Thursday, June 21, 2012

ကချင်ပြည်နယ်က ပုဒ်မ-၁၇(၁)အမှုများအား ပြန်လွှတ်ပေးမည်



ကချင်ပြည်နယ်တွင် မတရားအသင်းနှင့်ပတ်သက်ဆက်နွယ်သောအမှု(ပုဒ်မ-၁၇(၁)) အမှုဖြင့် ဖမ်းဆီးခံရ သူများမှ သက်သေအထောက် အထားမခိုင်လုံသူများအား လွှတ်ပေးရန် ပြည်ထောင်စု မီးရထားဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးတွေ့ဆုံပွဲတွင် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

ပုဒ်မ-၁၇(၁) အမှုအား နောက်ထပ်ဖမ်းဆီးမှုမပြုရန်လည်း ဝန်ကြီးဦးအောင်မင်းက ပြောကြာခဲ့သေးသည်။

ဇွန်လ (၂၀)ရက်နေ့တွင်ပြည်ထောင်စုမီးရထားဝန်ကြီးဦးအောင်မင်းဦးဆောင်သောပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်သည့်အဖွဲ့နှင့်   ကေအိုင်အို ကိုယ်စားလှယ်များ မိုင်ဂျာယန်၌ တွေ့ဆုံခဲ့ရာတွင် ပုဒ်မ ၁၇(၁)အမှုဖြင့် ဖမ်းဆီးထားသူများအား အထောက် အထားအတိအကျမရှိသူများကို လွှတ်ပေးရန် ညွှန်ကြား လိုက်ခြင်း ဖြစ်သည်။

“အထောက်အထား အတိအကျ မရှိသေးတဲ့ဟာတွေကို အကုန်ဖြုတ်ပေးရမယ်။ အထောက်အထားအတိအကျရှိတဲ့ လူတွေကိုတော့   နောင်အလျင်းသင့်တဲ့အချိန် အကုန်ပြန်လွှတ်ပေးရမယ်။ တရားရုံးကိုတင်ထား တဲ့အမှုတွေတော့ နည်းနည်းစောင့်ရမယ်။ ရဲစခန်းမှာ ရှိတဲ့သူတွေက အားလုံးလွတ်စေရမယ်။”ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင် ဦးအင်ရှန်ဆန်အောင်က ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့် ပတ်သက်ဆက်နွယ်နေသည်ဟု ယူဆရသူများအား ပုဒ်မ ၁၇(၁) အမှုဖြင့် မသင်္ကာသူ များအား စစ်တပ်ကဖဖ်းဆီး၍ သက်ဆိုင်ရာရဲစခန်းသို့ ဖမ်းဆီးပို့ဆောင်ထားခြင်း ဖြစ်သည်။

ကချင်ပြည်နယ် တရားရုံးတွင်စွဲချက်တင်ထားသည့် ပုဒ်မ ၁၇(၁) အမှု စုစုပေါင်း(၂၉ )မှုတိတိ ရှိနေပြီး စွဲချက် မတင်သေးသော(ရမန်) အမှုမှာ (၂၀) ကျော်ရှိနေကြောင်း မြစ်ကြီးနား တရားရုံးမှ သိရသည်။

ကေအိုင်အိုနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကို ဦးဆောင်သူ ဦးအောင်မင်းနှင့် တွေ့ဆုံရာတွင်  ကေအိုင်အိုဘက်က အစိုးရတပ်ပေါင်း (၆၁) တပ်အား ရုတ်သိမ်းပေးရန် တောင်းဆိုထားချက်များကို ကာကွယ်ရေးဦးစီးချုပ်မှ အချို့အား သဘောတူပြီး အချို့ကို ပြန်လည်ညှိနှိုင်းကာ အပေးအယူလုပ်ဆောင် သွားမည်ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်သူများထံက သိရသည်။

နောက်တစ်ကြိမ် တွေ့ဆုံချိန်တွင်မူ အစိုးရဘက်က ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ကိုယ်တိုင် ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

ဂျာတော့(ပ်) (မြစ်မခ)
by Myit Makha Mediagroup

0 ကွန်မန့်ရေးရန်:

Post a Comment