Wednesday, August 15, 2012

ကျောက်စိမ်းကယ်ရီသယ်လာသည့် ယာဉ်ထိန်းရဲအရာရှိ အဖမ်း ခံရ


သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ယာဉ်ထိန်းရဲအရာရှိ ဒုရဲအုပ် ကျော်စိုးအောင်နှင့် ၄င်း၏ တပည့်နှစ် ဦးတို့သည် ကျောက်စိမ်းများ တရားမဝင်(ကယ်ရီ)သယ်ယူလာစဉ် ယခုလ ၁၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရကြောင်း စုံစမ်း သိရသည်။

မန္တလေးမှ မူစယ်မြို့သို့ ကားဖြင့် ကျောက်စိမ်းများ တရားမဝင် သယ်ယူလာခြင်း ဖြစ်ပြီး မန္တလေးမြို့ အနီးရှိ ၁၆ မိုင်ဂိတ် အလွန် အုန်းချော ရွာ တွင် ကျောက်စိမ်းပိဿချိန် ၁၀၀၀ ခန့်နှင့်အတူ အဖမ်းခံခဲ့ရကြောင်း မူစယ်မြို့ခံ ကျောက်ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြော သည်။

“မူစယ်မြို့က ယာဉ်ထိန်းရဲအရာရှိ ဒုရဲအုပ်ကျော်စိုးအောင် ပေါ့နော်။ သူ့တပည့် တပ်ကြပ်နှစ်ဦးနဲ့အတူ အဖမ်းခံလိုက်ရတယ်။သူတို့က ကျောက် စိမ်းသယ်လာတာပေါ့။ ကိုယ်ပိုင်တော့မဟုတ်ဘူး။ သူများပစ္စည်း ကယ်ရီသယ်လာတာ ကားတစ်စီးအပြည့်ပေါ့။ အချိန်က တစ်တန် ခွဲလောက် ရှိမယ်။ ပိဿာချိန်က ၁၀၀၀ ၀န်းကျင်လောက်ရှိတယ်” ဟု သူကဆို သည်။

ဖမ်းဆီးမိသည့် ကျောက်စိမ်းများ၏ ကာလ တန်ဖိုးမှာ ကျပ်သိန်းထောင်ချီရှိနိုင်ပြီး အကယ်၍ အဆိုပါ ကျောက်စိမ်းများ မူစယ်မြို့သို့ ရောက် ရှိ လာပါက မူစယ်မှ တဆင့် တရုတ်နိုင်ငံဘက်ခြမ်း ရွေလီဘက်သို့ သယ်ယူဖွယ်ရှိကြောင်း သူက ခန့်မှန်း ပြောဆိုသည်။

လက်ရှိ တရုတ်နိုင်ငံဘက်ခြမ်း ရွှေလီကျောက်ဈေးကွက်တွင် အရောင်းအဝယ်များထိုင်းမှိုင်းနေပြီးကျောက်ဈေးများလည်းကျဆင်းနေ ကြောင်း ကျောက်ကုန်သည်များ အဆိုအရ သိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment