Thursday, June 21, 2012

ပြစ်မှုမဂ္ဂဇင်းတာဝန်ခံအယ်ဒီတာနှင့် ၀တ္ထုရေးသူအား တောင်ငူမြို့၊ တော်ဝင်ဆေးရုံပိုင်ရှင် ဒေါက်တာဦးဘဆွေမှ တရားစွဲဆိုမည်


၂၀၁၂ခုနှစ်၊ ဇူလိုင်လထုတ် ပြစ်မှုမဂ္ဂဇင်းအမှတ်(၂၀၂) စာမျက်နှာ ၁၄၅ပါ ၀တ္ထုရေးသူ ဇော်ချစ်နှင့် မဂ္ဂဇင်းတာဝန်ခံတို့အား မိမိ၏ကိုယ်ရေးကိုယ်တာကိစ္စရပ်များကို ထည့်သွင်း၍ ပုဂ္ဂိုလ်ရေးထိခိုက်နစ်နာမှုများ အတွက် တောင်ငူမြို့၊ နံပါတ်(၁)လမ်း၊ တော်ဝင်ဆေးရုံပိုင်ရှင် ဒေါက်တာဦးဘဆွေမှ တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မြန်မာပိုစ့်ဂျာနယ်သို့ ပြောကြားသည်။

“အဓိကပြောချင်တာက ဒီစာဟာဝတ္ထုဆိုရင် ပါစင်နယ်အမည်တွေ ထည့်ရေးစရာမလိုဘူး။ သတင်းဆိုရင်လည်း သတင်းအမှန်အတိုင်းပဲ ဖြစ်သင့်တယ်။ သတင်းရေးမယ်ဆို သတင်းသမား တစ်ယောက်က လူမှုရေးကို ပြန်ကြည့်သင့်တယ်။ အခုဟာက တရားလိုနှင့် တရားခံလည်း ကျေအေးပြီး ပြီ။ ဒီဝတ္ထုက ပြည်သူ့ဝန်ထမ်းတွေရဲ့ အချိန်နှင့်တပြေးညီအလုပ်လုပ်နေတယ်လို့ တင်ပြချင်တယ် ဆိုရင် သူတို့တွေရဲ့ အမည်ကို အမှန်အတိုင်းထည့်ရေးပါလား။ သူတို့အမည်တော့ လွှဲရေးပြီးတရားလိုနှင့် တရားခံအမည်တွေကိုတော့ အမှန်အတိုင်း ထည့်ရေးရုံမက နေရပ်လိပ်စာနဲ့ လုပ်ငန်းတွေပါ ထည့်တယ်။ ဒါဟာ တရားလိုကိုစော်ကားတယ်လို့ ယူဆတယ်။ နာမည်တိုက်ဆိုင်တယ်ဆိုရင် မပြောလိုဘူး။ နောက်တစ်ခုက မိသားစုကိစ္စ၊ ကျွန်တော့သမီးက ၅နှစ်၊ ဒီနှစ်ကျောင်းစတက်ပြီ။ ၀တ္ထုထဲမှာ ကျွန်တော့်သမီးက ဆေး ၂မှာ တက်နေပြီလို့ထည့်ရေးတယ်။ ကျွန်တော်ကပဲ ဒီဇနီးနဲ့သမီးအပြင် နောက်ထပ်တစ်ဦးနဲ့ တက္ကသိုလ် ကျောင်းသူအရွယ်သမီးတစ်ယောက်ရှိခဲ့ဖူးသလို ဖြစ်နေ တယ်။ ဒီမဂ္ဂဇင်းကိုလည်း သူများလာပြမှ သိရတယ်။ အခုဆိုရင် ဒီပြဿနာနဲ့ပတ်သက်ပြီး ဖုန်းပဲထိုင် ဖြေနေရတယ်။ အခု ကျွန်တော့်ရှေ့နေနဲ့တိုင်ပင်နေပြီ။ ဒီကိစ္စကို ထိထိရောက်ရောက် တုံ့ပြန်ဖြေရှင်းမယ်” ဟုယင်းမှ ဆက်လက်ပြောကြားသည်။
အဆိုပါ ၃၇နာရီ အိပ်မက်ဝတ္ထုတိုတွင် တောင်ငူမြို့ပေါ်တွင် ၂၀၁၁ခုနှစ် …….နေ့တွင် ဖြစ်ပွားခဲ့သော ဒေါက်တာဘဆွေပိုင်တော်ဝင်ဆေးခန်းကပ်လျက် လူနေအိပ်ခန်းအတွင်းတွင် ဘီဒိုဖြင့်သိမ်းဆည်းထားသော စိန်လည်ဆွဲ၊ စိန်လက်ကောက်နှင့် စိန်နားကပ်တစ်ရံအပြင် ကွန်ပျူတာလက်တော့တစ်လုံးခိုးယူခံရမှုဖြစ်စဉ်အား အမည်၊ လိပ်စာ၊ လုပ်ငန်းနှင့် တရားခံလူငယ်တို့ ၏အမည်များကို ထည့်သွင်းအသုံးပြု၍ ရေးဖွဲ့ရာတွင် ခွင့်ပြုချက်မတောင်းခံရုံမျှမက ဒေါက်တာဘဆွေ၏ ဂုဏ်သိက္ခာကျဆင်းစေသော စကားလုံးအသုံးအနှုန်းများဖြင့် ထည့်သွင်းရေး သားထားခြင်းကြောင့် တရားဥပဒေအရ တရားစွဲဆိုရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်းသိရသည်။

ဇေယျာကို(တောင်ငူ)
The Myanmar Post News Journal

0 ကွန်မန့်ရေးရန်:

Post a Comment