည်လယ်ယာလုပ်ငန်းကိုစွန့်လွှတ်ပြီး ဝင်ငွေပိုရသောမြို့ပြသို့တက်ရောက်၍ အလုပ်လုပ်ကိုင်လျက်ရှိရာ ကျေးလက်နေလယ်ယာလုပ်သူနှင့်မြို့တက်အလုပ်လုပ်သူတို့၏ဝင်ငွေမှာ အလွန်ကွာခြားလျက်ရှိသည်ဟု တရုတ်ကျေးလက်လေ့လာရေးစင်တာကပြောကြားသည်။
တရုတ်တွင်မြို့တက်၍အလုပ်လုပ်ကိုင်သူများ၏ ဝင်ငွေသည်ကျေးလက်နေလယ်ယာလုပ်သူတို့၏ဝင်ငွေထက် ၂ ဆခန့်ပိုမိုရရှိလျက်ရှိသည်။
ဝင်ငွေခွဲဝေမှုအခြေအနေကိုတိုင်းတာသော ဂိနီညွှန်ကိန်း(Gini Coefficient)အရ  ယမန်နှစ်က တရုတ်ကျေးလက်နေလူများ ဝင်ငွေခွဲဝေမှုမှာ ၀ ဒသမ ၃၉၄၉ ရှိရာ အန္တရာယ်ပေးနိုင်သောအခြေအနေဖြစ်သည့် ၀ ဒဿမ ၄ နီးပါးသို့ရောက်ရှိနေပြီဖြစ်သည်
ဂီနီညွှန်ကိန်းအရ ဝင်ငွေခွဲဝေမှုမညီမျှမှုကိုတွက်ချက်ရာတွင် သုည အမှတ်တွင်ရှိပါက ဝင်ငွေခွဲဝေမှုအပြည့်အဝ ညီမျှသည်ဟုသတ်မှတ်ပြီး၊ ၁ အမှတ်တွင်ရှိပါက ဝင်ငွေခွဲဝေမှုအပြည့်အဝ ညီမျှမှုမရှိဟု သတ်မှတ်သည်။
ယခုကဲ့သို့လူများ၏ ဝင်ငွေရရှိမှု အကြီးအကျယ်ကွာဟနေခြင်းတို့ကြောင့် လူထုမကျေနပ်မှု၊မတည်ငြိမ်မှုကိုဖြစ်စေနိုင်ရာ တရုတ်အစိုးရအတွက်စိုးရိမ်ဖွယ်ရာဖြစ်သည်။
တရုတ်တွင်ဝင်ငွေခွဲဝေမှုကွာဟချက်ကြီးမားနေခြင်းကိုစိုးရိမ်သောကြောင့်
တရုတ်အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဂိနီညွှန်ကိန်းကိုမထုတ်ပြန်ခဲ့သည်မှာ ၁၀ နှစ်ကျော်ရှိသွားခဲ့ပြီဖြစ်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment